.
.
.

November 15, 2009

အိမ်ပြောင်းသွားခြင်း

လေးစားအပ်တဲ့ မိတ်ဆွေ သင်္ဂဟ ရဲဘော်ရဲဘက် အပေါင်းတို့ ခင်ဗျား-

ဒီကနေ့ မတ်လ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁) နာရီမှ စပြီး ကျွန်တော် ကိုဖိုးတရုတ်ရဲ့  စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှ ၀က်ဘ်ဆိုဒ် အဖြစ်သို့ ပြောင်းလဲ တင်ပြသွားမှာ ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။

ဝက်ဘ်ဆိုဒ် လိပ်စာကတော့ www.photayokeking.org ဖြစ်ပါတယ်။ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ စာမူ ဆောင်းပါးများ အပြင် အာဏာရှင်ကြီးများ၏ အတွင်းရေး၊ သင်္ခါရ တရားနဲ့ စစ်အာဏာရှင်များ၊ ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ၊ မဟာဗျူဟာ၊ နည်းဗျူဟာ ဆွေးနွေးခန်းများ အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာမှ သတင်းများကိုလည်း စုံစုံလင်လင် တင်ဆက်ပေးသွားမယ် ဆိုတာကို မင်္ဂလာ သတင်းကောင်းပါး တင်ပြအပ်ပါတယ်။





August 9, 2009

ရေတပ် အရာရှိတစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ – အပိုင်း (၉)



တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၉)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဆောင်းပါးရှင် မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ အပိုင်း(၉)ကို ဒီကနေ့ ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဆောင်းပါးရှင်ဟာ မြန်မာ့တပ်မတော် ရေတပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သောကြောင့် စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရကာ ထောင်တွင်း မှာပင် ကျဆုံးခဲ့ရသော မျိုးချစ်ပြည်သူ့တပ်မတော်သား တစ်ဦး ဖြစ်ပါတယ်။ ဆောင်းပါးရှင် အား ဂုဏ်ပြုသောအားဖြင့် ကိုယ်တွေ့ကြုံခဲ့ရပုံ တိုက်ရေယာဉ် ၁၀၃ ကို ဂုဏ်ပြု တင်ဆက် ပေးလိုက်ရပါတယ်။


ဆောင်းပါးရှင် - မောင်သော်က ( မြန်မာ့တပ်မတော် (ရေ) မှ ဗိုလ်မှူးတစ်ဦး )


ကျွန်တော်သည် ဒေါသဖြစ်လျက် ၀ိုင်ယာလက်စက်ကို ကျောခိုင်းကာ ပဲ့စင်ထက် ပြန်တက် လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ ဗိုလ်စောဦး”

“အခြေအနေက မကောင်းဘူး စီအို၊ နောက်ခံရင် နာရီဝက် တစ်နာရီလောက်ပဲ ခံမယ် ၊စီအို အက်စ်အိုအက်စ် ပို့နိုင်ခဲ့သေးလား”

ဗိုလ်စောဦးက မျှော်လင့်တကြီး မေးသည်။

“မေးမနေနဲ့ ဗိုလ်စောဦး ၊ အက်စ်အိုအက်စ်လဲ မပို့နိုင်ဘူး၊ ညကလဲ Message တစ်စောင်မှ မပို့နိုင်ခဲ့ဘူး၊ စက်ကလဲ ရှော့(တ) ဆာကတ်ဖြစ်လို့ ပျက်သွားပြီ၊ ရေစုပ်စက်ပန့် နှိုးလို့ရသလား”

“မရဘူး စီအို၊ လက်နဲ့စုပ်တဲ့ ချဲလင့်ပန့် (Challenge Pump) နဲ့ပဲ စက်ခန်းမှာ စုတ်ထုတ်နေရတယ်။ စက်ခန်းလဲ ရေတော်တော် ၀င်နေပြီလို့ သတင်းပို့လာတယ်”

သင်္ဘောဝမ်းခေါင်းအတွင်းမှ တောက်လျှောက် စီးဝင်သော ရေသည် သင်္ဘော၏ ပဲ့ဘက် စက်ခန်းတွင်းသို့ ၀င်ရောက်စ ပြုနေပြီဖြစ်သည်။ သင်္ဘောဦးမှာ လုံးဝ ပြန်မထောင်နိုင်တော့ဘဲ စိုက်နေပြီ။ ရာသီဥတုမှာ ကြည်လင်လာသည် ဖြစ်ခြင်းကြောင့် မော့(စ)ကော့(စ) ကျွန်းများကို မိုးကုပ်စက်ဝိုင်းတွင် ညို့မှိုင်းမှိုင်းအုပ်ဆိုင်းစွာ တွေ့ရသည်။ ၁၅ မိုင်၊ မိုင် ၂၀ မျှသာလျှင် ဝေး၏၊ ကျွန်တော့် သင်္ဘောသည် တောင်အစွန်ဆုံး မော့(စ)ကော့(စ) ကျွန်းကြီး၏ အနောက်ဘက်တည့်တည့် မိုင်၂၀ အကွာ၌ ဒုက္ခ တွေ့ကြုံနေရခြင်း ဖြစ်သည်။

“ဗိုလ်စောဦး ပဲ့ပိုင်း အမြောက်ကို ပစ်ဖောက်ဗျာ၊ နောက်ဘက်ကို ဗိုလ်သန်းလွင်ကို ကြည့်ခိုင်း (Distress Signal) အဖောက်ခိုင်း”

ပင်လယ်ပြင်တွင် သင်္ဘောများ အန္တရာယ် တွေ့ကြုံခဲ့သော် အကူအညီတောင်းခံသည့် နည်းလမ်းများအနက် ပေါက်ကွဲစေတတ်သည့် လက်နက်တစုံတရာကို အချက်မှန်မှန် ပစ်ဖောက်၍ အကူအညီတောင်းခံခြင်းမှာ နည်းလမ်းတစ်လမ်းဖြစ်သည်။ ကျွန်တော်တို့ ၀န်းကျင်တွင် သင်္ဘောတစ်စင်းမျှ မတွေ့ရသော်လည်း မိုးကုပ်စက်ဝိုင်း တဖက်မှ အသံကြားလိုကြားငြား သင်္ဘောတစ်စင်းတလေ ရှိလိုရှိငြား ပစ်ဖောက်ခိုင်းခြင်း ဖြစ်၏။ ခဏကြာသော် ပဲ့ဘက်ရှိ ၄၀ မမ ဘိုဖာ အမြောက်သံသည် မြည်ဟည်းလျက် ထွက်ပေါ်လာသည်။ ခဏကြာသော် “ထိုင်း၊ ထိုင်း၊ ထိုင်း၊ ထိုင်း” ဟူ၍ ချက်မှန်ညီစွာ ပစ်ဖောက်လျက် ရှိ၏။ ယမ်းထောင့်တစ်ကပ်ပြီး တစ်ကပ် ထည့်၍ ပစ်ဖောက်နေကြသည်။ ထိုအချိန်၌ သင်္ဘောဦးပိုင်းတွင် လူနေရန် မဆိုထား၊ သွား၍ပင် မရသည်ကြောင့် သင်္ဘောရှိ လူအားလုံးသည် ပဲ့စင်၏ နောက်ဘက် တ၀ိုက်နှင့် ပဲ့ဘက် အမြောက်စင် အနီးတွင်သာ တွယ်ကပ်ခိုကပ်နေကြရသည်။ လေမှာ အတန်ငြိမ်သွားပြီ ဖြစ်သော်လည်း လှိုင်းလုံးများမှာ တစ်လုံးပြီးတစ်လုံး အရှိန်မဟုန်ပြင်းစွာ ဆင့်ကဲ လာနေဆဲဖြစ်သည်။

“ဗိုလ်စောဦး၊ လူတွေအားလုံး အသက်ကယ် အင်္ကျီဝတ်ထားခိုင်းဗျာ၊ နောက်ပြီး (Abandon Ship) (သင်္ဘောစွန့်ခွာခြင်း) လုပ်ရရင် အသင့်ဖြစ်နေအောင် အသက် ကယ်ဖောင်တွေကို ဖွင့်ထားဗျာ”

ဗိုလ်စောဦးသည် အသက်ကယ် ဖောင်များ ဖွင့်ရန် ပဲ့စင်ထက်မှ ဆင်းသွားသည်။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် အသက်ကယ်လှေဟူ၍ မပါရှိချေ၊ သင်္ဘောမှာ သေးငယ်သည်ကြောင့် အသက်ကယ်လှေတင်ရန် နေရာမရှိသည့်အတွက် အသက်ကယ် လှေအစား ရော်ဘာဖြင့် ပြုလုပ်ထားသည့် အသက်ကယ်ဖောင်များကို ထုတ်ပေးထား သည်။ ခရီးသည်တင် လေယာဉ်များတွင် အသုံးပြုသည့် အလိုအလျောက် လေသွင်းခြင်း ပြုနိုင်သည့် ရော်ဘာ အသက်ကယ်ဖောင် အမျိုးအစားဖြစ်သည်။ ထိုဖောင်ကို ပတ္တူစဖြင့် ထုပ်ပိုးထားကာ အရေးကြုံမှ ချ၍ အသုံးပြုရခြင်းဖြစ်သည်။ ထို အသက်ကယ်ဖောင်မျိုး နှစ်ခု ပါရှိ၏။

ပဲ့စင်ထက်မှနေကာ ဗိုလ်စောဦး ဖောင်ဖွင့်ရန် ကြိုးစားနေသည့် ၀ဲဘက်ပဲ့ပိုင်း ကုန်းပတ်ဆီ ကြည့်နေသည်။ သင်္ဘောမှာ နောက်စက်ကိုသာလျှင် ခုတ်မောင်းနိုင်သည်။ ရှေ့သို့ မမောင်းရဲ မမောင်းဝံ့၊ ရေတိုးသည့် အရှိန်နှင့် ရေလုံတံခါးနှင့် နံရံများ ပြိုကျမည်ကို စိုးရသည်။ ယခုပင် ရေသည် စက်ခန်းတွင်းသို့ စတင် ၀င်ရောက်ခဲ့ပြီဖြစ်သည်။ ဗိုလ်သန်းလွင်မှာ ပဲ့ပိုင်းစက်အမြောက် ဖောက်ခြင်းကို ကြီးကြပ်နေဆဲဖြစ်၏။

သင်္ဘောနစ်တော့မည်မှာ သေချာသည်။ အချိန်ပိုင်းမျှသာလျှင် ကျန်တော့သည်။ ကျွန်တော် ကြံရွယ်သည်မှာ အသက်ကယ် ဖောင်နှစ်စင်းကို ၀ဲဘက်တွင် တစ်စင်း၊ ယာဘက်တွင် တစ်စင်း အဆင်သင့် ဖွင့်ထားလျက် လူအများကမူ နောက်ဆုံးအချိန်အထိ သင်္ဘောပေါ်တွင် နေကြရန် ဖြစ်သည်။ ပင်လယ်ဟူသည်မှာ မပြောနိုင်၊ ထို့အတူ သဘောင်္နစ်ခြင်း ဟူသည်မှာလည်း အတပ် မပြောနိုင်၊ ပင်လယ်ပြင်သည် တခဏတွင်း လှိုင်းလေ ငြိမ်သက်သွားလျှင်လည်း သွားနိုင်သည်။

သို့ဆိုလျှင် တစ်နည်းတစ်လမ်းဖြင့် ကျွန်တော်တို့ သင်္ဘောကို မနစ်မြုပ်စေရန် ပြုကောင်းပြုနိုင်မည်။ ထို့ပြင် သင်္ဘောသည် လုံးဝစုံးစုံးမြုပ်သော်မှ မြုပ်မည်။ သင်္ဘောတစ်နေရာတွင် လေခိုနေခြင်းကြောင့် ရက်ပေါင်း အတန်ကြာ ရေပေါ်တစ်ပိုင်းပေါ်၍ မျောနေတတ်သည့် သင်္ဘောများ အကြောင်းကို ကျွန်တော်ကြားဖူးနားဝ ရှိခဲ့သည်။ သို့ဖြစ်ခဲ့လျှင် ကျွန်တော်တို့လူစုသည် ဖောင်ပေါ်တွင် နေကြကာ ဖောင်နှစ်စင်းကို သင်္ဘောနှင့် တွဲချည်ထားခြင်းအားဖြင့် အခြားသင်္ဘောများက မြင်နိုင်ခွင့် အသက်ရှင်ခွင့် ပိုများမည်။ ထိုအကြံနှင့် ဖောင်တစ်စင်းကို ကျွန်တော်က ၀ဲဘက် ပဲ့ပိုင်းတွင် စမ်းသပ် အဖွင့်ခိုင်းခြင်းဖြစ်သည်။ “စမ်းသပ်အဖွင့်ခိုင်း” ဟု ဆိုခြင်းမှာ ဤ အသက်ကယ်ဖောင်မျိုးကို ယခင်က ကျွန်တော် အသုံးမပြုခဲ့ဖူးသည် သာမက မြင်ပင် မမြင်ဖူးခဲ့ချေ။

ကျွန်တော်သာမဟုတ် ဗိုလ်စောဦးလည်း ဖွင့်၍ မကြည့်ဖူးပေ၊ သူသည် အသက်ကယ်ဖောင် ဖွင့်သည့်အညွှန်းကို ဖောင်ရစ်ပတ်ထုတ်ထားသည့် ပတ္တူစပေါ်တွင် ဖတ်ရှုပြီးနောက် ဖောင်ကြိုးစ သေးသေးတစ်ချောင်းကိုယူကာ သင်္ဘောလက်ရန်းတိုင်တွင် ရစ်ပတ် ချည်နှောင် လိုက်သည်။ ထို့နောက် အနီးတွင်ရှိသော ရဲဘော်များ၏ အကူအညီဖြင့် ဖောင်ထုပ်ကိုမကာ ပင်လယ်တွင်းသို့ ပစ်ချလိုက်တော့၏

“ဖုန်း” ခနဲ အသံမြည်သံ ကြားရပြီးသည့်နောက်တွင် “ရူး” ဟူသော အသံရှည်ကြီး တမိနစ်ခန့် မြည်သံ ကြားရပြီးသည့်နောက် ကျွန်တော်တို့၏ မျက်စိရှေ့တွင်ပင် လိမ္မော်ရောင်ရှိသည့် ရော်ဘာဖောင်တစ်ခုသည် ပင်လယ်ပြင်ထက်တွင် မျက်လှည့်ပြလိုက် သည့်အလား ပွင့်ကားထွက်ပေါ်လာတော့သည်။ လိမ္မော်ရင့်ရင့် အရောင် အသက်ကယ်ဖောင် ၀ိုင်းဝိုင်းကလေးသည် အပြာရောင်ရှိသည့် ပင်လယ်ပြင်၏ ဒေါသမာန်ထနေသော လှိုင်းလုံးများကြားတွင် ကိုယ်ဖော့ဝပ်စင်းနေသည့် ငှက်တစ်ကောင်ပမာ ပေါ့ပါးစွာ မြူးထူးကစားနေသည်။ ကျွန်တော်နှင့် ဗိုလ်စောဦးတို့ ရပ်ကြည့်နေစဉ် အခိုက်တွင်ပင် ဖောင်ဖွင့်ရာ အနီးပတ်ဝန်းကျင်တွင် ရှိသည့် ရဲဘော်များသည် ဖောင်တွင်းသို့ ခုန်ချသူက ခုန်ချ၍ ဒိုင်ဗင်ထိုးချသူက ထိုးချကြတော့သည်။ ပဲ့အိမ်တွင်းမှ ကြည့်နေသည့် ရဲဘော်တချို့က ပြေးထွက်လာကြသည်။

“ဟေ့ကောင်တွေ လာကြ၊ မပြေးကြနဲ့ ၊မဆင်းကြနဲ့” ဟု လှမ်းအော်သည်။ အသံ မဆုံးမီပင် သုံးလေးဦး ခုန်ချပြီးနှင့်ကြပြီဖြစ်သည်။

“ဗိုလ်စောဦး ၊ ဘယ်သူမှ မဆင်းစေနဲ့၊ ဟေ့…… မင်းတို့ကို ဘယ်သူက Abandon Ship အမိန့်ပေးလို့ ဆင်းတာလဲ၊ ငါက ဖောင်ဖွင့်ကြည့်ခိုင်းတာပဲ ရှိသေးတယ်”

ကျွန်တော်က သင်္ဘောစွန့်ခွာရန် အမိန့်မပေးပါဘဲလျက် သင်္ဘောပေါ်မှ မဆင်းကြရသည်ကို သူတို့ သိရှိကြပြီးသားဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်အောက်တွင် ရှိနေသည်က နစ်မြုပ်နေသည့် ရေယာဉ်တစင်း၏ ကုန်းပတ်၊ ပင်လယ်တွင် မြင်ရသည်က ရေယာဉ်ထက် ပို၍ စိတ်ချရမည်ထင်သော အသက်ကယ်ဖောင်တစ်ခု၊ သူတို့၏ အသက်ရှင်နေထိုင်လိုမှု အသိသည် စည်းကမ်းကို မေ့လျော့သွားစေခဲ့သည်။ ကြောက်စိတ်က လွှမ်းမိုးနေသည်။

“ဟေ့ကောင်တွေ ပြန်တက်လာခဲ့ကြ၊ ဗိုလ်စောဦး သူတို့ကို သင်္ဘောပေါ် ပြန်တက်ခိုင်း”

ကျွန်တော်သည် မဖြစ်နိုင်သည်ကို ဗိုလ်စောဦးအား ခိုင်းမိလျက်သား ဖြစ်နေတော့၏။ လှိုင်းလုံးများက အသက်ကယ်ဖောင်ကလေးကို ငှက်မွေးပမာ၊ ဖော့ပမာ ဆော့ကစား နေတော့၏။ ဖောင်သည် သင်္ဘော၏ နောက်ဘက်တွင် ရှိနေခိုက် လှိုင်းတစ်လုံးက ပင့်တင်လိုက်သည်နှင့် သင်္ဘောကုန်းပတ်ထက် မြင့်စွာသော လှိုင်းထိပ်ဖျားသို့ တမုဟုတ်ချင်း ရောက်သွားသည်။ လှိုင်းထိပ်ဖျားတွင် ခေတ္တမျှ တန့်နေခိုက် ကြည့်လိုက်ရာ ဖောင်တွင်းရှိ ရဲဘော်တစ်စု၏မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသည်။ ကျွန်တော် မြင်တွေ့ရသည်နှင့် မှတ်မိလိုက်သည့် မျက်နှာတစ်ခုမှာ တလျှောက်လုံး လှိုင်းမူးနေ၍ အလုပ်တာဝန်ကိုပင် မထမ်းဆောင်နိုင်သည့် ခင်မောင်လတ်ပင် ဖြစ်နေတော့သည်။

စောစောက ပဲ့အိမ်တွင်းမှ ထွက်ပြေးခုန်ဆင်း သွားသူများအနက် တစ်ယောက်ဖြစ်သည်။ ကျန်ရှိသည့် ရဲဘော်များသည် အခိုက်အတန့်အားဖြင့်သာ သတိလစ်ဟင်း ကြမည်ဖြစ်သော်လည်း တာဝန်ရှိသည့် စစ်ရေယာဉ်မှူးက မည်သူမျှ မဆင်းကြရန် တိကျသော အမိန့်ကို ပေးလိုက်သည်နှင့် တပြိုင်နက် သူတို့ဆက်ဆင်းရန် မကြိုးစားကြတော့ပေ။ သူတို့ စိတ်တွင် အမိန့်နှင့် တာဝန် ၀တ္တရားကို ချက်ချင်းသတိရကြ စေသည်။


