စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁း၃၀ နာရီမှ ၂း၀၀ နာရီကျော်အထိစစ်တပ်ရဲ့ စကခ (၂၁) လက်အောက်ခံ ဗန်းမော် (မန်မော်) အခြေစိုက် ခလရ (၄၇) နှင့် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့ခံများက သတင်းပေးပို့လာပါတယ်။ စစ်တပ်ရဲ့ (၄၇) မှ အင်အား (၁၀၀) ကျော်သည် မန်ဂျေမုဒ်လုမ် (ManjeMuklum) နယ်မြေသို့ ဝင်ရောက်လာချိန်မှာ K.I.A တပ်ရင်း (၁) တို့က မန်ဂျေမုဒ်လုမ် အနီး ရွာသစ်ကုန်းတဝိုက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂) ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
တဆက်တည်းမှာပင် စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁း၃၀ နာရီဝန်းကျင်တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား လိုင်ဇာကားလမ်း နမ်ဆန်ယာန်ကျေးရွာအနီး ခါလာ(Hkala) တောင်ကုန်းမှာ စစ်တပ်ရဲ့စကခ (၂၁) လက်အောက်ခံ လိုင်ဇာဗန်မော် ကားလမ်း နုမ်လာန်အခြေစိုက် ခမရ (၄၃၈) နှင့် K.I.A တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားပြီး တိုက်ပွဲပြင်းထန်ကြောင်း နီးစပ်သူများမှ သတင်းစုံစမ်းသိရှိရပါတယ်။ အခုချိန်မှာ နေရာအနံ့အပြားတွင် စစ်အစိုးရနှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိနေရပါတယ်။
ကချင်ပြည်နယ် နမ်ဆန်ယာန်တွင် တိုက်ပွဲဖြစ်
စက်တင်ဘာလ (၁၄) ရက် နေ့လည် ၁၂း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဖွဲ့နှင့် စစ်တပ် ခမရ (၄၃၈) တို့အကြားနမ်ဆန်ယာန် အနီးရှိခါလာ (Hka La) နှင့် ဇိုင်ဝါး (ဇီး) ကျေးရွာအကြားမှာဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ၎င်းကျေးရွာမှ သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိအခိုက် ရှိခဲ့ပေမယ့် အတိအကျကိုတော့ ဆက်လက်စုံစမ်းလျက်ရှိပါတယ်။









0 ယောက်က ဒီလို ထင်တယ်။:
Post a Comment