August 8, 2009

စစ်သားတစ်ယောက်ရဲ့ ရှစ်လေးလုံး ဝေဒနာ



စာဖတ်သူများခင်ဗျား

ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ အံ့မခန်း မှတ်တမ်း တင်လောက်တဲ့ အရေးတော်ပုံကြီးတစ်ခု ဖြစ်တာနဲ့အညီ ကျွန်တော် ကိုဖိုးတရုတ်က ဂုဏ်ပြုသောအားဖြင့် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ တင်ဆက်လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလအတွင်း သမိုင်းအလှည့်အပြောင်း အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန အရေးအခင်းမှာ အနီးကပ် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့တပ်မတော်သားတစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှာ မြိုသိပ်ခဲ့ရတဲ့ ဝေဒနာ တစ်ရပ်ကို ဖော်ထုတ် ပေးပို့လာခဲ့ပါတယ်။

အဲဒီ ပြည်သူ့တပ်မတော်သားကတော့ အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ပြည်ပရောက် တပ်မတော်လေ စစ်သည်တစ်ဦးဖြစ်ပြီး ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ခိုလှုံခဲ့ကာ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ယခုလို ကိုယ်တွေ့ဖြစ်စဉ်များကို ပေးပို့ခဲ့တဲ့ ပြည်သူ့တပ်မတော်သား အစစ်အမှန် တပ်မတော်လေမှ ရဲဘော်ကြီးအား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျား။


မမေ့နိုင်တဲ့ နှစ် (၂၀) ကျော်က ပုံရိပ်များ


ဆောင်းပါးရှင် - မင်းသစ္စာ (ပြည်ပရောက် တပ်မတော် လေ စစ်သည်တော်တစ်ဦး)

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှ ရဲဘော်ရဲဘက် သူငယ်ချင်း(၁၄) ဦးနှင့်အတူ နံနက်လင်းအားကြီး နှစ်နာရီခွဲတွင် ထွက်လာပြီး မှော်ဘီမြို့သို့ ချီတက်သွားခဲ့ပါတယ်။ မှော်ဘီကျောင်းသားများရဲ့ သပိတ်စခန်းက ကြိုဆိုပြီး ထိုနေ့ စက်တင်ဘာ (၁၁) ရက်နေ့တွင်ပင် ကျွန်တော်တို့ကို ကြည်းတပ်မှ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကျော်ဒွန်း အပါအ၀င် မှော်ဘီ ကျောင်းသားများနဲ့ လူငယ်များက ရန်ကုန်ရှိ သရက်တော ကျောင်းတိုက်ကို ကားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။



မှော်ဘီကနေ မင်္ဂလာဒုံကိုကျော်တဲ့အထိ ကားလမ်းတလျှောက်မှာတော့ ကျနော်တို့တတွေ စစ်ယူနီဖေါ်င်းတွေ ဖွက်လာခဲ့ရပြီး ကျောင်းသားလူငယ်တွေလို အ၀တ်အစားတွေဝတ်ကာ လာခဲ့ရပါတယ်။။ ထိုအချိန်မှာတော့ သရက်တောကျောင်းတိုက်မှာ ပြည်သူ့ရင်ခွင်ကို ကူးပြောင်း လာခဲ့တဲ့ ပြုပြင်ထိမ်းသိမ်းရေးး လေတပ်စခန်း မင်္ဂလာဒုံက တပ်မတော်(လေ) စစ်သည်များနဲ့ တပ်မတော်(ကြည်း) မှ ရန်ကုန်ကို တာဝန်နဲ့ ရောက်လာတဲ့ နယ်တပ်တွေက ရဲဘော်များဟာ အရင်ရောက်ရှိ စခန်းချနေကြပါပြီ။ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည်များ အလုံးအရင်းနဲ့ တပ်ကနေ ထွက်ခွာလာတဲ့အတွက် လူထုက တခဲနက် ပန်းကုံးစွပ် ကြိုဆိုကြသလို စားကောင်း သောက်ဖွယ်ရာများနှင့်လည်း ကျွေးမွေးပြုစုကြရာ ပြည်သူ့ရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံမိကြပါတော့တယ်။ စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း ကျွန်တော်တို့ လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၂၀) ကျော် သရက်တော ကျောင်းတိုက်ကို ထပ်မံရောက်ရှိ လာကြပါတယ်။။

အလားတူ သြဂုတ်လ (၉) ရက် နေ့မှာကတည်းက အမှတ် (၅၀၂) လေတပ်စခန်း မင်္ဂလာဒုံမှာ တပ်တွင်း ပုန်ကုန်မှုလို့တောင် ပြောလို့ရတဲ့ အာဏာဖီဆန်မှု တစ်ခုဖြစ်ပွားခဲ့ပြီးတော့ ရန်ကုန် တက္ကသိုလ် ပင်မ ကျောင်းသား သမဂ္ဂနှင့် သွားရောက် ပူးပေါင်းခဲ့ကြပြီး ဖြစ်ပါတယ်။


စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ လုံခြုံရေး တာဝန်ယူထားသော ခမရ (၆) မှ တပ်ခွဲရုံးတစ်စုနှင့် လူထုတို့ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သံဃာတော်တစ်ပါးက လာရောက် ပြော ကြားခဲ့ပါတယ်။ စစ်သားတချို့ က လက်နက်မချဘဲ ရုံးထဲမှာ ပုံးအောင်း နေကြကြောင်း သိရပါတယ်။ တခုခု လုပ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၁၅) ယောက် ချက်ချင်း ထလိုက်သွားကြပြီး ကုန်သွယ်ရေးရုံးဝင်း တံခါးဝသို့ ရောက်ရှိသွားခဲ့ပါတယ်။

အဲဒီ အချိန်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဗိုလ်ကြီးဝင်းသိန်း ရောက်လာပြီး ရုံးးတွင်း သို့ ဝင်လိုကြောင်းပြောတဲ့အတွက် သူ့အား ကုန်သွယ်ရေး ရုံးဝင်းအတွင်းသို့ သွင်းလိုက်ကာ သူဟာ ရဟန်းပျို၊ ဘုန်းတော်ကြီး၊ ကျောင်းသားများနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေ ကြပါတယ်။ ကျွန်တော်တို့ကတော့ ကုန်သွယ်ရေး ၀န်ကြီးရုံးရဲ့ ဆင်ဝင်ကြီးတံခါးရှေ့မှာ တာဝန်ကျပြီး ကျွန်တော်တို့ ရဲဘော်များနှင့် အတူ တန်းစီနေရာယူကာ လူထုအား ချော့မော့ ထိမ်းသိမ်း နေရပါတယ်၊ တောင်းပန်နေရပါတယ်။ လူထုဟာ အတော် ဒေါသဖြစ်နေလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပါတယ်။




လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားများ အပါအ၀င် ကားပေါင်းစုံ ရောက် လာလို့ အခြေအနေမှာလည်း ရှုပ်ရှက်ခပ်နေပါတယ်။ လူထုအင်အား ကြီးမားလာပြီး ကား တစ်စီးကို ဆွဲမှောက် လိုက်တဲ့အထိ ဒေါသအရှိန် မြင့်တက်လာ နေပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားဖြည့်အနေနဲ့ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်းမှ တပ်ခွဲတစ်ခွဲစာ ရှိသော အကြပ်/ စစ်သည်များနှင့် ရေတပ်မှ (၁၀) ယောက်ခန့် ယူနီဖောင်းဝတ်ပြီး ကျွန်တော်တို့နဲ့ ထပ်မံ ပူးပေါင်းကာ လူထုနှင့် ခမရ (၆) တပ်အကြား ဖြန်ဖြေမှုပေးရင်း အခြေအနေကို ထိန်းသိမ်း နေရပါတယ်။

လူထုဟာ ဒေါသအရှိန်ကို မထိန်းနိုင်လို့ အောက်ထပ်က ကွဲနေသော မှန်တွေဆီမှ တစ်ဆင့် ပြူတင်းပေါက်ကို ကျော်ဝင်ဖို့ ကြိုးစားလာပါတယ်။ ကျွန်တော်တို့က တန်းစီပြီး ရှေ့တည့်တည့်က ပိတ်ထားကာ ပါးစပ်ကလည်း တတွတ်တွတ် တောင်းပန်နေလို့ လူထုက ကျွန်တော်တို့အား အားနာပုံရကာ အရှိန်လျော့သွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကုန်သွယ်ရေးရုံး အပေါ်ထပ်မှ ရဟန်းပျိုနှင့် ကျောင်းသားတွေ ဆင်းလာပြီး သူတို့ထဲမှာ စစ်သည်တွေလည်း ရောနှောပုံဖျက်ကာ ဆင်းလာကြပါတယ်။ ကျွန်တော်တို့ အတွင်းသိတွေ အနေနဲ့ တွဲဆင်းလာတဲ့ ကျောင်းသားရယ်၊ ဘုရားသားရယ်၊ စစ်သားရယ်ကို ကြည့်ရင်း ရင်ထဲမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားခဲ့ကြရပါတယ်။ တကယ်တော့ ဘုရားသားနဲ့ ကျောင်းသားတွေဟာ လူကိုတိုက်နေတာ မဟုတ်ဘဲ စစ်သားတွေကို မုန်းလို့ မဟုတ်တာရယ် “မူ” ကိုသာ တိုက်နေတဲ့ တိုင်းပြည်အတွက် တကယ်ချစ်လို့ ဆိုတာတွေရယ်ကို ဒီဖြစ်စဉ်မှာ လက်တွေ့ သိရှိခဲ့ရပါတယ်။

ဒီနောက် ရိက္ခာတွေထဲမှာ လက်နက်ခဲယမ်းတွေကို ဖွက်လာခဲ့ပြီး ကားတွေပေါ် စုတင်ကာ တချို့ကားတွေ ဘယ်ဘက်လမ်း အတိုင်းသွားသလို တချို့ကားတွေကျတော့ ညာဘက် လမ်းအတိုင်း လမ်းကြောင်း သင့်သလို အသီးသီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ လူထုသိချင်တဲ့အဖြေကို ကျွန်တော် မပေးလိုက်ရလို့ မြိုသိပ်ထားခဲ့ရတဲ့ ဝေဒနာကို ရင်ဖွင့်ချင်ပါတယ်။ အဲဒီ အဖြေကတော့ ခမရ (၆) က တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင်ချို လက်နက်ချ/မချ ဆိုတာ ဖြစ်ပြီး လူထုက သံသယစိတ်နှင့် ကျန်နေရစ်ခဲ့ကြရတာကို ကျွန်တော်တို့ ရိပ်မိနေပါတယ်။ ကျွန်တော်တို့ကလည်း လူထုအား နောက်ဆုံးရလဒ် အခြေအနေ ကို သိခွင့် မပေးလိုက်ရတဲ့အတွက် လူထုကို လိမ်ညာခဲ့ရသလို ခံစားနေရပါတယ်။

အမှန်တကယ်တော့ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်းဌာနချုပ်က ရဲဘော်တွေဟာ ကြည်းတပ် ကို တိုက်ဖို့ လက်သီးလက်မောင်းတန်းပြီး ကုန်သွယ်ရေးရုံးကို ပြည်သူ့ဘက် ရပ်တည်ဖို့ ချီတက် လာကြခြင်း ဖြစ်ပါတယ်။ ဟိုရောက်တော့ အပေါ်ထပ်ကို ၀င်ခွင့်မရဘဲ သံဃာတွေနဲ့ ကျနော်တို့ စီနီယာတွေရဲ့ တာဝန်ချထားမှုကြောင့် ဖျန်ဖြေရေးကိစ္စကိုသာ ဘုမသိဘမသိနဲ့ လုပ်နေကြရပါ တယ်။ ကုန်သွယ်ရေးရုံးမှ ဗိုလ်ကြီးခင်မောင်ချို တို့အဖွဲ့ ထွက်သွားတော့လည်း ဘာမှန်းမသိ ဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ညာလှည့် တန်းဖြုတ်ပြီး ကမ်းနားလမ်းမှ သရက်တော ကျောင်းတိုက်ကို ပြန်လာခဲ့ရပါတယ်။

ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီး ဆုံးရှုံးမှုကြီး တစ်ခု မကြာခင် ဖြစ်တော့မှာကို စိုးရိမ်မိခဲ့ပါတယ်။ အချိန်ကြာလာတဲ့ အခါကျမှ ကျွန်တော် စဉ်းစားမိတာမှာ ကျွန်တော်တို့အနေနဲ့ ရုတ်ချည်း သတင်းအခြေအမြစ် မသိလိုက်ရလို့ လူထုကို ကာကွယ်ပေးချင်တဲ့စိတ်ဇောနဲ့ ကြည်းတပ်ကို တိုက်မယ်လို့ လက်သီး လက်မောင်းတန်း ချီတက်လာပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲသွားလို့ ကြည်းတပ်ကို စည်းရုံးနိုင်ခွင့်နဲ့ ထိတွေ့ပြောဆိုနိုင်ခွင့် အခွင့်အလမ်း ကျွန်တော်တို့မှာ ရှိခဲ့ရင် သိပ်ကောင်းမှာဘဲလို့ တွေးတော ခဲ့ပါတယ်။



အနည်းဆုံး အဲဒီလို လုပ်ခွင့်မရရင်တောင် ပြည်သူလူထုအား အတိုင်းအတာ တစ်ခုထိ ဗိုလ်ကြီးခင်မောင်ချို လက်နက်ချသွားပြီ ဆိုတဲ့ သတင်းကို ရှင်းပြနိုင်ခွင့် ရှိခဲ့ရင် ဖြေသာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ဗိုလ်ကြီး ခင်မောင်ချိုတို့ တပ်စုဟာ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့လို့ အခုလို ခိုးကြောင်ခိုးဝှက်နဲ့ ကျောင်းသားလို ပေးဝတ်ရ ဘုန်းကြီး ယောင်ဆောင်ရပြီး ခိုးထုတ်ရတာမျိုး မဟုတ်ခဲ့ဘဲ အဲဒီ ကုန်သွယ်ရေးရုံးရဲ့ရှေ့မှာ ပြည်သူတွေရဲ့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်မှုကိုသာ ရခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက် မလဲလို့  စိတ်ကူးယဉ်မိပါတယ်။

ဒီထက်ပိုပြီး လုပ်နိုင်တာက လက်နက်ချသွားတဲ့ ကြည်းတပ်ရဲ့ ပစ်ခတ်နိုင်မှု ( Fire Power) စွမ်းအားကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ကြည်းတပ်နှင့်လေတပ် ပူးပေါင်းလိုက်မယ်ဆိုရင် စစ်အာဏာရှင်တွေ တုန်လှုပ် ချောက်ခြား သွားရုံမက ဒီမိုကရေစီ ပန်းတိုင်သို့ လမ်းပွင့်သွား နိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော့် တစ်သက် မမေ့နိုင်တော့သလို စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ ဘုရားသား ကျောင်းသားသာမက စစ်သားလည်းပူးပေါင်း ပါဝင်ဖို့ လိုသလို အခုဆိုရင် တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်မှသာ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။



July 28, 2009

တန်းတူရည်တူ

စာဖတ်ပရိသတ်များခင်ဗျား

စည်းလုံးခြင်းရဲ့  အင်အားမှ ပင်တိုင် ဆောင်းပါးရှင် ဝေဟင် ပေးပို့လာသော ဆောင်းပါးတစ် ပုဒ်ကို ယနေ့ ၀က်ဆိုဒ်အသစ် စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် စာဖတ်ပရိသတ် များအား အမှတ်တရ တင်ဆက်ပေးလိုက်ရပါတယ်။ တပ်မတော် ပြုပြင်ပြောင်းလဲရေးနဲ့ တပ်အတွင်းတွင် ဒီမိုကရေစီ သဘောတရား အသိအမြင် ပြန့်ပွားရေးတို့ အတွက် အခုလို ဆောင်းပါးများ ရေးသားပေးပို့လာကြသော ပြည်တွင်းပြည်ပမှ ပြည်သူ့တပ်မတော်သား အစစ်အမှန်များအား အထူးပင် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားမှ မှတ်တမ်းတင် အပ်ပါတယ် ခင်ဗျား။


“မည်သူမှ မခွဲရပဲ နအဖ ကိုယ်တိုင်ဖြိုခွဲနေသော တပ်မတော်”

ဆောင်းပါးရှင် - ဝေဟင် ( ပြည်တွင်းမှ တပ်မတော် လေ အရာရှိတစ်ဦး)

စည်းလုံးခြင်းရဲ့ အင်အား site ကို တပ်တွင်း အခြေအနေများ ပိုမိုဖော်ပြလာမှု ကြောင့် စောင့်ကြည့်သူ များလာသလို တပ်မှူးများ၏ အာရုံစိုက်မှုလည်း ပိုမိုလာခဲ့ပါသည်။ Internet သုံးစွဲခွင့်ရှိသော တပ်ဖွဲ့များတွင် www.Photayokeking.org အား Server မှ ပိတ်ဆို့ထားကာ LAN အတွင်း ကြည့်မရအောင် လုပ်ဆောင်နေကြရာမှ site အား တိုက်ခိုက်သည်အထိ အနာပေါ်တုတ်ကျကာ တုန့်ပြန်လာခဲ့ပါသည်။ ဤသည်မှာ မတရားမှုကို လက်မခံသော၊ အမှန်တရားကို ရဲဝံ့စွာ ဖေါ်ထုတ်လာသော အမှန်တရား ဘက်သို့ ဆက်လက် ကူးပြောင်းရန် အရိပ်အယောင်ပြလာသော တပ်တွင်းမှ အင်အားစုများ ပေါ်ထွက်လာမှုအပေါ် စိုးရွံ့မှုကို သိသာစေခြင်း ဖြစ်ပါသည်။

ထိုသို့ ပိတ်ဆို့ တားဆီးထားစေကာမူ ဘန်းကျော်အရပ်တွင် နှစ်များစွာ နေထိုင်ရင်း၊ ပိတ်ဆို့မှုကို တွန်းလှန်ရန် ကျင့်သားရနေသော အမှန်တရားကို မြတ်နိုးသူများစွာသည် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ဖတ်ရှုနေသကဲ့သို့ နအဖ ခေါင်းဆောင်များ အပါအ၀င် တပ်မှူးများစွာသည်လည်း ဖိုးတရုတ်မှ ဆောင်းပါးများကို Download လုပ်ကာ Print ထုတ်စေလျက် စောင့်ကြည့်နေသည်ကို ညီနောင်ရေးဖော်များသို့ အသိပေးလိုပါသည်။

ထို့ကြောင့်လည်း “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည်” ဟု ကြွေးကြော်ဝါဒဖြန့် နေစေကာမူ အောက်ခြေတပ်ဖွဲ့များ၌ အရာရှိများ အတွင်းတွင်ပင် မည်သည့် အကြောင်း အချက်များကြောင့် စိတ်ဝမ်းကွဲ နေကြသည်ကို နအဖ ခေါင်းဆောင်များနှင့် နှောင်ကြိုးကို မမြင်ပဲ ရပိုင်ခွင့်များဖြင့် သာယာနေကြသော ညီနောင်တစ်စုတို့ သိရှိစေရန် တင်ပြပေး ပါမည်။

“နောင်တခေတ်၏ အောင်စစ်သည်” ဟု ကြွေးကြော်ခဲ့သည်ဖြစ်စေ၊ “အနာဂတ်၏ စစ်ခေါင်းဆောင်” ဟု မျှော်လင့်ခဲ့သည်ဖြစ်စေ တပ်မတော်တွင် အရာရှိများအတွက် အဆင့် တိုးမြှင့်ရေး လစာစရိတ်နှင့် ခံစား ခွင့်များသည် လုပ်ထုံးလုပ်နည်း မူဝါဒ တသမတ်တည်း သာ ရှိသင့်ပါသည်။ တခုတည်းသော တပ်မတော်ဟု ကြွေးကြော်ကာ ကြည်း/ရေ/လေ တပ်ဖွဲ့အားလုံး တန်းတူဖြစ်ရမည်ဟု ဆိုသော်လည်း လက်ရှိ အနေအထားကို တပ်တွင်းမှ ညီနောင်များ အသိဖြစ်ပါသည်။

ယခင်က တပ်ဖွဲ့များ၏ သဘော သဘာဝအရ ရေ/လေ အပါအ၀င် လက်ရုံးတပ်ဖွဲ့များ၏ သက်ဆိုင်ရာ ဦးစီးချုပ်ရုံးနှင့် ညွှန်ကြားရေးမှူးရုံးများက တိုက်ရိုက်ကွပ်ကဲမှုဖြင့် သွက်လက် မြန်ဆန်စွာ ဆောင်ရွက် နိုင်ခဲ့သော်လည်း ယခုအခါ တိုင်း/တပ်မ မှ စကာ ကကကြည်း ကိုပါ အစီရင်ခံနေရခြင်းက သက်သေခံနေပါသည်။ ဤသည်မှာ တပ်ဖွဲ့များအပေါ် မယုံ ကြည်ပဲ လွှမ်းမိုးချယ်လှယ်လိုသော နအဖ ထိပ်သီးခေါင်းဆောင်များ၏ သဘောထားအဖြစ် အရာရှိများက သတ်မှတ် ကြပါသည်။

မည်သို့သော ခံယူချက်ဖြင့် တပ်တွင်းသို့ ရောက်လာသည်ဖြစ်စေ၊ လူသားများဖြစ် သော အရာရှိများ၏ ယေဘူယျု မျှော်မှန်းချက်မှာ တချိန်တွင် မိမိ၏ အရည်အချင်းအလိုက် တပ်မှူး၊ တိုင်းမှူးမှသည် ဦးစီးချုပ်အထိ မျှော်မှန်းကြသည်သာ ဖြစ်ပါသည်။ “မလုပ်၊မရှုပ်၊ မပြုတ်” ဟု ခံယူကာ ကျည်လွတ်မြေတွင် ခိုလှုံရင်း “အနေကြာရင် မေဂျာတော့ ဖြစ်ပါတယ်” ဟု ဆိုသူများရှိသလို၊ “ထားရာနေ၊ စေရာသွား” တဇွတ်ထိုး တိုက်ချင်သူများ “အပေါ်ဖား အောက်ဖိ” လည်သလို စားနေသူများလည်း ရှိပေသည်။

လက်ရှိ လူနေမှုစနစ်အရ တပ်တွင်း မိသားစုများသည်လည်း ပြည်သူများနည်းတူ အဆင်မပြေမှုများစွာကို ခံစားနေရသည်ဖြစ်ရာ အများ မိုးခါးရေသောက်နေချိန်တွင် အမှီလိုက်နိုင်ရန် အရာရှိများသည်လည်း မိမိ၏ မိသားစုအဆင်ပြေစေရေး အတွက် ရာထူး အမြန်တိုးကာ ထိပ်ပိုင်းမြန်မြန်ရောက်ရှိရေး စိတ်ကူးအိပ်မက်များ မက်နေကြရပါသည်။ ထို ဆန္ဒများနှင့် လက်တွေ့နယ်ပယ်မှ မညီမျှမှုများ ထိပ်တိုက်တွေ့သောအခါ တပ်မတော်သည် မည်သူမှ ခွဲရန် မလိုပဲ အလိုလို ကွဲရန်သာ ရှိပါတော့သည်။

ယခင်က အရာရှိ အဆင့်တိုးမြှင့်ရေးအတွက် စိတ်ဝင်စားမှုများသည် ယနေ့ကာလ လောက် မပြင်းထန်ခဲ့ပါ။ ပြန်တမ်းဝင်နှစ်အလိုက် ပုံမှန်ထိုင်ပြီး မူနှင့်ညီသော အရာရှိများ အတွက် စိတ်လှုပ်ရှားစရာပင် မလိုခဲ့ပါ။ ယခုမူ တစ်နှစ်တွင် တစ်ကြိမ်ထိုင်ဖို့ပင် မသေချာသလို ဘယ်အချိန်က သတ်မှတ်လိုက်သည် မသိလိုက်ရသော မူများကြောင့် လည်း ဘာမှန်းမသိရပဲ မိမိက အဆင့်တိုးမပါတော့ပဲ တစ်သက်လုံး ဗိုလ်ကြီးဘ၀ ဗိုလ်မှူးဘ၀ ဒုဗိုလ်မှူးကြီးဘ၀မှာ နေနေရသော အရာရှိများလည်း ရှိလာရာ အပတ်စဉ် သောကြာ နေ့တိုင်း မျှော်တလင့်လင့် ဖြစ်နေရသော အရာရှိငယ်များ၏ ဘ၀ကို ဗိုလ်ချုပ် ကြီးများ သိစေချင်ပါသည်။

စည်းကမ်းတကျ့ လက်အောက် ငယ်သားများအပေါ် တပ်မှူးကောင်း စိတ်ဓါတ်နှင့် မိဘသဖွယ် စိတ်ထားသာရှိပါမူ ဤဖြစ်စဉ်များ ပေါ်ထွက်လာစရာအကြောင်း မရှိပါချေ။ မှတ်တမ်းများအရ ပြန်တမ်းဝင်နှစ် အလိုက် တိုးမြှင့်ရရှိရမည့် အဆင့်အလိုက် မရရှိသေးသူ များသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ မည်သည့်မူနှင့် ငြိစွန်းသည် (သို့မဟုတ်) ထိုက်တန်ပါလျက် အကြောင်းကြောင်းကြောင့် ကျန်ခဲ့သည် စသည်ဖြင့် ပြန်လည် စိစစ်မူ မျိုးကို လုပ်ရုံမျှဖြင့် နစ်နာသူများကို ဖြေသိမ့်စေနိုင်ပါမည်။

သို့သော်လည်း နိုင်ငံတော် အာဏာကိုသာ ယစ်မူးနေပြီး “အဆင့်ဆင့် သတင်းပို့ပါ” ဟု စာတမ်းကပ်ရုံကပ်ထားသော တပ်မှူးများ၊ ဗိုလ်ချုပ်ကြီးများသည် ဤဖြစ်စဉ်များအရ အပတ်စဉ် များစွာ ကွာခြားသော Junior က တပ်မှူး ဒုဗိုလ်မှူးကြီး ဖြစ်လာသည့်အတွက် မည်သို့မျှ သည်းမခံနိုင်သော Senior ဗိုလ်ကြီးတစ်ဦး၏ နှုတ်ထွက်စာကို မသိကျိုးကျွံပြုကာ မျက်နှာလွှဲ နေရက် ကြပေသည်။

မိမိပြုမိသော အပြစ်ရှိထား၍ ထိုအပြစ်ကြောင့် အကျိုးသက်ရောက်သည်ဆိုလျှင် ဖြေသိမ့်နိုင်သော်လည်း ဤပညာအရည်အချင်းဖြင့်ပင် သင့်တော်သည်ဟု ဆိုကာ တာဝန် ပေး ခေါ်ယူခဲ့ပြီး ပြစ်မှုကင်းရှင်းရုံမျှမက ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပါလျက် ယနေ့ အချိန်ကျမှ ပညာအရည်အချင်းနှင့် မူအရ အဆင့်တိုးပေးရန် မဖြစ်နိုင်တော့ပါဟု တန်းဖြုတ် ခံရကာ ၊ ဗိုလ်သင်တန်း တပတ်စဉ်တည်း ဆင်းလာသည့် BE အင်ဂျင်နီယာ ဘွဲ့ရ ဒု ဗိုလ်မှူးကြီးက တပ်မှူး BSC ဘွဲ့ရ ၎င်းအရာရှိက တပ်ရေးဗိုလ်ကြီးအဖြစ် ဆောင်ရွက်နေ ရသော လေတပ်မှ ခွက်ပျောက် စစ်ဗိုလ်တစ်ဦးကို ဥပမာပေးလိုပါသည်။

ထိုသို့သော အရာရှိတစ်ဦး၏ ရင်တွင်းမှ ခံစားချက်ကို ပုံဖော်ကြည့်မည်ဆိုလျှင်…. သူ၏နေ့စဉ် တာဝန်ချိန်ကို မည်သို့ဖြတ်သန်းပါမည်နည်း၊ သူ့အပေါ် လက်အောက်မှ စစ်သည်များကရော မည်သို့ ဆက်ဆံကြပါမည်နည်း၊ မိမိ၏ အားနည်းချက်ကြောင့် မဟုတ်ပဲ ဤအဆင့်တွင်ပင်နေရကာ တန်းတူရော Junior များကိုပါ အရိုအသေ ပေးနေရသော နေ့စဉ်ဘ၀ကို ရေရှည် ခံစားနိုင်ပါမည်လား၊ မိသားစုနှင့် အပေါင်း အသင်းများ အလယ်တွင်ရော မိမိ၏ တပ်မတော်သားဘ၀ကို နားလည်စာနာရန် မည်သို့ ဖြေရှင်းပါမည်လဲ…. စသော အခြေအနေ များစွာမှသည် နာကျည်းခံပြင်းမှုများ ဖြစ်တည် လာပါတော့သည်။

၎င်းဗိုလ်ကြီးကဲ့သို့ပင် အခြားသော ဗိုလ်ကြီးများ၊ ဗိုလ်မှူးများ၊ ဒုဗိုလ်မှူးကြီး များသည် တပ်တွင်းတွင် များစွာ ရှိနေပါသည်။ အဆင့်အလိုက် ခံစားချက် ကွာခြားမည် ဖြစ် သော်လည်း သူတို့သည် တပ်မတော်နှင့် စစ်သည်များ၏ လက်ရှိအခြေအနေကို အခွင့် အရေးခံစား နေသူများထက် ပိုမိုရှင်းလင်းစွာ သိမြင်သူများ ဖြစ်လာပါသည်။ ပြန်တမ်း ၀င်နှစ်အရ မိမိ၏ အပတ်စဉ်တူများ ဒုဗိုလ်မှူးကြီး ဖြစ်နေသည့်တိုင် ဗိုလ်ကြီး အဆင့်ဖြင့် ကျန်နေသူများ ရှိသည်ဆိုခြင်းကို ဗိုလ်ချုပ်ကြီးများက ချဲ့ကားသည်ဟု ဆိုချင်ပါလိမ့်မည်။

တပ်ဖွဲ့အားလုံးမှ ဗိုလ်ကြီး ဗိုလ်မှူး အဆင့်အားလုံးအား ပြန်တမ်းဝင်နှစ် အလိုက် စီစစ်လိုက်ပါက “ဝေဟင်” ၏ စကားကို လက်ခံရပါလိမ့်မည်။ ထိုသူများထဲတွင် ပြစ် မှုကင်းရှင်းပါလျက် တာဝန်ရှိသူများက ချန်လှပ်ထားခြင်း ခံနေရသူများ ပါနေသည်ကို ထပ်တွေ့ရပါသည်။ တန်းတူရည်တူ ခံစားခွင့် မရှိသည့် တပ်မတော်သည် အလိုလို ကွဲနေသလို တပ်တွင်းမကျေနပ်မှုများ မှုခင်းများသည်လည်း မည့်သည့်အခြေခံကြောင့် ဖြစ်နေရခြင်းကို ဗိုလ်ချုပ်ကြီးများ နားလည် သဘောပေါက်လာပါလိမ့်မည်။

ဤသို့ဆိုလျှင် ပြည်သူလူထုနှင့်တကွ တပ်အတွင်းတွင် ဒီမိုကရေစီ အမှန်တကယ် လိုအပ် နေကြောင်း တပ်မတော်သားများ အားလုံးအနေနှင့် နားလည် သဘောပေါက်နိုင် လောက်ပေပြီ။ ယနေ့ စစ်ခေါင်းဆောင်ပိုင်း အနေဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ မဆိုထားနှင့်၊ တပ်အတွင်းမှာပင် မိဘသဖွယ် ရင်ဝယ်သားလိုတနည်း ရဲဘော် ရဲဘက်စိတ်များ ထားရှိမှု လုံးဝ ( လုံးဝ) မရှိဘဲ မိမိတို့ စည်းစိမ်၊ ရာထူး၊ အာဏာ တည်မြဲရေး အတွက်သာ အပေါ်ဖါးအောက်ဖိရင်း ထင်သလို မူဝါဒများ ချမှတ် နေမှုကြောင့်
မကြာခင်မှာပင် တပ်နဲ့ ပြည်သူ ချစ်ကြည်ဖြူ သွေးခွဲလာသူ နအဖလူများအား တိုက်ထုတ်ဖို့
အဆင်သင့် ရှိနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

July 27, 2009

စစ်တပ်ကို စစ်တပ်နဲ့ ပြန်တိုက်ကြ

စာဖတ်ပရိသတ်များ ခင်ဗျား


စည်းလုံးခြင်းရဲ့ အင်အား စာဖတ်ပရိသတ် တစ်ဦးဖြစ်တဲ့ ပင်တိုင် ဆောင်းပါးရှင် ကိုရဲသူနိုင် ရေးသားပေးပို့လာတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ စာဖတ်ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ အပြုသဘောနဲ့ အခုလို အင်တိုက်အားတိုက် ရေးသားပေးပို့လာသော ဆောင်းပါးရှင်များနဲ့ တကွ ယာယီ ဘာလော့ဂ်တွင် ကြည့်ရူအားပေးကြသူ ချစ်စွာသော စာဖတ်ပရိသတ် ရဲဘော် ရဲဘက် အပေါင်းတို့ကို အထူး ကျေးဇူးတင် ရှိပါကြောင်း လေးစားစွာ ပြန်ကြားအပ်ပါတယ် ခင်ဗျား။



“ဘက်စုံတက်စုံဖွင့် ညီညီညာညာ တော်လှန်ကြ”

ဆောင်းပါးရှင်- ရဲသူနိုင်

တော်လှန်ရေးတစ်ခုထဲနဲ့ အောင်မြင်ဖို့ S.P.D.C ကို တော်လှန်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား၊ S.P.D.C ဟာ လူကို လူလိုသဘော မထားတဲ့အတွက် လူပေါင်း များစွာကို သတ်ဖို့ ၀န်မလေး ခဲ့ပါဘူး၊ သံဃာ့အရေး အခင်းတွေမှာ ရဟန်းပါမရှောင် ရက်ရက်စက်စက် ရှင်းပစ်ခဲ့တဲ့ အပြင် ဒီပဲယင်း အရေးအခင်းရဲ့ သက်သေ ခံချက်တွေမှလည်း ဖက်ဆစ်စစ် အာဏာရှင် တွေ အတွင်းသရုပ်အမှန်ကို ကြည့်မြင်နိုင်ပါတယ်။

S.P.D.C အဆင့်ဆင့်မှာ ခိုင်းတဲ့ အတိုင်းထက် ပိုလုပ်ပေးကြမယ့် ဦးနှောက်မဲ့၊ အသိမဲ့၊ အဆင့်နိမ့် သူတွေ ပေါများလာတဲ့ ယနေ့လို အချိန် မျိုးမှာ ပြည်တွင်းမှာ မည်သည့် Political လှုပ်ရှားမှုမျိုးမှ လုပ်ဖို့ဆိုတာ မမျှော်မှန်းနိုင်အောင်ကို အင်မတန် ခဲယဉ်း နေပါတယ်။

ပုံစံအမျိုးမျိုးနှင့် ရ၀တ အဆင့်လောက်ကနေတောင် ၅ ည ပုဒ်မတွေ တပ်ပြီး ဖမ်းပိုင်ခွင့် ရှိနေတဲ့ ယနေ့ မြန်မာပြည်ရဲ့ အခြေအနေဟာ စိုးရိမ် ရေမှတ်ထက်ကို ကျော်လွန်နေပါပြီ။ ပျက်စီးနိုင်ငံများ အဆင့်မှာ ၁၃ ကိုရောက်နေသလို အဆင်းရဲဆုံး တိုင်းပြည် ၂၀ ထဲ မှာလဲရောက်နေပါပြီ။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာတော့ မြန်မာပြည်ရဲ့ အောက် မှာ ဆိုမာလီဆိုတဲ့ မင်းမဲ့တိုင်းပြည် တစ်ခုပဲ ရှိပါတော့တယ်။

ဒါပေမယ့် S.P.D.C အဆင့် ဆင့်ကတော့ လိမ်လို့ ကောင်းနေတုံးပဲ ရှိပါတယ်။ တိုင်းပြည်ကို လိမ်တဲ့ နေရာမှာတော့ အမြင့်ဆုံး အဆင့်ထက်တောင် ကျော်နေပါပြီ။ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့ သမိုင်းတွင် ဆိုးဝါးတဲ့ စီးပွားရေး ပျက်ကပ်ကြီးး ဖြစ်ခဲ့ပါတယ်။ အခုလည်း ဆက်ဖြစ်နေ တုံးပါ။

ကမ္ဘာမှာအဆင့် ၂၆ ရောက်နေတဲ့ ရေနံပေါ် ဖင်ခုထိုင်ထားတဲ့ နာမည်ကျော် တိုင်းပြည်တစ်ခုက ၂၀၀၉ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုကို ၂၇ ရောက်အောင် မနည်း လုပ်ယူရမယ်လို့ ကြေညာထားပါတယ်။ အနှစ်သုံးဆယ်အတွင်းမှာ There is does not matter. Whit cat or black cat, as long as can catch. The rat, it is good cat, ဆိုတဲ့ တရုတ် မျိုးဆက်ရဲ့ ဒုတိယ ခေါင်းဆောင် တိန့်ရှောင်ဖိတ်ရဲ့ ဦးဆောင်မှုနှင့် ယဉ်ကျေးမှု တော်လှန်ရေးကြောင့် လူ ၁၀ သန်းကျော် ထမင်းငတ်ပြီး သေခဲ့တဲ့ ဒီနေ့ စူပါတန်းဝင် တတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်ပြည်ကြီးတောင်မှ ၂၀၀၉ ခုနှစ်အတွက်ကို ၆ % လောက်ရအောင် မနည်းလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေကတော့ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်းကို (10.4%) တိုးတက်ခဲ့တယ်ဆိုပြီး လိမ်ညာပြောဆိုခဲ့ပါတယ်။ တကယ် တော့ အဲဒါဟာ အရာရှိကြီး ကတော်တွေရဲ့  စီးပွါးရေး တိုးတက်မှုနှုန်းသာ ဖြစ်နိုင်ပါတယ်။

တရုတ် ၀န်ကြီးချုပ် ဖြစ်တဲ့သူက သူတို့ နိုင်ငံ ငလျှင်ဒါဏ် ခံရစဉ်မှာ စက္ကန့်တိုင်းဟာ ခလေး တစ်ယောက်ရဲ့အသက် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ တကယ်လည်း ထိထိ ရောက်ရောက် ကူညီခဲ့ပါတယ်။ အာဏာရှင်ဆိုပေမဲ့လည်း သူ့ပြည်သူတွေ အပေါ်မှာ အုပ်ချုပ်ပုံက တိုင်းပြည်ခေါင်းဆောင်ကောင်း ပီသခဲ့ ပါတယ်။ မြန်မာပြည်က စစ်ခေါင်း ဆောင်တွေကိုတော့ ဘာနဲ့နှိုင်းရမလဲတောင် မသိတော့တာ အမှန်ပါ။

တလောကတော့ စာဖတ်ပရိသတ် တစ်ယောက်ပြောတာ ဖတ်လိုက်ရပါတယ်။ စစ်ခွေးလို့ မသုံးပါနဲ့တဲ့၊ ခွေးဘက်က နာပါတယ်တဲ့၊ ခွေးဆိုတာ သခင်အပေါ် အင်မတန် သစ္စာသိ မွန်မြတ်လို့ပါတဲ့၊ အခု စစ်ခေါင်းဆောင် တွေက သခင်ပမာ ပြည်သူလူထုတွေ အပေါ်မှာလည်း သစ္စာမရှိ၊ တပ်မတော် တည်ထောင်ခဲ့သူ အပေါ်မှာလည်း စော်ကား၊ ကမ်းကုန်အောင် ငွေကြေး၊ ရာထူး၊ အာဏာတွေ မက်မောပြီး ခွေးရူးလို ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး လိုက်ကိုက်နေ ပါတယ်တဲ့။ ဒါ့ကြောင့် ခွေးရူးလို့သာ သုံးကြပါတဲ့။

ဒီလို ခွေးရူးပမာ နအဖဟာ အခုဆိုရင် ချောင်ပိတ် အရိုက်ခံရသလို ဖြစ်နေပါပြီ။ သူတို့ ကြေညာထားတဲ့ ရွေးကောက်ပွဲ အတွက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသလို တပ်ထဲမှာလည်း တပ်မတော်ရဲ့ သဘောထား အမှန်တွေကို သိမြင်လာကြလို့ ဖွဲမီးလို တငွေ့ငွေ့ လောင်နေရာက လေအတိုက်မှာ ဘားတိုက် တွေဟာ မီးဟုန်းဟုန်းလောင်ဖို့ မဝေးတော့တာကို တွေ့မြင်နေ ကြရပါပြီ။ ထိပ်ပိုင်း တွေသာ သိရတဲ့ လျှို့ဝှက် အစီရင်ခံစာ တွေ သူတို့ သတ်မှတ်ထားတဲ့ ထိပ်တန်း လျှို့ ဝှက်ချက်တွေ မီဒီယာတွေမှာ ပြန့်နှံ့နေတာကို ကြည့်ရင် သူတို့ရဲ့  ဇာတ်သိမ်းဟာ မဝေးတော့ပါ။

ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ပြီးခဲံ့တာတွေ သင်ခန်းစာယူဖို့ အဖက်ဖက်က ပြင်ဆင်ထားကြဖို့တော့ အရေးကြီးဆုံး အချိန်ကို ရောက်နေ ပါပြီ။ အောင်ပွဲနီးလေ တိုက်ပွဲကြီးလေ ဆိုတဲ့ စကားလို အရှိန်အဟုန် မြှင့်တဲ့ နေရာမှာ တူတာ ပေါင်းလုပ်ပြီး မတူတာခွဲလုပ်ကြဖို့ စည်းလုံးညီညွတ်ကြဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ဆောင်းပါးအစပိုင်းမှာ တင်ပြခဲ့သလို တော်လှန်ရေးတစ်ခုထဲနဲ့ မအောင်မြင် နိုင်သလို လူထု အုံကြွမှု တစ်ခုထဲနဲ့လည်း မအောင်မြင်နိုင်ပါ။ စစ်တပ်က ၀ိုင်းရံမှသာ အချိန်တိုတိုနဲ့ အောင်ပွဲ ခံနိုင်မှာ ဖြစ်ပါတယ်။

လူထုကို လူထုနဲ့ စစ်အာဏာရှင်တွေက ထိန်းကွပ်ထားသလို ကျွန်တော်တို့ အနေနဲ့ စစ်တပ်ကို စစ်တပ်နဲ့ ထိန်းကွပ်ဖို့ တပ်မတော်သား အစစ်အမှန်များကို ပြည်သူ့ဘက် ရပ်တည်ရန် စည်းရုံးလှုံ့ဆော်ရင်း ဟန်ချက်ညီအောင် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။



July 26, 2009

ဆွေးနွေးဖလှယ် အမြင်ကျယ်

စာဖတ်ပရိသတ်များ ခင်ဗျား

ကျွန်တော့်ရဲ့  Cbox မှာ ဆွေးနွေး ဖလှယ်ရင်း သဘောထားအမြင်များ ညှိနှိုင်းကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင် ဂုဏ်ယူ ပါတယ်။ တချို့  စာဖတ် ပရိသတ်များရဲ့ တောင်းဆိုချက်အရ ဆွေးနွေးဖလှယ် အမြင် ကျယ်ကဏ္ဍက ကောင်းနိုးရာရာများအား စုစည်းကာ ပထမပိုင်းအဖြစ် ယနေ့ ထုတ်နှုတ်တင်ပြ ပေးလိုက် ပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ Nemesis ၊ Anonymous၊ ပြည်သူ၊ ဘူးခါးနဲ့ နအဖ ကြောက်ကြီးကိုးလုံးတို့အား အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။ ဒီကဏ္ဍကိုလည်း အပတ်စဉ် တင်ပြပေးသွားမှာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား။

“ဒီလိုဆွေးနွေး ခဲ့ကြတယ်”

Anonymous: ငါပြောနေတာ မိကျောင်းမင်း ရေခင်းပြနေတာ မဟုတ်ဘူး။ တကယ့်နိုင်ငံရေးဆိုတာ ယခု မင်းတို့ကောင်တွေက ငါ့ထက် ပိုသိရင်သိမယ်.. ဒါမှမဟုတ် ငါက ပိုသိရင်သိမယ်.. သို့မဟုတ် ယခု စာတွေကို ဖတ်နေတဲ့ သူတွေက သိရင်သိမယ်။

Nemesis>>Anonymous: ဘယ်နိုင်ငံမှာမှ ရငွေသုံးငွေ ဘတ်ဂျက်ကို မကြေငြာပဲမထားဘူး (ကင်ဂျုံအီး ကလွဲရင်). ဘယ်နိုင်ငံမှာမှ အစိုးရငွေလဲနှုန်းနဲ့ ဘလက်ပေါက်ဈေး တမင်ဒီလောက် ခွာမထားဘူး။

ပြည်သူ>Anonymous: တို့ရောက်ဖူးတဲ့ နိုင်ငံတွေမှာတော့ စည်ပင်ရဲဆိုတာ ကြားတောင်မကြားဖူးပါဘူး၊ သူတို့ရဲ့ ပုလိပ်တွေက Protect and Serve ဆိုပြီး ကျမ်းကျိန်ထားပြီး အလုပ်လုပ်ရတာပါ။

Nemesis>>Anonymous: မင်းအားရင် ဘာသာစကားနားလည်မယ် ဆိုရင်ပေါ့ သူများ နိုင်ငံတွေ ပါလီမန် တွေမှာ ၀န်ကြီးချုပ်တွေ သမ္မတတွေကို ဘယ်လို ပြန်လည် debate လုပ်ကြတယ်။ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိတယ်။ ကမ္ဘာက ကိုယ့်နိုင်ငံကို ဘယ်လို မြင်တယ် လေ့လာ။

Anonymous: မင်းတို့ကောင်တွေက တိုးတက်ဆဲ နိုင်ငံငယ်လေးတွေကို အားပေးမှု မရှိပဲနဲ့ အပြစ်ပဲ ပုံဖို့ကြည့်နေတဲ့ ကောက်ရုံးပုံစောင့်တဲ့ ခွေးလိုပါပဲလား... မြန်မာ့စီးပွားရေး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ သွားမယှဉ် နဲ့လေ...

Nemesis>>Anonymous: မင်းတို့ကို တပ်ထဲက ရိုက်ထဲ့ပေးလိုက်တဲ့ဟာတွေ၊ သတင်းစာတွေထဲက ဟာတွေ မင်းတို့လူကြီးသြ၀ါဒတွေနဲ့ ပိတ်မိမနေပါစေနဲ့။ ကမ္ဘာမှာ မင်းတို့သင်ယူစရာ အများကြီးရှိသေးတယ်။

Anonymous: မင်းတို့လို ဒီမိုရူးတွေကြောင့် တိုးတက်မှု့ နှောင့်နှေးနေတာ.. ဒါကြောင့် စီးပွားရေး ထိုက်သင့်သလောက် အောင်မြင်မှု့မရဘူး... ထပ်ပြီးသုံးလိုက်ဦးမယ်.. ဘေးထိုင်ဘုပြောတဲ့ ကောင်တွေ။

ဘူးခါး>>Anonymous: ဆင်းရဲပါတယ်ဆိုမှ အဓမ္မ အနိုင်ကျင့်၊ ပေါ်တာဆွဲ၊ သေတော့လဲ ခြိမ်းခြောက်ခံရ၊ မင်းတို.သတင်းတွေထဲမှာ အဲဒါတွေ ရေးရဲသလား၊ ရဲလက်မှာ ရယကလက်မှာ သေတာလဲ မနည်းတော့ဘူး၊ အမှုမှဖွင့်လို.မရ ။

Nemesis>>Anonymous: မင်းကလဲ ကောက်ရိုးပုံစောင့်နေတာ မင်းလား၊ ငါတို့လား၊ အရင်ပြန်ကြည့်ပါအုံး။ သုံးမရတဲ့ စစ်အစိုးရရဲ့  ကောက်ရိုးပုံကြီး မင်းစောင့်နေတာပဲ။

Nemesis>>Anonymous: မင်းကိုလဲ ပြန်ပြောလို့ရတယ်။ ကိုယ့်အထက် လူကြီးတွေ အသုံးမကျ ဖြစ်နေတာကို ပြုပြင်ပြောင်းလဲဖို့ မစဉ်းစားပဲ မကောင်းတာကို မကောင်းဘူး ပြောသူတွေကိုပဲ လိုက်ရန်စောင် မနေနဲ့လေ။

ဘူးခါး>>Anonymous: (မင်းတို့လို ဒီမိုရူးတွေကြောင့် တိုးတက်မှု့ နှောင့်နှေးနေတာ) ဒီမိုတွေ မပေါ်ခင် နေ၀င်းလက်ထက်တုံးကတော့ ကမ္ဘာ့ အမွဲဆုံး ကြေငြာလိုက်ရတယ်လေ။ ကြွေးတွေ မဆပ်နိုင်တော့လို့။

Nemesis>>Anonymous: မင်းကိုငါတို့က ဒီစီဘောက်ထဲမှာ ပြောရုံပြောနေတာ တိုင်းပြည် စီးပွားရေးကို တကယ် မဟုတ်တရုတ်လုပ်နေတာ မင်းတို့ကောင်တွေ လုပ်နေတာ။ အရူးက လူကိုပြန်ဟစ် နေပါလား။

Anonymous: ထိုင်းသွားတယ်.. ဘယ်သွားလဲ ဗန်ကောက်၊ US ဘယ်သွားလဲ NY ... ဒီတော့ ကိုယ်ရောက်တဲ့ နေရာမှာ ကိုယ်သိသလောက်ပဲ ပြောနေတာလား..

Anonymous: ပြည်သူ မင်းရောက်ဖူးတဲ့ နိုင်ငံဆိုတာက, မင်းရောက်ဖူးတဲ့ နေရာလောက်ကိုပဲ သိမှာပေါ့.... Tourist တစ်ယောက်က သူတို့သွားတဲ့နေရာလောက်ပဲသိမှာပေါ့... တရုတ်ပြည်သွားတယ်.. ဘယ်သွားလဲ.. ဟောင်ကောင်။ဲ

Nemesis>>Anonymous: မင်းကိုငါပြောထားတာ ရှင်းရှင်းလေး၊ ဓါတ်ငွေ့တွေ ရောင်းတဲ့ ဒေါ်လာကို ၆ကျပ်နဲ့ ပြတယ်။ ၁၂၀၀ကျော်နဲ့ ပြန်ရောင်းတယ်။ အဲဒီငွေတွေဘယ်မလဲ။ အဲဒါတွေသာ အမှန်လုပ်ပါ တိုင်းပြည် ဖွံ့ဖြိုးအောင်လုပ်ဖို့ လုံလောက်ပါတယ်။

Anonymous: ဘူးခါး.. စီးပွားရေး ဘာကြောင့် ပိတ်ဆို့ရလဲဆိုတာတော့ မပြောတော့ဘူး... တစ်ခုပဲပြောမယ်.. မင်းတို့ ပထွေးအားကိုး ငတေမျိုးတွေကြောင့်၊ တိုင်းပြည်ကို နစ်တစ်ထက် နစ်အောင် လှုံဆော်မှု့တွေကြောင့် အခုလိုဖြစ်နေရတယ်။

Nemesis>>Anonymous: မင်းတို့ သတင်းစာတွေမှာပဲ ကြေငြာနေတာပါ တိုင်းပြည် တိုးတက်နေတယ်။ စည်ပင်အေးချမ်းနေတယ်။ သူပုန်တွေငြိမ်းနေတယ်။ မင်းပြောသလို နစ်သထက် နစ်နေတယ် မပြောပါလား။

ပြည်သူ: တို့စစ်ဘိုရှုပ်တွေရဲ့ တိုးတက်ဆဲ(နှစ်ငါးဆယ်ကြာ ဒီပုတ် ဒီပဲ) နိုင်ငံတော်ကြီးကို အားပေးချင်လွန်းလို့၊ ဒါပေမဲ့ သူခိုးဒါးရိုးကမ်းဆိုသလို ဖြစ်မှာမို့၊ ဒီသေနာကျ ဘိုရှုပ်တွေကို အရင်ဖယ်ရှားဖို့အရေးကြီးတယ်။

Anonymous: Nemesis> မင်းတို့ ရသုံးမှန်းချေ ငွေစာရင်းကို မင်းတို့လို ဒီမိုရူးတွေ သိစရာမလိုဘူးကွယ်... ဒီငွေအကြောင်းနဲ့ပက်သက်ပြီး မီးဖိုချောင်ဥပမာပေးခဲ့ပြီးပြီ.. နောက်တစ်မျိုးပြောပါ...

Nemesis>>Anonymous: မင်းကကွာ ငါပြောနေတာရှင်းရှင်းလေး. မင်းတို့ဂတ်စ်ရောင်းနေတာ US/EU မဟုတ်ပါဘူး ဆန်ရှင်ဆိုတာ အပေါ်ယံပါ။ မင်းတို့ရောင်းနေတာတွေကို ၆ကျပ်နဲ့ပြတယ်။ ၁၂၀၀နဲ့ရောင်းတယ် ကျန်တာတွေ ဘယ်မလဲဆို။

Nemesis>>Anonymous: အရူးရဲ့ တိုးတက်နေတဲ့ နိုင်ငံတိုင်းမှာ Budget ဟာ transparant ဖြစ်ရတယ်။ ဘယ်လောက်ရတယ် ဘယ်လောက်သုံးတယ် ပါလီမန်ကဆုံးဖြတ်ရတယ်။ မင်းတို့က ဗိုလ်ချုပ် ၄ယောက်ပဲ ဆုံးဖြတ်နေတာလေ။

Anonymous: ဒါက တိုင်းပြည် အုပ်ချုပ်မှု့ Strategy တစ်ခုပဲ..

ဘူးခါး>>Anonymous: ဒီမိုတွေ မပေါ်ခင် နေ၀င်း လက်ထက်တုံးကတော့ ကမ္ဘာအမွဲဆုံး ကြေငြာ လိုက်ရတယ် ကြွေးတွေ မဆပ်နိုင်တော့လို.။....စီးပွားရေး ပိတ်ဆို့တာတွေလဲ မရှိသေးဘူးကွ ဗိုလ်ချုပ်တွေ အုပ်ချုပ်ခဲ့တာဘဲ။

Nemesis>>Anonymous: မင်းတို့တွေ Timber, jewelတွေ အနောက်နိုင်ငံတွေကို တင်ပို့မရဘူးလို့ ဆန်ရှင်က လုပ်တယ်။ မင်းတို့နဂိုကတည်းကလဲ တင်ပို့နေတာ အဲဒီနိုင်ငံတွေမှမဟုတ်ပဲ။ ပြောချင်တာက နဂိုကရနေတဲ့ ငွေရလမ်းတွေ ဆန်ရှင်နဲ့ ဘာမှကိုမဆိုင်။

Anonymous: Nemesis> ဒါဆိုရင် မင်းတို့ ရဲ့ ဆရာကြီး US ကကော သူတို့ အစ်ကို ဘင်လာဒင်ကိစ္စက စလို့ စစ်သားဘယ်နှစ်ယောက် သေတယ်ဆိုတာတွေ၊ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပက်သက်ပြီး အတိအကျ စာရင်း ဖော်လား.. မလိုဘူးလေ။

Nemesis>>Anonymous: ရော့အဲဒါ CNNက ကြေငြာထားတဲ့ တရားဝင် စာရင်း http://edition.cnn.com/SPECIALS/2003/iraq/forces/casualties/

Nemesis>>Anonymous: ဘင်လာဒင်ကြောင့် သေတာဘယ်နှစ်ယောက် Iraq မှာဘယ်နှစ်ယောက် အခုထိ စာရင်းနဲ့အင်းနဲ့ ကြေငြာသပ.. စစ်အသုံးစရိတ်နဲ့တကွ ကြေငြာသပ။

Nemesis>>Anonymous: ရော့အဲဒါ စစ်အသုံးစားရိတ် http://www.whitehouse.gov/omb/rewrite/budget/fy2008/defense.html

Nemesis>>Anonymous: မင်းကွာ မပြောခင် တချက်လောက်အရင် ဂူဂယ်လိုက်ပါလား အခုတော့ မင်းမသိ တာ ငါတို့သိကုန်ပီ။

Nemesis>>Anonymous: အင်းပါ.... ဘာအကျိုးမှမရှိပဲ အငြင်းမပွားချင်ဘူး။ ဝေးနေတာကိုနီးအောင် ဆွေးနေတာကို ကောင်းအောင်၊ ပြတ်နေတာကို ဆက်အောင် ဆွေးနွေးတာမျိုးပဲ ဖြစ်ချင်တယ်။ မင်းက အစိုးရ ဆန့်ကျင်သူတိုင်း အသားလွတ် လာရမ်းတာကိုး။

Nemesis>>Anonymous: မင်းကိုပြောပြမယ် အနီးစပ်ဆုံး အင်ဒိုနီးရှား model ကိုပဲ ယူပါအုံး။ အင်ဒိုမှာလဲ မင်းတို့ Constitutionလိုပဲ စစ်တပ်ပါဝင်တဲ့ ပါလီမန်ဖြစ်ခဲ့တာပဲ။

Anonymous: Nemesis ဒါဆိုရင် အင်ဒိုနီးရှားက အုပ်ချုပ်ပုံလေး တစ်စိတ်လောက်ပြောပြပါလား....

Nemesis>>Anonymous: ဒါပေမယ့် အဲဒီစနစ်ဟာ မကောင်းဘူးဆိုတာကို ပြုပြင်ဖို့လုပ်ခဲ့တာ အခု လက်ရှိ သမ္မတပြန် အရွေးခံရတဲ့ ဗိုလ်ချုပ် Susilo ပဲ။ မင်းတို့က အဲဒီထက်ဆိုးတဲ့ အခြေခံဥပဒေကြီးကို အသက် သွင်းနေတယ် ။

Nemesis>>Anonymous: အင်ဒိုနီးရှားမှာလဲ အရင်ဆူဟာတိုလက်ထက်က မင်းတို့လိုပဲ သူက တိုက်ရိုက် ခန့်တဲ့ စစ်ဗိုလ်အမတ်တွေ ရှိခဲ့တာပဲ။ ဒါပေမယ့် ဆူဟာတို သိပ်အာဏာရှင် ဆန်လွန်းလို့ သူ့ကို ဖြုတ်ချ လိုက်တော့ အင်ဒိုနီးရှား စစ်တပ်ဟာ သမာသမတ်ကျခဲ့တယ်။

Nemesis>>Anonymous: အဲဒီ မကောင်းတဲ့ အင်ဒိုနီးရှား အာဏာရှင်ရေးခဲ့တဲ့ အခြေခံဥပဒေကို စစ်ဗိုလ်ချုပ် ကိုယ်တိုင်ကပဲ ပြန်ပြင်ပေးခဲ့တယ်။ အခု သူအုပ်ချုပ်တာ သူ့နိုင်ငံ ကောင်းတဲ့အတွက် သူ့ကိုထပ် ရွေးကြတယ်။

Nemesis>>Anonymous: အင်ဒိုနီးရှား ဗိုလ်ချုပ်တွေဟာ နအဖ စစ်ဗိုလ်တွေထက် သာတာက သူတို့ဟာ ပညာတတ်တယ် ကမ္ဘာမှာ ၀င်ဆန့်တယ်။ အဲဒီတော့ အမြော်အမြင်ရှိတယ်။

Anonymous: အခုပြောနေတဲ့ ဆရာတို့ ဒါဆိုရင် လက်ရှိမြန်မာပြည်ကြီးကို ဘယ်လိုလုပ်ရင် တိုးတက်မလဲ၊ ဘယ်လို အုပ်ချုပ်ရင် တိုးတက်မလဲ၊ ဘယ်သူအုပ်ချုပ်ရင် တိုးတက်မလဲ။ ဖြေပေးပါ...

ဘူးခါး>>Anonymous: (ဘယ်လိုလုပ်ရင် တိုးတက်မလဲ၊ ဘယ်လို အုပ်ချုပ်ရင်တိုးတက်မလဲ၊ ဘယ်သူ အုပ်ချုပ်ရင်တိုးတက်မလဲ။ ဖြေပေးပါ...) ဒီမိုကရေစီစံနစ်ကို ပြည်သူတွေလိုလား တင်မြှောက်တဲ့ ခေါင်းဆောင်က ဦးဆောင်ပြီးသွားရမယ်၊

Nemesis>>Anonymous: ဦးဆောင်မှုကို မင်းတို့ မယူရဘူး မပြောလိုဘူး။ ဒါပေမယ့် အတိုင်းတာ ဆိုတာရှိရတယ်။ နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ အားလုံးပါဝင်အောင် လုပ်ပေးနိုင်ရမယ်။ စစ်တိုက်ရုံနဲ့ တိုင်းပြည် ထိန်းမထားနိုင်ဘူးမှန်း မင်းလဲသိမှာပဲ။

ပြည်သူ>Anonymous: Anonymous ဆိုတဲ့ကောင် ကျား ကျားအော်ပြီး ဝင်လာပြီး ခုတော့ ကျမမှာ မီးယပ်ရှိပါတယ်ရှင် ဖြစ်သွားရော။

Anonymous: တပ်မတော်ဟာ လက်ရှိအုပ်ချုပ်မှု့ထက် ဆိုးသွမ်းသော ဥပဒေပြုမှု့၊ စီရင်မှု့တွေကိုမှ မလုပ်၊ မရည်ရွယ်ဘူး။ မင်းတို့လဲ တိုင်းပြည် ဆင်းရဲတာကို မလိုချင်ဘူး။ ငါတို့လည်း တိုင်ပြည်ဆင်းရဲတာကို မမြင် ချင်ဘူး။

ဘူးခါး>>Anonymous: (တပ်မတော်ဟာ လက်ရှိအုပ်ချုပ်မှု့ထက် ဆိုးသွမ်းသော ဥပဒေပြုမှု့၊ စီရင်မှု့တွေကိုမှ မလုပ်၊ မရည်ရွယ်ဘူး)။ ဒါဆိုရင် ဆိုးသွမ်းတဲ့ လက်ရှိစံနစ်ဆိုးကြီးကို ဘာ့ကြောင့် တပ်မတော်က ကာကွယ်နေသလဲ။

ဘူးခါး>>Anonymous: ထပ်ပြောမယ်၊ ဒီမိုကရေစီစံနစ်ကို ပြည်သူတွေလိုလား တင်မြှောက်တဲ့ ခေါင်းဆောင်က ဦးဆောင်ပြီး သွားရမယ်။ ဒါမှ ကမ္ဘာ့ဘဏ်အသီးသီး- နည်းပညာအသီးသီးနဲ့ အကူအညီရမယ်။ တရုတ်က သူ့ဖါသာ သူတောင် အနိုင်နိုင်။

နအဖ ကြောက်ကြီးကိုးလုံး - နအဖအာဏာ ထိခိုက်မှာ သေရမှာထက်“ကြောက်” ။

နအဖ ကြောက်ကြီးကိုးလုံး - သံဃာတော်များ မေတ္တာပွား စည်ကား လျှောက်မှာ “ကြောက်” ။ တိုင်းရင်း သားများ ညီညွတ်ထွား ခွန်အားတက်မှာ “ကြောက်” ။

နအဖ ကြောက်ကြီးကိုးလုံး - အောင်ဆန်းစုကြည် ပြည်.“ရတီ” ဦးဆောင်ချီမည် “ကြောက်” ။ ဒို့များပြည်သူ ယိုင်းပင်းကူ- အင်အားယူမည်“ ကြောက်” ။

နအဖ ကြောက်ကြီးကိုးလုံး - ကမ္ဘာတလွှား သတင်းများ လွင့်ပါးလာမှာ “ကြောက်” ။ ပေါ်လွင်ထူးခြား လူအများ ကျော်ကြားလာမှာ “ကြောက်”။

နအဖ ကြောက်ကြီးကိုးလုံး - လူတွေဝုန်းဝုန်း တပြုံးပြုံး စုရုန်း ညီမည် “ကြောက်” ။ ပညာစမ်းပွင့် ပွဲလည်တင့် မျက်စေ့ပွင့်မှာ “ကြောက်” ။

ကဲ......ချစ်စွာသော စာဖတ်ပရိသတ်များရဲ့  ဆွေးနွေးခန်းကို ဒီတစ်ပတ်တော့ ဒီတွင်ဘဲ ကြောက်ကြီးကိုးလုံးနဲ့ အဆုံးသတ် ရပ်နားလိုက်ပါတယ် ခင်ဗျား။ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။

July 25, 2009

ကြုံရဆုံရ တပ်တွင်းက ခါးသီးတဲ့ဘဝ

စာဖတ်ပရိသတ်များ ခင်ဗျား


အရာရှိ အရာခံ အကြပ် တပ်သားတွေရဲ့ စစ်တပ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကိုယ်တွေ့ကြုံခဲ့ရသမျှ ခါးသီးတဲ့ဘ၀တွေကို ဖြစ်ရပ်မှန် ဖေါ်ထုတ် တင်ပြလာကြရာ ဒီကနေ့မှာတော့ တပ်ကြပ်မင်းမင်းရဲ့ ကိုယ်တွေ့ ဆောင်းပါးတစ်ပုဒ်ကို တင်ပြပေးလိုက် ပါတယ်။ ယခုလို ပေးပို့ထားကြတဲ့ ပြည်တွင်း ပြည်ပမှ ဆောင်းပါးရှင် ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အားလုံးကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။


နေရောင်အောက်က အစိမ်းရောင်

ဆောင်းပါးရှင်- တပ်ကြပ် မင်းမင်း

၁၉၉၃ ခုနှစ်ကပေါ့။ သင်္ဃန်းညီနောင်ကျေးရွာ ကလေးရဲ့ ရွာထိပ် တဖက်မှာ မွတ်စလင် သင်္ချိုင်းနဲ့ မြန်မာသင်္ချိုင်း နှစ်ခုရှိတယ်။ သင်္ချိုင်းနှစ်ခုကို ဖြတ်ပြီး ကျွန်တော်တို့ တပ်ကို တည်ဆောက် ထားပါတယ်။ ကျွန်တော်တို့တပ်အမည်က အ.မ.တခွဲ (၀၈၂) ဖြစ်ပြီး ထိုအချိန်က တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေသူမှာ ဗိုလ်မှူး သိန်းဝင်း ဖြစ်ပါတယ်။ ယာယီတပ် တည်ဆောက်ဖို့ အတွက် ကျွန်တော်တို့ တပ်ကို ဘတ်ဂျက်ငွေက ၆ သိန်းခွဲ ရောက်ရှိ လာပါတယ်။

အဲဒီ ငွေထဲမှာ အမှန်တကယ် ကုန်ကျပြီး ၀ယ်ယူရတဲ့ ပစ္စည်းက သံဖိုးနဲ့ အင်ဖက်ဖိုး စုစုပေါင်း အမှန်တကယ် ငွေငါးသောင်းခန့်သာ ကုန်ကျ ပါတယ်။ သစ်/၀ါး ကိုတော့ မ၀ယ်တော့ဘဲ မဲကနယ် ကျေးရွာရဲ့ အနောက်ဖက် သစ်တောထဲက သစ်/၀ါးတွေကို ကျွန်တော်တို့က ခုတ်ယူရပါတယ်။ နေ့စဉ် (၇) နာရီထိုးရင် တန်းစီ လူစစ်ပြီးတာနဲ့ သစ်ခုတ်တာဝန်အတွက် စစ်သည် အယောက် (၂၀)ကို ထုတ်ပြီး သစ်ခုတ်/သစ်ခွဲ တာဝန်ကို အလှည့်ကျ သွားရောက် လုပ်ကိုင်ကြရ ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်ဦးဆောင်ပြီး (၁၀)ယောက် တစ်ဖွဲ့က သစ်ခုတ်ဖို့ တာဝန် ကျခဲ့ ပါတယ်။ ကျန် (၁၀) ယောက်ကတော့ ခုတ်ထားတဲ့ သစ်တွေကို သစ်ခွဲစက်သို့ ပို့တဲ့ တာဝန်ကျပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ရဲဘော်သစ်လေး တင်မောင်ထွေးလည်း ပါလာခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် စစ်သည် ဆယ်ဦးဟာ လွှသုံးလက်နဲ့ အင်ပင်တွေကို တစ်ပင်ပြီး တစ်ပင် လိုက်လံ ခုတ်လှဲရပါတယ်၊ အချိန်က နံနက် (၁၀)နာရီခန့်တွင် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ညာဘက် (၁၅) လှမ်း အကွာခန့်မှာ တစ်ပေခန့် လုံးပတ်ရှိတဲ့ အင်ပင်တစ်ပင်ကို ရဲဘော်ဇော်နိုင်နဲ့ ရဲဘော်သစ် တင်မောင်ထွေးတို့ နှစ်ယောက် ဖြတ်နေကြပါတယ်။

ကျွန်တော်လဲ အပင် လဲခါနီးပြီမို့ သူတို့အနားကို အရောက်သွားပြီး အပင်လဲတော့မယ် သတိထားလို့ ပြောလိုက်ပါတယ်။ မကြာမီ အပင် လဲကျသွားရာ အပင်လဲကျသည့် ဘက်တွင် ၄၅ ဒီဂရီ စောင်းပြီး ပေါက်နေတဲ့ အခြား အပင်တစ်ပင်ကြောင့် လဲကျလာသော အင်ပင်က တည့်တည့် ကျရောက်လာခါ ပြန်လည်တွန်းကန်လာပြီး ရဲဘော် တင်မောင် ထွေးရဲ့ ကျောပေါ်ကို အမှတ်မထင် ကျရောက်သွားပါတယ်။

“အား” ဆိုတဲ့ အော်သံနဲ့အတူ ရဲဘော် တင်မောင်ထွေးရဲ့ ကျောပေါ်မှာ အင်ပင် ပိနေ ပါတော့တယ်။ ရဲဘော်များအား ခေါ်ပြီး အင်ပင်အား ဖယ်ရှားလိုက်တဲ့အခါ သူ့ရဲ့ ခါးရိုး ကျိုးပြီး အပြင်ကို ဖောက်ထွက်နေတာ တွေ့လိုက်ရပါတယ်၊ သူ့ကို ခေါ်ကြည့်တဲ့အခါ သတိမေ့နေရှာပါတယ်။

ကျွန်တော်အပါအ၀င် ရဲဘော် (၃)ယောက်နဲ့ အတူ ကားလမ်းမကို ရဲဘော်တင်မောင် ထွေးအား ပွေ့ချီပြီး ထွက်လာခဲ့ကြပါတယ်။ မြ၀တီမှ ညီနောင်ကို မောင်းလာတဲ့ လိုင်းကား တစ်စီးအား အကူအညီတောင်းပြီး အခြေချ စစ်ဗျူဟာ (၃) ဆေးခန်းကို ပို့ပေးခဲ့ပါတယ်၊ ထို့နောက် ကျွန်တော်ဟာ တပ်ခွဲကို ပြန်လာပြီး တာဝန်မှူးအား သတင်းပို့လိုက် ပါတယ်။ သတင်းပို့ပြီးနောက် သစ်ခုတ်တဲ့နေရာကို ပြန်လာခဲ့ရပါတယ်။

ရဲဘော်တင်မောင်ထွေးအား အရေးပေါ် လူနာကားနဲ့ ရန်ကုန်ကို ပို့ဆောင်စဉ်မှာလည်း မိမိ ကိုယ်ကျိုး အတွက် ကြားမှ အမြတ် ထုတ်တဲ့ အရာရှိကလည်း ရှိပါသေးတယ်။ ထိုအချိန်က အရေးပေါ်ကားဆိုလျှင် အစစ်အဆေး မရှိသည့်အတွက် ကုန်သည် များဟာ အင်မတန်မှ လိုက်ပါ သွားလိုကြပါတယ်။ လူနာကို သွားရောက်ပို့ဆောင်ရမဲ့ အခြေချ အမှတ်(၃) စစ်ဗျူဟာမှ အရာရှိကလည်း ကိုယ်ကျိုးအတွက် မြ၀တီကို သွားပြီး ကုန်ပစ္စည်း များကို တင်လိုက် ပါသေးတယ်။ လူနာ အရေးကြီးလည်း ဂရုမစိုက်ဘဲ သူ့အတွက် ငွေရရှိမှသာ ရဲဘော် တင်မောင်ထွေး အား တင်ဆောင်ကာ ညနေ (၃)နာရီခန့်မှ ရန်ကုန်ကို ထွက်ခွာ သွားကြောင်း သိရပြန်ပါတယ်။

နောက်ပိုင်းမှာ ရဲဘော် တင်မောင်ထွေးအား နစ်နာကြေး ငွေပေးပြီး တပ်မတော်မှ ထွက်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။ ရရှိတဲ့ ဒါဏ်ရာကတော့ တသက်လုံး အလုပ်ကြမ်း လုပ်မရ လူစဉ် မမှီတော့ပါ။ နောက်နှစ်လခန့် အကြာမှာတော့ ဗိုလ်မှူးသိန်းဝင်းဟာ လေးလပတ် အစည်းအဝေးတက်ဖို့ ရန်ကုန်သို့ သွားရောက်ရ လေတယ်။ အစည်းအဝေးမှ ပြန်လာတဲ့အခါ တပ် တည်ဆောက် ရေးအတွက် ရရှိထားတဲ့ ဘတ်ဂျက်ငွေ (၆)သိန်းနဲ့ ညီနောင် ဂိတ်မှ ကြားပေါက် အကြံအဖန် ရတဲ့ငွေပေါင်းပြီး မိမိကိုယ်ကျိုးအတွက် (ပါပလေကာ) ကားတစ်စီး ၀ယ်ကာ ပျော်ရွှင်စွာ ပြန်လာတာကို တွေ့ရလေတော့တယ်။

ရဲဘော် တင်မောင်ထွေးမှာတော့ ၎င်းအရာရှိများရဲ့ ကိုယ်ကျိုးစီးပွား ရှာသွားပုံတွေကို မသိလို ရှာခဲ့ပေ။ ကျွန်တော်တို့မှာလည်း ဆက်လက်ရုန်းကန်ရင်း ပေးဆပ်ရင်း နေရောင် အောက်က အစိမ်းရောင် ဘ၀မှ လွတ်နိုင်မဲ့ တစ်နေ့ကိုသာ မျှော်ငေးခဲ့လျှက်……..


July 24, 2009

ရေတပ် အရာရှိတစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ – အပိုင်း (၈)

တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၈)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဆောင်းပါးရှင် မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ အပိုင်း(၈)ကို ဒီကနေ့ ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဆောင်းပါးရှင်ဟာ မြန်မာ့တပ်မတော် ရေတပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သောကြောင့် စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရကာ ထောင်တွင်း မှာပင် ကျဆုံးခဲ့ရသော မျိုးချစ်ပြည်သူ့တပ်မတော်သား တစ်ဦး ဖြစ်ပါတယ်။ ဆောင်းပါးရှင် အား ဂုဏ်ပြုသောအားဖြင့် ကိုယ်တွေ့ကြုံခဲ့ရပုံ တိုက်ရေယာဉ် ၁၀၃ ကို ဂုဏ်ပြု တင်ဆက် ပေးလိုက်ရပါတယ်။

ဆောင်းပါးရှင် - မောင်သော်က ( မြန်မာ့တပ်မတော် (ရေ) မှ ဗိုလ်မှူးတစ်ဦး )

ကျွန်တော် ကုန်းပတ်ထက် ပြန်ရောက်သောအခါ ရေစုပ်စက်ကို နှိုးရန် ကြိုးစားနေ ကြသော်လည်း နှိုး၍ မရနိုင်သေးသည်ကို တွေ့ရသည်။ တပ်ကြပ်/စက် ကျော်ညွှန့်မှာ ခရီးကြုံစီး ရဲဘော်တစ်ဦး ဖြစ်သည်။ သူသည် ဓါတ်ဆီသုံး အင်ဂျင်စက်များကို အလွန် ကျွမ်းကျင်နိုင်နင်းသူ ဖြစ်၏။ သူလည်း စက်နှိုးရာတွင် ၀င်ရောက် ကူညီနေသည်ကို တွေ့ရ သည်။ သို့သော် ရေစုပ်စက်က ဖွတ်ချက် ဖွတ်ချက်သာ မြည်နေသည်။ မနှိုး။

ထိုစဉ် ရှေ့ဆီသို့ ကြည့်နေသော ဗိုလ်ကြီး စောဦးက

“ဟေ့… ရှေ့က အံဖုံးတံခါးကို ဘယ်သူဖွင့်တာလဲ ကွ” ဟု လှမ်းအော်နေ၏။

ကျွန်တော်က ပဲ့စင်ထက်သို့ အပြေးအလွား တက်လိုက်ကာ….

“ကျုပ် ဖွင့်ခိုင်းတာပဲ ဗိုလ်စောဦး၊ အဲဒီ အပေါက်က သံပုံးတွေနဲ့ ခပ်ထုတ်ခိုင်း မလို့” ဟု ဆိုလိုက်သည်။

“ဟာ မဖြစ်ဘူးထင်တယ် စီအို၊ ဟိုမှာ ကြည့်ပါဦး”

သူပြော၍ ကျွန်တော်ကြည့်လိုက်သည်တွင် လှိုင်းလုံးတစ်လုံးသည် ကျုံး၍တက်လာကာ ဦးပိုင်းကို ဖုံးသွားသည်တွင် ဖွင့်ထားသော အံဖုံး တံခါးမှ ဦးပိုင်းခန်းတွင်းသို့ ဒလဟောဝင် သွားသည်ကို မြင်လိုက်ရသည်။

“ ဟာ….ဟုတ်တယ်၊ ဖြစ်မယ် မထင်ဘူး၊ သွားပြီး ပြန်ပိတ်ခိုင်းလိုက်ဗျာ”

ဗိုလ်စောဦး ပြန်ဆင်းသွားသည်။ ဤတစ်ကြိမ်တွင် ဗိုလ်သန်းလွင်လည်း သူနှင့် လိုက်သွား သည်ကို တွေ့ရ၏။ ကျွန်တော်က ပဲ့စင်ထက်တွင် ကြီးကြပ်မှု တာဝန်ကို ဆက်ယူသည်။ တပ်ကြပ်ကြီး ကိုကိုကြီးက တက်မကို ကိုင်လျက် ရှိနေသည်။ ထိုအခိုက် နောက်ထပ် ၀ုန်းဒိုင်းအသံများ ဦးဆီမှ ကြားရသည်။ သစ်သား ကျိုးသံများလည်း ကြားရသည်။ ရေများဖုံးနေ၍ သဲကွဲစွာ မမြင်ရ၊ ပဲ့စင်အနီးတွင် တပ်ကြပ် စံခိုဆိုသူ ရှိနေသည်။ စံခိုမှာ ကျွန်တော် ရဲဘော်ဘ၀ကပင် ရင်းနှီးသူ တစ်ဦးဖြစ်သည်။ သူသည် ချင်းအမျိုးသား ရဲဘော် တစ်ဦးဖြစ်၏။

“ဟေ့.. စံခို၊ မင်း ဦးပိုင်းကို ကုန်းပတ်ပေါ်က လျှောက်သွားပြီး ဘာဖြစ်သလဲ သွားကြည့်စမ်း၊ ခါးကို ကြိုးတစ်ချောင်းနဲ့ ချည်သွားနော်၊ တစ်ယောက်ယောက်ကို အသက်ကယ်ကြိုး (Life Line) ကိုင်ဖို့ ပြောထားပြီး သွား၊ ဟုတ်လား”

“ ဟုတ်ကဲ့ စီအို”

ရှေ့ပိုင်း ဦးဘက်ဆီသို့ ကုန်းပတ်ထက်မှ လျှောက်သွားရန် ဆိုသည်မှာ ယခု ကဲ့သို့သော လှိုင်းလေတွင် ဧရာမ စွန့်စားခန်းကြီးတရပ် ဖြစ်ပါသည်။ လှိုင်းက ကုန်းပတ် တစ်ခုလုံးကျော်သွားပြီးမှ ပင်လယ်တွင်း ဆင်းသွားသည်။ လှိုင်းလုံးနှင့်အတူ လူးလိမ့်ကျ ပါသွားနိုင်သည်။ ကိုင်စရာ၊ တွယ်စရာ၊ တစ်ခု မရခဲ့လျှင် လူအင်အားချည်း သက်သက် နှင့်တော့ လှိုင်းဒဏ်ကို မခံနိုင်၊ ပင်လယ်တွင် ခြေက မမြဲ၊ လက်က မြဲစေရသည်။

ကိုယ့်အသက်သည် ကိုယ့်လက်တွင်းမှာပင် ရှိ၏။ မတော်တဆ လိမ့်ကျသွားခဲ့သော် တစ်စုံတစ်ဦးက ဆွဲတင်ယူနိုင်စေရန် အတွက် မိမိခါးကို ကြိုးတစ်ချောင်းနှင့် မြဲစွာ ချည်နှောင်ထားပြီးမှ သွားရသည်။ စံခိုသည် ကြိုးတစ်ချောင်းကို ခါးတွင် ချည်နှောင်ကာ ဦးပိုင်းဆီသို့ လက်ကိုင်တန်းတလျောက် ကိုင်တွယ်ခိုပြီးမှ သွားကြည့်သည်။ အတန်ကြာ သော် ပြန်လာပြီး -

“ရှေ့ပိုင်း Gun Pit (အမြောက်အောက်ခြေ သံမဏိပြားဝိုင်း) ကြီး အောက်ခြေမူလီတွေ ပြတ်သွားပြီး ယမ်းနေတယ်၊ Ventilor Hatch Cover (အံဖုံးတံခါး) လဲ ကျိုးသွားပြီ” ဟု သတင်းပို့သည်။

ကျွန်တော် အခြေအနေကို နားလည်လိုက်ပါသည်။ ရှေ့ပိုင်းရှိ ၄၀ မမ ဘိုဖာ အမြောက်ကြီးကို “ပ” ပုံသဏ္ဍာန်ရှိ သံပြားဖြင့် အောက်ခြေမှ ၀ိုင်းလည်ကာထားသည့် သံမဏိပြားဝိုင်းကြီး ရှိသည်။ ထိုအ၀ိုင်းကြီးကို အောက်ခြေ ပတ်လည်တွင် သင်္ဘော ကုန်းပတ်နှင့် မူလီများ အားဖြင့် စုပ်တွယ်ထားသည်။ ထိုမူလီများသည် တော်ရုံ တန်ရုံမျှသော ဒဏ်ကိုမဖြုံ၊ သို့သော် ယခု ပြင်းထန်သော လှိုင်းလုံးများက ဆက်ကာ ဆက်ကာ သံပြားဝိုင်းကို တိုက်သောအခါတွင်မူ နှစ်တာရှည်စွာ သံချေးစားသော မူလီများ ပြတ်ထွက်ကုန်ကြသည်။ မူလီများ ပြတ်ထွက်သွားသည့် ပ ပုံသဏ္ဍာန် သံပြားဝိုင်းကြီးသည် ရေတွင် ကျသွားခဲ့လျှင် တော်ပေမည်။ ယခုမူ မည်သည့်နည်းနှင့်မျှ ကျမသွားနိုင်၊ ပ ပုံတွင် ပွင့်နေသည့်အပိုင်းမှာ လူနှစ်ဦးစာ ၀င်သာရုံမျှသာ ရှိသည်။

အမြောက်စင်၏ အောက်ခြေထုက ထိုအပေါက်ထက် အဆမတန် ကြီးမားသည်။ ထို့ကြောင့် အမြောက်စင်ကာသံပြားသည် အမြောက်ကြီးကို ဗဟိုပြုလျက် လှိုင်းလုံး ဆောင့်တိုင်း ချာလပတ်လည် ယမ်းကာ အနီးဝန်းကျင် ရှိသမျှကို စိတ်ရှိ လက်ရှိ ရိုက်ချိုး နေသည်နှင့် တူတော့သည်။

သူ့ကို ထိန်းချုပ်ရန် မဆိုထားနှင့်၊ အနီး ၀န်းကျင်သို့ပင် မသွားရဲကြတော့၊ မမျှော် မှန်းနိုင်သည့် အချိန်အတွင်း မမျှော်မှန်းသည့် လှိုင်းလုံးတစ်လုံး ပြေးဆောင့်လိုက်ပါက အမြောက်စင် သံပြားဝိုင်းကြီးသည် ပြေးဆောင့် ၀င်လာမည် ဖြစ်ပါသည်။ ၂၅ ဟန္ဒြိတ်မျှ မကရှိသည့် သံပြားဝိုင်းကြီးတစ်ခုနှင့် တအားပြေးဆောင့်သည့် ဒဏ်ကို မည်သည့် လူသားမျှ ခံနိုင်ကြမည် မဟုတ်။

ကျွန်တော်သည် ပဲ့စင်ထက်တွင်ရပ်ကာ ဦးပိုင်းကုန်းပတ် ထက်တွင် နွားရိုင်းကြီး တစ်ကောင် လွတ်သလို ထင်တိုင်း သောင်းကျန်းနေသည့် သံပြား ၀ိုင်းကြီးကိုမြင်ရသည်က တစ်ချက်၊ မမြင်ရသည်တစ်ချက်နှင့် မတတ်သာ၊ မနိုင်သာ ကြည့်နေရတော့သည်။ သစ်သားများ သံတိုင်များ တဖြောင်းဖြောင်း ကျိုးသံကိုမူ နားမချမ်းသာစွာ ကြားနေရသည်။

ထိုစဉ် ဗိုလ်ကြီးစောဦးနှင့် ဗိုလ်လေးသန်းလွင်တို့ ပဲ့အိမ်အတွင်းမှ ပြေးထွက်လာကာ….

“စီအို၊ ရေတွေ အောက်ကလဲဝင်တယ်၊ Hatch Cover လဲ ကျိုးသွားပြီ၊ အပေါက်ကလဲ ဒလဟော ရေ၀င်နေတယ်” ဟု သတင်းပို့သည်။

ကျွန်တော်သိတယ် ဗိုလ်စောဦး၊ ရှေ့ပိုင်းက Hatch Cover (အံဖုံးတံခါး) ကျိုးသွားပြီး ရေပုံးနဲ့ ရေခပ်ထုတ်ဖို့လဲ မဖြစ်နိုင်တော့ဘူး၊ ရှေ့ပိုင်းက ရဲဘော်တွေ အကုန်ထွက်ခိုင်းပြီး
Water-Tight Doors (ရေလုံတံခါး) တွေသာ ပိတ်လိုက်ပေတော့”

ဗိုလ်ကြီးစောဦး ရေလုံတံခါးများ ပိတ်ရန် ပြန်ဆင်းသွားသည်။ ထိုအချိန်တွင် ကျွန်တော်က ကြိုးမဲ့ကြေးနန်း တပ်သားအား အခေါ်ခိုင်းလိုက်၏။ တပ်သား ခင်မောင်လတ်မှာ သူ၏ ကြိုးမဲ့ကြေးနန်း စက်ခန်း ဖြစ်သော ပဲ့အိမ်တွင်းမှာ ရှိနေသည်။

“ဟေ့ ခင်မောင်လတ် ၊ Message Pad (က/န ပုံစံစာရွက်) ယူခဲ့၊ ဒါထက် မနေ့ညက ပို့ခိုင်းခဲ့တဲ့ က/န နှစ်စောင် ပို့ပြီးပြီ မဟုတ်လား”

“ မပို့ရသေးဘူး စီအို”

“ ဟင်…”

ကျွန်တော်သည် အလွန်အံ့အားသင့်လျက် အလွန်လည်း စိတ်ဆိုးသွားပါသည်။

“ ဘာဖြစ်လို့ မပို့သလဲကွ၊ မင်းအဲဒါပို့မပြီးရင် မအိပ်နဲ့လို့ ငါသေသေချာချာ မှာထားတယ် မဟုတ်လား”

သူသည် မည်သို့မျှ အဖြေမပေး၊ သူလှိုင်းမူးနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် မည်သို့မျှပင် လှိုင်းမူးသည် ဖြစ်စေ (ညက လှိုင်းသည်လည်း မဖြစ်စလောက်ဟု ထင်ပါသည်) တာဝန်ကိုတော့ ကျေပွန်စွာ ထမ်းသင့်သည်ဟု ကျွန်တော် ထင်သည်။ ယခုမူ ကျွန်တော့် ထင်မြင်ချက်သည် ပါစင်အောင် လွဲခဲ့ပြီဖြစ်၏။ ကျွန်တော့် ပါးစပ်မှ ဖရုဿ ၀ါစာတွေ တသီကြီး ထွက်သွားသည်။

“သွား၊ Message Pad ယူခဲ့၊ စက်ဖွင့်၊ ငါကိုယ်တိုင် ပို့မယ်”

ခင်မောင်လတ်သည် သတင်းပို့ ပုံစံစာရွက်ယူရန် ပဲ့အိမ်တွင်း ပြန်ဝင်သွားသည်။ ဗိုလ်ကြီး စောဦး ပြန်ဝင်လာကာ ရေလုံတံခါးများ ပိတ်ထားခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။ သို့သော် ရေလုံတံခါးများ ကောင်းစွာ စိတ်ချရမည် မထင်ကြောင်း ပြော၏။ ရှေ့ပိုင်းဦးခန်းတွင် ရေသည် ရင်ခေါင်းမျှထိ ရှိနေပြီ ဖြစ်ကြောင်းလည်း ပြော၏။ ကျွန်တော် ရပ်နေရာ ပဲ့စင် ထက်မှ ကြည့်လိုက်ရာတွင် သင်္ဘောဦးသည် ယခင်က လှုပ်ရှားမှုမျိုးဖြစ်သည့် မြင်း ပတပ်ရပ်သကဲ့သို့ ဦးထောင်ခြင်းမျိုးကို လုံးဝ မပြုတော့ဘဲ ဦးစိုက်နေပြီ ဖြစ်ကြောင်း တွေ့ရတော့၏။

“ကဲ ဗိုလ်စောဦး ၊ ပဲ့စင်ပေါ်တက်၊ စက်မကြီးကို ရှေ့လုံးဝ မမောင်းနဲ့တော့၊ Water-Tight Doors တွေက ဘယ်လောက်ကြာကြာ ခံမယ်မသိဘူး၊ ကျွန်တော် Message ပို့ လိုက်ဦးမယ်”

ကျွန်တော်သည် သင်္ဘော အတိဒုက္ခရောက်ချိန်တွင် ပို့လေ့ရှိသည့် Distress Signal ခေါ် အက်စ်-အို-အက်စ် S-O-S သတင်း ပို့လွှင့်ရန်အတွက် ပဲ့အိမ်တွင်း စက်ရှိရာသို့ ၀င်လာခဲ့သည်။ ကျွန်တော် အရာရှိမဖြစ်မီက ဆက်သွယ်ရေး တပ်တွင် တပ်ကြပ်အဆင့် အထိ အမှုထမ်းခဲ့ဖူးခြင်းကြောင့် အင်္ဂလိပ် ကြိုးမဲ့ကြေးနန်း ပို့သည့် မော့စ် သင်္ကေတကို ကောင်းစွာ တတ်ပါ၏။ ထို့ကြောင့် ခင်မောင်လတ်အား မလွှဲတော့ဘဲ ကိုယ်တိုင် ပို့လွှင့်ရန်အတွက် စက်ကို ဖွင့်လိုက်သည်။ စက်ဖွင့်လိုက်သည် ဆိုလျှင်ဆိုချင်းပင် စက် အတွင်းမှ မီးပန်းမီးပွား မီးခိုးများ ထွက်လာကာ တစ်စုံတစ်ရာကို လောင်ကျွမ်းသည့် ညှော်နံ့များပါ ပေါ်လာတော့သည်၊ ကြေးနန်းရိုက်လက်တံ Morse Key ကို ကိုင်ထားသည့် ကျွန်တော့်လက်များကို ဓါတ်လိုက်ကာ နောက်သို့ လန်သွားတော့သည်။

ကြိုးမဲ့ကြေးနန်းစက်၏ ပင်မ လျှပ်စစ်ဓါတ်အားပေးစက်မှာ ၁၁၀ ဒီစီ ဖြစ်ခြင်းကြောင့် သာလျှင် ဓါတ်လိုက်၍ မသေခြင်း ဖြစ်သည်။ အမေရိကန် စက်များတွင် လျှပ်စစ် ဗို့အား ၁၁၀ ဒီစီကိုသာလျှင် သုံးသည်။ သို့သော် လျှပ်စစ် ဓါတ်အားလွှတ်တိုင်း ဆက်သွယ်ထား ခြင်းမှာ မူလက အတိုင်း မဟုတ်တော့ဘဲ သင်္ဘော၏ မီးအားပေးလိုင်းတို့နှင့် ဆက်သွယ် ထားခြင်း ဖြစ်သည့်အတွက် သင်္ဘောဦးပိုင်း ရေ၀င်သည်ဆိုလျှင်ပင် ဓါတ်အားလိုင်း ၀ါယာ ကြိုးများ ဓါတ်လိုက်နေခြင်း ဖြစ်သည်။


ကျွန်တော် နောက်တချီ အသံလွှင့်စက်ကို ထပ်ဖွင့်ရန် ကြိုးစားကြည့်ရာ နောက် တချီ ဓါတ်လိုက်ကာ မီးခိုးများ အူထွက်လာပြီး အသံလွှင့်စက် ရပ်ဆိုင်းပျက်စီးသွားတော့ သည်။ ကျွန်တော်တို့တွင် ဤစက်မှတပါး အရေးပေါ် အသုံးပြုရန်အတွက် ဘက်ထရီဖြင့် သုံးသည့် ကြိုးမဲ့ကြေးနန်းစက် မပါရှိ။ ဤစက်သာလျှင် ကျွန်တော်တို့ ဌာနချုပ်နှင့် ဆက်သွယ်ရာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရာတွင် တစ်ခုတည်းသော အားကိုးရာ ဖြစ်၏။ ယခုစက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

စက်ကောင်းစဉ်ကလည်း သတင်းမပို့နိုင်ခဲ့၊ သတင်းပို့ရန် ပျက်ကွက်ခဲ့သည်။ အနည်းဆုံး အားဖြင့် ည (၈)နာရီ ခရီးစဉ် သတင်းကို ဌာနချုပ်မှ ရရှိခဲ့လျှင် ကျွန်တော်တို့ သင်္ဘော မည်သည့်အရပ်သို့ ဦးတည် ခုတ်မောင်းနေသည်၊ မည်သည့်နှုန်းနှင့် ခုတ်မောင်းနေလျက် မည်သည့်နေရာတွင် ရောက်ရှိ နေလောက်ပြီကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

ယခုသော် ကျွန်တော်သည် ရန်ကုန်ဆိပ်ကမ်းမှ ခွာသည်တွင် ထွက်ခွာသည့် အကြောင်းကိုသာ သိခဲ့ရလျက် လမ်းခရီးတွင် မည်သည့် သတင်းပို့ချက်မှ မပြုခဲ့၊ ဤသည်မှာ ကျွန်တော်တို့၏ ကံကြမ္မာကို အဆိုးဆုံး ဖြစ်စေသည့် ကျွန်တော်တို့ ဘက်မှ ချွတ်ယွင်းချက်ဖြစ်သည်။ ယခု အလွန်အချိန်နောက်ကျခါမှ မည်သည့်ဆက်သွယ်မှုကိုမျှ ပြု၍ မရတော့မှ ကျွန်တော်သိရတော့သည်။

July 23, 2009

ရေတပ် အရာရှိတစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ – အပိုင်း (၇)

တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၇)

ဆောင်းပါးရှင် – မောင်သော်က (တပ်မတော် အရာရှိဟောင်း တစ်ဦး)

သင်္ဘောကွဲကာနစ်မြုပ်ပြီ

နံနက်မိုးလင်းလာသည်နှင့်အမျှ လေမှာ ပိုမို ပြင်းထန်လာကာ အရှေ့အရပ်ဆီမှ တိုက်ခတ်လာသည်။ သင်္ဘော ရွက်တိုင်ဆိုင်းကြိုးကို လေတိုးသံသည် လေချွန်သကဲ့သို့ မြည်လာသည်။ လှိုင်းလုံးများမှာလည်း အရှိန်အဟုန် ပြင်းစွာဖြင့် သင်္ဘော၏ ၀ဲဘက် နံတောင်းမှ ကျော်လွှားကာ သင်္ဘောရှေ့ဦးပိုင်း ကုန်းပတ် တစ်ခုလုံးကို ဖုံးအုပ်ကျော်လွှား ပြီး ယာဘက်သို့ လှိမ့်ဆင်းသွားကြ၏။ ရာသီဥတု မှိုင်းပျနေခြင်းကြောင့် သင်္ဘောဝဲဘက် မိုင် ၂၀ ခန့် အကွာတွင် (Moscos Island) လောင်းလုံ ဘုတ်ကျွန်းများကို မှုန်ပျပျသာ မြင်ရသည်။ သင်္ဘောဦးထိပ် ၀ဲဘက်တွင်ရှိမည် ခန့်မှန်းရသော (Tavoy Island) မလိကျွန်းမှာ မမြင်သေးပါ။ သင်္ဘောသည် ၀ဲယာ ယိမ်းကာ လူးနေခြင်းမှာ တခါတရံတွင် ဒီဂရီ ၃၀ မျှ စောင်းသွားရာ ပြန်ထောင်မလာတော့ဟုပင် ထင်ရသည်။ အတန်ကြာမှ တဖက်သို့ စောင်းရာမှ ပြန်မတ်လာကာ နောက်တဖက်သို့ စောင်းသွားသည်။

သင်္ဘော ကုန်းပတ်ပေါ်တွင် ရွေ့လျားနိုင်သည့် အရာဟူသမျှ ကြိုးများနှင့် ခိုင်မာစွာ တုတ်နှောင် ထားရသည်။ နံနက် ၇ နာရီခန့်တွင် ကျွန်တော်သည် ၀ဲယာ လူးလျက် တိမ်းစောင်းခြင်းမှ သက်သာစေရန် ဦးတည်လမ်းကြောင်းကို အရှေ့တောင်ဆီသို့ ပြောင်း လိုက်သည်။ ထိုအခါတွင် ၀ဲယာ တိမ်းစောင်းခြင်း သက်သာသော်လည်း ဦးစောင်း ပဲ့ထောင် လှုပ်ရှားမှုမှာ ပိုများလာတော့သည်။

လှိုင်းလုံးများသည် သင်္ဘောဦးဆီမှ မြည်ဟည်း တက်ကြွလာကာ ပဲ့စင်ထက်ရှိ တာဝန်ကျ နေသူ အားလုံးအား ရွှဲစိုသွားစေ၏။ ရှေ့ပိုင်းရှိ အမြောက်နှင့် အမြောက်စင်ခြေရင်း သံမဏိပြားဝိုင်းကိုလည်း ဖုံးအုပ်သွားသည်။ ဤအနေအထားတွင် သင်္ဘောဦးမှာ မြင်းတစ်ကောင် ပတတ်ရပ်သည့်ပမာ ရေပေါ်တွင် ပေါ်လာလိုက် ရေအောက်တွင် ဖုံးအုပ်သွားလိုက်နှင့် ဦးပဲ့ထောင် ရှိနေသည်။ ကျွန်တော့် သင်္ဘောဦးသည် ဤဒဏ်ကို တာရှည်မခံနိုင်ဟု ထင်သည့်အတွက် နာရီဝက် သာသာ မောင်းပြီးလျှင် မူလ ရေကြောင်း တွင် ပြန်၍ဦးတည် ထားလိုက်ရသည်။

ကုန်းပတ်ထက်တွင် အိပ်နေကြသည့် ဗိုလ်ကြီးစောဦးနှင့် ဗိုလ်လေးသန်းလွင် တို့လည်း သူတို့၏ အိပ်ရာများ ရွှဲရွှဲစိုကုန်ပြီဖြစ်ခြင်းကြောင့် နိုးလာကြသည်။ ရာသီဥတုမှာ မိုးမရွာသော်လည်း လှိုင်းထိပ်ဖျားမှ လွင့်စင်လာသော ရေမှုန်ရေမွှားများကြောင့် မိုးရွာ သကဲ့သို့ပင် ရှိနေ၏။ ဗိုလ်ကြီးစောဦး ပဲ့စင်ထက် တက်လာသည်။ သူနှင့်အတူ တပ်ကြပ်ကြီး ကိုကိုကြီး တက်လာကာ တက်မကို ကိုင်သည်။ သူတက်လာသည့် အချိန်မှာ နံနက် ၇ နာရီမျှရှိပြီ ဖြစ်သည်။ သူသည် ၀ဲဘက်ဆီသို့ မှန်ပြောင်းနှင့် ကြည့်လိုက်ပြီး

“ အဲဒီ ကျွန်းဟာ ဆောက်သ်မော့စကော့ မဟုတ်လား စီအို” ဟု မေးလိုက်သည်။
“ ဟုတ်တယ် ဗိုလ်စောဦး၊ ၁၅ မိုင်လောက် ဝေးမယ်ထင်တယ်”

“အဲဒီ ကျွန်းဘက်ဆီကို ကျွန်တော်တို့ ၀င်ရင်ကောင်းမယ်ထင်တယ်” ဟု သူက အကြံပေး သည်။ တပ်ကြပ်ကြီး ကိုကိုကြီးက ကျွန်တော့်ကို လှမ်းကြည့်ရင်း

“ကျွန်တော် ဦးတည် လမ်းကြောင်း ပြောင်းကြည့်ပြီးပြီ၊ သင်္ဘော (Pitching) ဖြစ်တာက သိပ်ဆိုးတယ်၊ ခု အနေအထားကမှ နည်းနည်း ခံသာသေးတယ်”

“ဒါအရှေ့လေပဲ၊ လေတိုက်နှုန်း ၄၀-၅၀ တော့ ရှိမယ် ထင်တယ်”

“ လေးဆယ်တော့ အနည်းဆုံး ရှိမယ်ထင်တာပဲ၊ လှိုင်းခေါင်းတွေ ကျိုးနေတာ ကြည့် ပါလား”

ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် ဆီဒယ်အိုးတစ်ခုအတွင်း ဆီပွတ်များ ထနေသည့် အလား လှိုင်းခေါင်းဖြူများ ပွက်ပွက်ထနေသည်။ လှိုင်းခေါင်းထိပ်များကို လေတိုးလိုက် သည်နှင့် လှိုင်းခေါင်းကျိုးထိပ်မှ ရေစ ရေမြွှာများသည် စဉ်သွားကာ မိုးကဲ့သို့ ရွာချနေ၏။ ဗိုလ်သန်းလွင်ကိုမူ ခုထိ ကျွန်တော် သတိမထားမိသေး၊ လှိုင်းမူး၍ တနေရာတွင် ခွေနေ မည်သာထင်သည်။

ကျွန်တော်လည်း စက်အရှိန်ကို တတ်နိုင်သမျှ လျှော့ချကာ မူလ ဦးတည်ရေကြောင်း တွင်သာ ခုတ်မောင်းနေသည်။ ထိုအခိုက် အမြောက်သံ တစ်ချက် မြည်သည့်အလား “ဖြောင်း” ဟူသော အသံကြီးတသံကို ကြားလိုက်ရကာ သင်္ဘောဦး ၀ဲဘက်တွင် သစ်သားစ တစ်စု မျောပါသွားသည်ကို တွေ့လိုက်ရ၏။ ကျွန်တော်ရော ဗိုလ်ကြီးစောဦးပါ မည်သည့် သစ်သားစ ဖြစ်သည်ကို ခန့်မှန်းရန် မှန်ပြောင်း ကိုယ်စီဖြင့် ကြည့်လိုက်မိသည်။ သစ်သား စမှာ အတန်ရှည်သော ပျဉ်တစ်ချပ်ဖြစ်လျက် စစ်သင်္ဘောတွင် သုတ်လေ့ရှိသည့် မီးခိုး ရောင် သုတ်ထားသည်ကို တွေ့လိုက်ကြရ၏။

ထိုစဉ်တွင် ဦးပိုင်း အိပ်ခန်းတွင်း အိပ်နေကြသည့် ရဲဘော်အချို့သည် ကြိုးမဲ့ ကြေးနန်း ဆက်သွယ်ရေး စက်ထားသည့် ပဲ့အိမ်တွင်းရှိ အတွင်းလှေကားမှ တက်လာ ကြကာ

“သင်္ဘော ရှေ့ပိုင်းမှာ ရေတွေဝင်နေပြီ စီအို”ဟု သတင်းပို့ကြ၏၊ သူတို့ မျက်နှာများတွင် လှိုင်းမူးသည့်ဒဏ်နှင့် ကြောက်လန့်စိုးရိမ်သည့် လက္ခဏာများကို တွေ့ရသည်။ ကျွန်တော် က စက်မကြီးများကို ချက်ချင်း ရပ်လိုက်စေပြီး

“ဗိုလ်စောဦး ခင်ဗျား ရှေ့ဦးခန်းမှာ သွားပြီး ကြည့်စမ်းပါဗျာ” ဟု စေလွှတ်လိုက်သည်။
ဗိုလ်ကြီးစောဦးသည် ပဲ့အိမ်ခန်းတွင်းရှိ စင်္ကြန်လှေကားမှတဆင့် ဦးခန်းတွင်းသို့ ဆင်းသွား သည်။ ကျွန်တော်က ပဲ့စင်နောက်ဘက် စက်ခန်းအံဖုံးတံခါးဆီသို့ ကြည့်လိုက်ရာ အံဖုံး တံခါးဝတွင် ခေါင်းဖော်လျက် ပင်လယ်ပြင် အခြေအနေကို ထွက်ကြည့်နေသည့် စက်ခန်း တာဝန်ကျ တပ်ကြပ်/စက် အောင်မြင့်၏ မျက်နှာကို တွေ့ရသည်။

“ဟေ့ အောင်မြင့်၊ မင်းအောက်ပြန်ဆင်းနေ၊ အရေးအကြောင်းရှိရင် ရေစုပ်စက် ပန့်တွေကို အသုံးပြုရအောင် အသင့်လုပ်ထား” ဟု ပြော၏။

“ပန့်တွေမကောင်းဘူး စီအို၊ ဒါကြောင့် ကျွန်တော်တို့ကို (CIE) စီအိုင်အီး ရေစုပ်စက် ကလေးထုတ်ပေးလိုက်တာ” ဟုဆိုကာ ကုန်းပတ်ထက် ခေါင်းတိုင် ခြေရင်းတွင် ရှိနေသည့် ရေစုပ်စက်ငယ်အား ပြသည်။ ရေစုပ်စက်မှာ ကြိုးများနှင့် ဆိုင်းထားရသည်။

“ကဲ မင်းစက်ခန်းထဲမှာ တခြားလူစားတစ်ယောက်ထား မင်း ရေစုပ်စက်ကို နှိုးလို့ရမလား နှိုးကြည့်စမ်းကွာ” ဟု ပြောလိုက်သည်။

တပ်ကြပ်/စက် အောင်မြင့်သည် စက်ခန်းတွင်းသို့ ပြန်ဝင်သွားပြီး အတန်ကြာသော အခါတွင် စက်ပစ္စည်း ကိရိယာအချို့နှင့် ပြန်တက်လာသည်။ ထိုစဉ် ဗိုလ်ကြီး စောဦး ပဲ့စင် ထက် ပြန်တက်လာကာ

“ရေတွေ ဒလဟော ၀င်နေတယ် စီအို၊ အပျက်အစီးကိုတော့ မတွေ့ရဘူး၊ Underwater (ရေအောက်) အပျက်အစီးနဲ့ပဲ တူတယ်” ဟု သတင်းပို့သည်။ကျွန်တော်က ကိုယ်တိုင် ကြည့်ရှုနိုင်ရန်အတွက်

“ကဲ ခင်ဗျား ဒီမှာ နေရစ်၊ ခုရေကြောင်းမှာ တတ်နိုင်သမျှ ထိန်းထား” ဟု ညွှန်ကြားခဲ့ကာ ပဲ့အိမ်တွင်း ၀င်ခဲ့သည်။ ပဲ့အိမ်တွင်းမှာလည်း မြေပုံထားသည့် စားပွဲမှအစ ဗြောင်းဆန် အောင် ကသောင်းကနင်း ဖြစ်နေသည်။ ကျွန်တော်နှင့်အတူ တပ်ကြပ် မောင်အေးကို ခေါ်ခဲ့ သည်။

ပဲ့အိမ်တွင်း လှေကားမှ ဦးခန်းတွင်းသို့ ဆင်းလိုက်ရာတွင် ဦးခန်းတွင်း ကြမ်းပြင် ထက်တွင် ပင်လယ်ရေများ ခြေသလုံးခန့် ရှိနေပြီကို တွေ့ရတော့၏။ ဘေးအိပ်စင်များတွင် အိပ်စင်ဘောင်ကို တွယ်ဖက်လျက် ကြောက်ရွံ့ထိတ်လန့်သည့် မျက်နှာ ကိုယ်စီဖြင့် ရပ်နေကြသည့် ရဲဘော်တစ်စုကို တွေ့ရ၏၊ ရေဘယ်က ၀င်သည်ဟု သူတို့လည်း အတိအကျ မပြောနိုင်ကြ၊ ကျွန်တော် ကြိုးစား၍ ရေ၀င်သည့်နေရာကို လိုက်ရှာ သော်လည်း မတွေ့၊ ရေမှာ တရိပ်ရိပ်သာ တက်နေသည်။

“ကဲ မောင်အေး၊ မင်းဒီမှာ နေရစ်၊ ရှေ့ဦးပိုင်း အံဖုံးတံခါးကို ဖွင့်၊ အဲဒီအပေါက်ကနေ သံပုံးနဲ့ တတ်နိုင်သမျှ ရေခပ်ထုတ်ဖို့ ငါစီစဉ်မယ်။ ဒီမှာရှိတဲ့ ရဲဘော်တွေ အားလုံးကို တလှည့်စီ ကြည့်ခိုင်း” ဟု ဆိုကာ ကုန်းပတ်ပေါ် ပြန်တက်ခဲ့သည်။ တပ်ကြပ် မောင်အေးသည် ရှေ့ပိုင်း ကုန်းပတ် အံဖုံးတံခါးကို ဖွင့်ရန်အတွက် ဦးဘက်သို့ လျှောက်သွားသည်။

အပိုင်း (၈) ကို နောက်နေ့ ဆက်တိုက် တင်ပြသွားပါမယ် ခင်ဗျား။

July 22, 2009

မနေ့က တပ်မတော်နဲ့ ဒီနေ့တပ်မတော်

“ငုံးဆူ လူမသိ”

ဆောင်းပါးရှင်- ဒုဗိုလ်မှူးကြီး အေးမြင့်

စစ်အာဏာရှင် စနစ်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အပေါ်မှာ ဦးနုနဲ့ ယှက်နွယ်ကာ အငြိုး အာဃာတ ကြီးမားလွန်းလို့ သူအာဏာရတဲ့ သမတ ဘ၀မှာ ဦးသန့်လာတာကို အတွေ့မခံ အကြံအဖန် လုပ်ပြီး ငပလီဘက်ကို ရှောင်သွားဖူးကြောင်း အမှတ်မထင် ကြားမြင် ခဲ့ရပါတယ်။

ဗိုလ်နေ၀င်းဟာ ဦးသန့်အလောင်းကို မလွှဲမရှောင်သာ ဖိအားမျိုးစုံကြောင့် လက်ခံ ခဲ့ပေမယ့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုသဂြိုလ်ဖို့ ကိစ္စမှာ မိုက်ရိုင်းမောက်မာစွာ ငြင်းပယ် ခဲ့တာလည်း ကြားဖူးး နားဝ ရှိခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးကို ဖယ်ရှား လိုက်တာ အကြောင်းအများကြီး ရှိတဲ့အနက် ဦးသန့် အရေးခင်းနဲ့ ယှက်နွယ်မှုရှိကြောင်း အတွင်းစကားများ အရ ကြားဖူးးနားဝ ရှိခဲ့ဖူးပါတယ်။

အတန်တန် တားမြစ်ပိတ်ပင် ထားတဲ့ကြားက ဦးသန့်ရဲ့ ရုပ်ကလပ်ကို လေယာဉ် ကွင်းမှာ ကြိုဆိုခဲ့သူ ပညာရေးဌာန ဒုဝန်ကြီးဦးအောင်ထွန်း (ဒုဗိုလ်မှူးကြီးဟောင်း) မှာ နေ့ချင်း ညချင်း ဖြုတ်ခြင်း ခံခဲ့ရပါတယ်။ ဒုဗိုလ်မှူးကြီး အောင်ထွန်းဟာ ခေတ်ပညာတတ် တကဲ့စစ်သားကြီး ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ ဒုကျောင်းအုပ် လုပ်ဖူးးသလို စစ်ရုံးချုပ် DMT မှာ G 1 လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ ဖာပွန် ခလရ-၁၃ မှ ရောင်းရင်း ဗိုလ်သိန်းဟန် တင်တို့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးမှူး တာဝန်ဖြင့် ဖာပွန်သို့ လာရာတွင် ဗိုလ်ကြီးတင်ငွေ (နောင် လေတပ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး တင်ငွေ) မောင်းနှင်တဲ့ ဘားတော် စစ်ရဟတ်ယာဉ်ကြီး ပေါ်မှာ အတူစီးခဲ့ဖူ့းလို့ လေးစားခင်မင်ခဲ့ရသူ အကြီးအကဲ တစ်ဦးပါ။ ထိုစဉ်က တပ်မဟာ ၁၁ မှူးက ဗလနယ်မြေ တာဝန်ခံ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဆင်ကလဲယားပါ။ (နောင်မှာ ဗိုလ်မှူးကြီး စိန်လင်း ဟူ၍ နာမည်ပြောင်းခဲ့သူ ကပြားအရာရှိ ဖြစ်ပါတယ်)

မဆလပါတီက ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်) ကွဲစဉ်က ဘာမဆိုင် ညာမဆိုင် ခလရ-၅ မှာ တပ်ရင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးအောင်သန်း(ရခီး၊ ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ခမျာ ပြုတ်သွားရရှာပါတယ်။ ကိုအောင်သန်းက တပ်ခွဲမှူးသင်တန်း အပါတ်စဉ် ၅၅ မှာ ကျနော်နဲ့ အတူတူတက်ခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။ အရာရှိကောင်းတစ်ဦးပါ။ ထို့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြုတ်စဉ်ကလည်း PSO ဟောင်းဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်(ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ကိုပါ ဖြုတ်လိုက်တာ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ပြုတ်သွားစဉ်က ထိပ်ပိုင်းစစ်ခေါင်း ဆောင်ပိုင်းမှာ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ကြတာ ယင်းတို့ရဲ့ PSO ဗိုလ်ကြီးများက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ထိုစဉ်က ကျနော်ဟာ ရွှေညောင် ခလရ-၉၄ မှာ ဗိုလ်မှူး ဖြစ်နေပါပြီ။ ကျနော်လည်း စိတ်မကောင်းဖြစ်မိသလို မခံမရပ်နိုင် ဖြစ်ခဲ့ဖူး ပါတယ်။ ကျနော်က နယ်အဝေးမှာ ရောက်နေလို့ အုံးကျော်မြင့်တို့ ကြံစည်မှုမှာ မပါခဲ့ပါ။

PSO ဗိုလ်ကြီးများ ကြံစည်တာဟာလည်း သူတို့ ဆရာအကြီးအကဲများရဲ့ ခံစားမှုများ မှ အခြေခံကာ ဖြစ်ထွန်းခဲ့တာလို့ ဆိုရပါမယ်။ ဗိုလ်နေ၀င်းနဲ့ တလက်ကိုင်၊ သစ္စာခံ၊ အဲမ်အိုင်၊ စစ်မလိုင် ဒေါက်တိုင် ရာဇာကြီးလန်ဘားတို့ရဲ့ စနက်ဆိုတာ လူငယ်များဟာ သူတို့ ဆရာအကြီးအကဲများ ပြောသံဆိုသံကြားနေရာက မခံမရပ်နိုင် ဖြစ်ကာထပြီး ကြံမိ ကြံရာ ကြံစည်ကြတာပါပဲ။

ရေးရတာ အားတော့နာစရာပါ၊ လူကြီးများဟာ မကျေနပ်တာ သာရှိတာပါ။ ညီညီ ညာညာ သတ္တိရှိရှိနဲ့ အဲဒီတုန်းက ထပြီးလုပ်ကြရင် တိုင်းပြည်ရဲ့ ကံကြမ္မာရော တပ်မတော် ရဲ့ အလားအလာပါ ပြန်လည် ကောင်းနိုင်မှာပါ။ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ မလုပ်ရဲကြပါ၊ ယုတ်စွအဆုံး တပည့် လူငယ်လေးများရဲ့ ကြံစည်မှုကို ထိထိမိမိ အားပေးခဲ့ရင်တောင် အောင်ပွဲခံ ရနိုင်ပါတယ်။ ချီးဘရိန်း ၀င်းသိန်း စောက်သုံးမကျလို့ ကလေးတွေ ဘ၀ပျက်ကုန်ရရှာတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။

စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က တပ်မတော်မှ အရာရှိ၊ စစ်သည်တိုင်းလိုလိုဟာ မခံမရပ်နိုင်ဖြစ်ခဲ့ကြတာ ပကတိ အရှိတရား ဖြစ်ပါတယ်။ မျိုးချစ်စစ်ခေါင်းဆောင် တချို့ မလုပ်ရဲ မကိုင်ရဲ၊ မလှန်ရဲကြလို့သာ တိုင်းပြည် ရော တပ်မတော်ပါ ဒီနေ့ထိ ကြမ္မာငင်ခဲ့ရတာလို့ ဆင်ခြင်မိ ပါတယ်။

ဗိုလ်ချုပ်ကြီး သူရတင်ဦးအပေါ် တပ်မတော်နဲ့ ပြည်သူတို့က သံယောဇဉ် ကြီးမားစွာ ရှိတာကို သိလို့လည်း ဗိုလ်နေ၀င်းနဲ့ လန်ဘားတို့ဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ သိက္ခာနဲ့ တန်ဖိုးကို တမင်ချိုးဖျက် ချေမှုန်းလိုက်တာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဇရာအို စစ်သူတောင်းစား စစ်ဦးစီးချုပ်ကလည်း ထိုနည်းနှင်နှင် ကျင့်ကြံအားထုတ်ကာ နမူနာ ယူခဲ့တာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။

ဒီနေ့တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆန်းစစ်ကြည့်လိုက်ရင် မနေ့ကတပ်မတော် ကို ၂၃ နှစ်ကျော်ကျော် ဦးစီးကွပ်ကဲခွင့်ရခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဆင့်ဆင့်ယုံကြည် စိတ်ချရသူ တပ်မှူးကြီးများကို ရာထူးအဆင့် ပုံအောပေးကာ သိမ်းသွင်းချုပ်ကိုင်ခဲ့သလို မနှစ်မြို့သူ မော်ကြည့်မယ့်သူ ယှဉ်နိုင်မယ့်သူ ဟူသမျှကို ပိပိရိရိ ပညာပါပါ မညှာမတာ ရက်ရက်စက်စက် ချကျွေးစတေးခဲ့လို့သာ ဒီနမူနာကျင့်စဉ်ကို နေရာရသူ စင်ပေါ်ရောက် သူတိုင်းက လိုက်နာကျင့်သုံး လုပ်စားနေကြလို့သာ အဓွန့်ရှည် ရှင်သန်နေတဲ့သဘောကို တွေ့ရပါတယ်။
မနေ့က တပ်မတော်မှာ ဗိုလ်နေ၀င်းကို မယှဉ်ရဲသူတို့ ရှိခဲ့သလို ဒီနေ့ တပ်မ တော်မှာလည်း ဗိုလ်သန်းရွှေ ကိုယှဉ်ရမှာ မ၀ံ့ကြလို့ တပ်မတော်ရဲ့ “စန်း” ပျောက်နေ ရတာပါ။ ဗိုလ်နေ၀င်းကို မယှဉ်ရဲတာက သမိုင်း အစဉ်အလာကြီးခဲ့တဲ့ အရှိန်အ၀ါ၊ အတွေ့ အကြုံ ကျေးဇူးခံ၊ ကျေးဇူးစား ဥာဉ်ကြောင့် ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေမှာ သမိုင်း အစဉ်အလာ အရှိန်အ၀ါဟာ ဗိုလ်နေ၀င်းနဲ့ ယှဉ်လိုက်ရင် နတ္ထိလို့ ဆိုရပါမယ်။ အတွေ့အကြုံမှာလည်း ဗိုလ်နေ၀င်းနဲ့ နံ့သာဆီနဲ့အီးတမျှ ကွာပါတယ်။ လက်ရင်းတပည့်၊ သစ္စာခံ အတွင်း စည်းကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ စွန့်စွန့်စားစား ကိုင် နိုင်လျှင် ချေမှုန်းနိုင်လျှင် ချောင်ဆက်စကူ ဖြစ်အင်လို မလွဲမသွေ တိုးဝင်မိမှာ သေချာ ပါတယ်။ လူစွမ်းကောင်းများ မပေါ်နိုင်ဟု မပြောနိုင်ပါ။ ဒီနေ့ တပ်မတော်ထဲမှာ “ငုံးဆူ လူမသိ” ပင့်သက်ရှုနေရသူတွေ ရှိနေတာ ယုံမှားသံသယ မရှိပါ။

July 21, 2009

စစ်တပ်နဲ့ စစ်အာဏာရှင်ကို ခွဲထုတ်ကြ



ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

ကချင်ပြည်နယ် မန်စီမြို့ အခြေစိုက် ခမရ (၃၁၉) က တပ်ထောက် တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က တပ်တွင်း အိမ်ထောင်သည် လိုင်းခန်းမှာ ကြိုးဆွဲ ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ပါတယ်။ ဒီသတင်းကို ပြင်ပ မပေါက်ကြားဖို့ စစ်အရာရှိ ကြီးတွေက အထူးထိန်းချုပ် မှာကြား ထားကြောင်းလည်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အတွင်း အခြားအဆင့် အားလုံးထဲမှာ ရာထူး အကြီးဆုံးနဲ့ အမြင့်ဆုံး သူများဟာ ဒု-အရာခံဗိုလ်နဲ့ အရာခံဗိုလ်များပင် ဖြစ်ကြပါတယ်။ သူတို့ကို Non Commission officer လို့ ခေါ်ကြပြီး ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိများလို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရထားတွဲစီးရင် အရာရှိများနည်းတူ အထက်တန်းတွဲမှာ စီးခွင့်ရသူများ ဖြစ်ကြပါတယ်။ တပ်ခွဲတွေမှာ တချို့ အရာခံဗိုလ်များဟာ တပ်စုတစုကို အရာရှိမပါဘဲ သီးခြားအုပ်ချုပ်ခွင့် ရရှိပြီး တချို့တပ်ခွဲရုံးမှာတော့ တပ်ခွဲမှူးများနဲ့ ပူးတွဲစီမံခွင့် ရသူများလည်း ဖြစ်ကြပါတယ်။ အရာခံဗိုလ်များရဲ့ အရေးပါမှု အရာရှိများနဲ့ ဆက်ဆံမှုတွေကို ဒီဆောင်းပါးမှာ တင်ပြသွား ပါမယ်။

တပ်ရင်းအရာခံဗိုလ် ‘မာ’ မှ ကောင်းမှ တပ်ရင်းရဲ့တိုက်ခိုက်မှု၊ စည်းကမ်းသေဝပ်မှု ကောင်းတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ တပ်ရင်းမှူးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည်ဖော်ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ အိမ်ထောင်သည်လိုင်းများ စည်းကမ်းသေဝပ်မှု၊ နောက်တန်းလုံခြုံမှုနဲ့ သက်သာ ချောင်ချိရေး စတာတွေကို တာဝန်ယူကြရသလို ဗဟိုကင်းကိုလည်း ကြီးကြပ်ပေးရသူ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ရင်းအရာခံဗိုလ်များဟာ စစ်သည်များကို တန်းစီလူစစ်ရာမှာ ကြပ်မတ် ပေးကြရပါတယ်။ ဒါ့ကြောင့် ရဲဘော်များ အနေနဲ့ တပ်ရင်းအရာခံဗိုလ်ကို ချစ်နေရင် သိပ်ပြီး မကောင်းသလို ကြောက်ရွံ့ရိုသေမှ ကောင်းတယ်လို့ အရာရှိတွေက ယူဆကြပါတယ်။ ဒါဘာလို့ ခေါ်တဲ့ တပ်တွင်းဆန္ဒ ထုတ်ဖော်ပွဲများမှာလည်း တပ်ရင်း အရာခံဗိုလ်တွေဟာ အစစအရာရာ စီစဉ်ကြပ်မတ် ပေးကြရပါတယ်။ ဒါ့အပြင် တပ်ရေးဗိုလ်ကြီးနဲ့ အနီးကပ်လက်တွဲကာ အသေးစိတ်တာဝန်ယူ တင်ပြ ဆောင်ရွက် ကြရပါတယ်။ တပ်တွင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အရာခံဗိုလ်တွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးကြရပါတယ်။

ရဲဘော်တွေအား အရာခံဗိုလ်အိမ်တွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအ၀င် အပိုလုပ်ငန်းတွေကို လုပ်အားပေးခိုင်းစေရာမှာ နာမည်ကြီးလို့ တချို့ရဲဘော်တွေက အရာခံဗိုလ် လာတာတွေ့ရင် ဝေးဝေးက ရှောင်ပြေးသွားလေ့ ရှိကြတာကိုလည်း တွေ့ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ လစဉ်ရိက္ခာစား စာရင်းချုပ်ကို တာဝန်ယူကာ ရေးဆွဲပေးကြရပါသေးတယ်။ ဒါ့အပြင် အရာခံဗိုလ်တွေဟာ တပ်တွင်းက သာရေး၊ နာရေး၊ လူမှုရေး စတဲ့လုပ်ငန်းရပ်များကိုလည်း တပ်ရင်းမှူးကတော် ညွှန်ကြားတဲ့အတိုင်း ဦးစီးကာ လုပ်ကိုင်ပေး ကြရပါတယ်။

အလားတူ RQ လို့ခေါ်တဲ့ တပ်ထောက်အရာခံဗိုလ်တဦးဟာ တပ်ရင်းတရင်းလုံးရဲ့ စစ်ထောက်ပိုင်းဆိုင်ရာ ရိက္ခာခဲယမ်း၊ စက်သုံးဆီတွေကို ကိုင်တွယ်ရပါတယ်။ တပ်ရဲ့ ထမင်းအိုးကြီးကို ကိုင်တွယ်ရသလို လောဘ ကြီးတဲ့ တပ်ရင်းမှူး၊ တပ်ထောက် ဗိုလ်ကြီးတို့နဲ့ နှစ်ပါးသွားရရင်တော့ ဆီပူလောင်သလို ဒုက္ခရောက်ပြီသာ မှတ်ပေတော့ ပါပဲ။ တပ်ထောက်အရာခံဗိုလ်တွေဟာ တပ်ထောက်ဗိုလ်ကြီးကို တာဝန်ခံရပြီး အထက်အရာရှိ တွေနဲ့ “ရိုက်စား” လုပ်တဲ့နေရာမှာလည်း တဦးကိုတဦး မဖော်ကြဘဲ ဝေစားမျှစား လုပ်ကြသူတွေ ဖြစ်သလို အဆင်မသင့်ရင်လည်း ဓားစာခံ ဖြစ်ကြရပါတယ်။

တချို့အရာခံဗိုလ်များဟာ တပ်မှာ အနေကြာ နှစ်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လစာနဲ့ မလောက်ငမှု ကြုံတွေ့ရကာ သားသမီးများ ပျက်စီး နေကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့ အရာခံဗိုလ် တွေကတော့ မိမိတို့ရဲ့အိမ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဖြစ်ကြတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကိစ္စများမှာ စစ်သည် ရဲဘော်တွေရဲ့ လုပ်အားကိုရယူပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချ ခိုင်းစေတာကိုလည်း တွေ့ရပါတယ်။ ဒီအတွက် တပ်ရင်းမှူးကိုလည်း ပံ့ပိုးပေးထား တာမျိုးနဲ့ ဝေစားမျှစား လုပ်ကြပါတယ်။

တပ်ဟောင်းများက အရာခံဗိုလ်တွေ အနေနဲ့ သက်သောင့်သက်သာ ရှိကြပေမယ့် တပ်အသစ်များကို ရောက်သွားတဲ့ အရာခံဗိုလ်တွေမှာတော့ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ ကြရပါတယ်။ အရာခံဗိုလ်တွေဟာ အထက်ကပေးတဲ့ တပ် တည်ဆောက်ရေး တာဝန်ကို ထမ်းဆောင်ရာမှာ ရရှိထားတဲ့ ပစ္စည်းကိရိယာ မပြည့်စုံမှု၊ ငွေကြေး မလုံလောက်မှု တို့ကြောင့် နီးစပ်ရာ ကျေးရွာ ရပ်ကွက်များက ရွာသားတွေကို အဓမ္မလုပ်အားပေး ခေါ်ယူခိုင်းစေပြီး အလွယ်လမ်း လိုက်ခဲ့ကြရတာလည်း တွေ့ရှိရပါတယ်။ အရာခံဗိုလ် တွေဟာ အထက်က တာဝန်မယူမှုကြောင့် ကြုံသလို ဖြေရှင်းလုပ်ကိုင်နေရလို့ စိတ်မွန်းကျပ်မှုများနဲ့ အတူ ထွက်ပေါက်မရှိဘဲ အာဏာရှင်တွေအလိုကျ လှုပ်ရှား နေကြရပါတယ်။

တချို့ကိစ္စရပ်တွေမှာ အဲဒီ တပ်ထောက် အရာခံဗိုလ်တွေဟာ စားကွက် ရိုက်စား ‘ခွင်’ များနဲ့ ပတ်သက်ပြီးတော့ တပ်ထောက် ဗိုလ်ကြီး၊ တပ်ရင်းမှူးတို့နဲ့ သဟဇာတ ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်တတ်ကြပါတယ်။ တပ်ရင်းမှူး၊ တပ်မှူးများရဲ့ စိတ်ကြိုက် အလေးပေးမှုနဲ့ လုပ်ရည်ကိုင်ရည် အပေါ်မှာမူတည်ပြီး တချို့တပ်များမှာ တပ်ရင်း အရာခံဗိုလ်ဟာ အစွမ်းထက် နေသလို တချို့တပ်များမှာလည်း ဘေးဖယ် ကျဉ်ထားခြင်း ခံရတာကို တွေ့ရှိရပါတယ်။

အရာရှိတွေဟာ တပ်ရင်းတခုမှာ သိပ်ကြာကြာမနေရဘဲ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့ သွားကြရပေမယ့် အရာခံဗိုလ်တွေ အနေနဲ့ကတော့ တပ်ရင်းတွေမှာ စွဲမြဲစွာ နေရလေ့ရှိတာမို့ တပ်ရင်းတခုလုံးကို အပ်ကျမတ်ကျ သိရှိနေတဲ့အပြင် စစ်သည် ရဲဘော်တွေနဲ့လည်း နီးနီးစပ်စပ်ရှိကြတာမို့ အောက်ခြေတပ်မတော်သားတွေကို ပြည်သူ့ ဘက်ရပ်တည်ဖို့ ထိုးဖောက် စည်းရုံးရာမှာ အရာခံဗိုလ်များအား အဓိက ပစ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်တွေ ၀ါဒဖြန့်ထား သလို မဟုတ်ဘဲ တိုင်းပြည်အတွက် တပ်မတော် အတွက် အလွန်လိုအပ် နေကြောင်း သိရှိနားလည်ဖို့ တပ်ရင်းတွေမှာ အဓိကဖြစ်တဲ့ အရာခံဗိုလ် များကတဆင့် စည်းရုံးလှုံ့ဆော်ပါက ထိရောက်အောင်မြင်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်မသေရဲဘဲ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကို နာကြည်း မုန်းတီးနေတဲ့ အရာခံဗိုလ်တွေလည်း အမြောက်အမြား ရှိကြပါတယ်။ ပြေးစရာမြေမရှိ၊ ထွက်လို့လည်းမရဘဲ ကြိတ်မှိတ် လုပ်နေကြရတဲ့ အရာခံဗိုလ်တွေနဲ့ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀ကို စစ်အာဏာရှင်တွေက သတင်းအမှောင် ချထားပါတယ်။

တပ်မတော်အတွင်း အောက်ခြေမှာ ဘယ်လိုဖြစ်ပျက် နေသလဲဆိုတာ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ် လွန်းမောင် ကိုယ်တိုင် လျှို့ဝှက်ဆင်းကာ အမှတ်မထင် ၀င်ရောက်စစ်ဆေးပြီး ဗိုလ်သန်းရွှေကို အစည်းအဝေးတခုမှာ တင်ပြခဲ့တာကတော့ ရဲဘော်တွေ ခွက်ပျောက်နေပါတယ်ဆိုတဲ့ စကားနဲ့အတူ တိုင်းမှူးတွေအားလုံးလည်း မျက်စိမျက်နှာ ပျက်ကုန်ကြပါတယ်။ ဗိုလ်သန်းရွှေက တိုင်းမှူးတွေ၊ တပ်မမှူးတွေကို လှိမ့်ဆူရာ စစ်အာဏာရှင် ထိပ်သီးတချို့မှ ကိုလွန်းမောင် အမှန်အတိုင်း ဒီလို လျှောက်ပြောရင်တော့ ခင်ဗျားကို တိုင်းမှူးတွေက ထမင်းတောင် ကျွေးချင်တော့မှာ မဟုတ်ဘူးလို့ ဟန့်သလိုလို ၀ိုင်းပြောပြီး တားခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ အကြောက်ဆုံးက တပ်တွင်းစည်းလုံးရေး ပြိုကွဲမှာ ကိုသာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာဖိအားနဲ့ ပြည်တွင်း ပြည်ပက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဗိုလ်သန်းရွှေက ဂရုမစိုက်သလို အစည်းအဝေး တွေမှာလည်း တို့တပ်မတော်ကြီး စည်းစည်းလုံးလုံး ရှိနေသမျှ ဘယ်လို အန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ အမြဲပြောလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီဘက်တော် သားတွေအနေနဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင်တစ်စုရဲ့ လက်ထဲက ဆွဲထုတ် ကြဖို့ ထိထိ ရောက်ရောက် စီမံကိန်းချကာ ဆောင်ရွက်ရန် အရေးကြီးဆုံးအချိန်ကို ရောက်နေပြီဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။