ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် SSA / SSPP ရှမ်းတပ်မတော် ဌာနချုပ် ဝမ်းဟိုင်း စခန်းကြီးနဲ့ မနီးမဝေး ရင်ဆိုင်ကုန်းဖြစ်တဲ့နန့်ကိုင်ဖိတ် တပ်စခန်း တိုက်ပွဲဖြစ်ရာ ဒေသမှ ပြန်လာတဲ့ လေတပ်မှ လေသူရဲတစ်ဦးရဲ့ နီးစပ်သူများက လေကြောင်း ထိုးစစ်ရဲ့ ပစ်ကူဗုံးကြဲတိုက်ပွဲ အခြေအနေ များကို စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့က နန့်ကိုင်ဖိတ် တပ်စခန်းကို ရှမ်းတပ်မတော်ရဲ့ တပ်များက ဝိုင်းဝန်းပိတ်ဆို့ ထားတာကြောင့် ရမခ တိုင်း လက်အောက်ခံ ခလရ ၂၂ နဲ့ ခလရ ၆၇၊ ခလရ ၂၄၃ တပ်များက မြောက်ဘက်က လည်းကောင်း၊ ရပခ တိုင်းလက်အောက်ခံ ခမရ ၅၁၃၊ ခမရ ၅၁၈၊ ခလရ ၁၃၁၊ ခလရ ၂၈၆၊ ခလရ ၂၈၇ တပ်များက တောင်ဘက်ကနေ စစ်ကူ လိုက်လာကာ ရှမ်းတပ်မတော်အား တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ ပြင်းထန်နေပြီး ရှုပ်ထွေးနေကာ အပြန်အလှန် ဖြစ်နေတာကြောင့် နန့်ကိုင်ဖိတ် တပ်စခန်းမှာ အခြေအနေမကောင်းဘဲ အကျအဆုံးများလျှက်ရှိနေပါတယ်။
ဒါကြောင့် ကက(ကြည်း)မှ ကက(လေ)ကို တပ်စခန်း ထွက်ပေါက်ရရှိရေးအတွက် လေတပ်မှ လေကြောင်းပစ်ကူ ပေးရန် ညွန်ကြားခဲ့ပါတယ်။ ကက(လေ)မှ နမ့်စန်လေတပ်စခန်း ဌာနချုပ်ရှိ A-5 ကြားဖြတ် ဗုံးကြဲ ဂျက်တိုက်လေယာဉ်များနဲ့ MI 2 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား ပိတ်မိနေတဲ့ တပ်စခန်းနှင့် စစ်ကြောင်းတွေကို ကယ်ဆယ်ဘို့ လေကြောင်းထိုးစစ် စတင်ဘို့ အမိန့်ပေးခဲ့ပါတယ်။ A-5 ကြားဖြတ် ဗုံးကြဲ ဂျက်တိုက်လေယာဉ် တစ်စီးမှာ ၂၃ မမ စက်အမြောက် ၂ လက်ပါပြီး၊ ၁ လက်မှာ ကျည် ၁၀၀ စီ ထည့်ထားပါတယ်။ Rocket တွေကတော့ ၅၇ မမနဲ့ ၉၀ မမ တွေ ဆင်ထားပါတယ်။ လေယာဉ်ပေါ်တွင် ချိတ်ထားတဲ့ ၂၅၀ ကီလို ဗုံး ၄ လုံး စီချိတ်ထားပြီး ၊ တစ်ကြိမ်လျှင် လေယာဉ် ၂ စီးတပြိုင်နက် တက်ပါတယ်။ လေယာဉ် ၁ စီး က ရှေ့မှ စက်အမြောက်ပစ်ပြီး Rocket ပစ်ထည့်လိုက်တာနဲ့ ရန်သူဟာ နေရာယူမှု၊ အကာအကွယ်ယူမှု ပြုလုပ်နေရတာကြောင့် တန်ပြန်တိုက်ခိုက်မှုမလုပ်နိုင်ချိန်မှာ နောက်လေယာဉ် ၁ စီးက ချိတ်ထားသော ဗုံးများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်း ထိုးစစ်နည်းဗျူဟာအရ ရှေ့ပြေးလေယာဉ်က ပစ်ကူဖြင့် ရန်သူအား ဦးနှိမ်ပစ်ခတ်ပြီး နောက် ၁ စီး က ဗုံးကြဲခြင်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ A-5 ဂျက်တိုက်လေယာဉ် ၂ စီးလျှင် ၂ ခေါက် လေကြောင်းတိုက်ပွဲ ဆင်နွဲခဲ့ပြီး MI-2 ရဟတ်ယာဉ် ၂ စီးလျှင် ၂ ခေါက် လေကြောင်း တိုက်ပွဲ ဆင်နွဲခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်တပ်မှ စစ်သည်များကို နီးစပ်ရာ ဆေးရုံသို့ မပို့နိုင်တာကြောင့် MI-2 ရဟတ်ယာဉ်နဲ့ ဖုတ်ပူမီးတိုက် သယ်ခဲ့ရတယ်လို့ သိရပါတယ်။ MI-2 ရဟတ်ယာဉ်ဟာ MI-17 ရဟတ်ယာဉ်လို မကြီးမားဘဲ တိုက်ခိုက်ရေးအတွက်သာ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ MI-2 ရဟတ်ယာဉ်နဲ့ အရေးပေါ် လူနာသယ်ခိုင်းတာကို ကြည့်ခြင်းဖြင့် ဒဏ်ရာရသူ စစ်တပ်မှာ များပြားကြောင်း၊ လေတပ်နှင့် နီးစပ်သူများက သုံးသပ်ကြပါတယ်။
တိုက်ပွဲမှ ပြန်လာတဲ့ လေသူရဲအား နီးစပ်သူများက မေးမြန်းကြရာမှာ မိမိတပ်စခန်းကို ရန်သူဝိုင်းပြီး၊ တဖန် ရန်သူ့တပ်အား မိမိတပ်က အပြင်စီးမှ ထပ်မံဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့ထားတဲ့ အခြေအနေမျိုးကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ မလုပ်သင့်ကြောင်း ဆိုပါတယ်။ ရာသီဥတု ဆိုးဝါးပြီး မိမိတပ်နှင့် ရန်သူ့တပ် ရှုပ်ထွေးနေချိန်မှာ ပစ်ကွင်းမရှင်းတာမို့ အလွန်အန္တရာယ်များလှကြောင်း သုံးသပ်ကြပါတယ်။ ပြည်တွင်းမှာ တိုင်းရင်းသားများအား စစ်တပ်က မနိုင်လျှင် လေကြောင်းပစ်ကူ သုံးတာဟာ နိုင်ထက်စီးနင်း လုပ်ဆောင်ချက်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ K.I.A အနေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကက(ကြည်း)မှ စောင့်ကြည့်ခိုင်းပြီး SSA လို တပ်စခန်းအား တိုက်ခိုက်တာမျိုး ဖြစ်လာပါက လေကြောင်းထိုးစစ် ဆင်နွဲဖို့ ကက(လေ)အား ပြင်ဆင်ထားခိုင်းပါတယ်။ ဒါပေမဲ့ K.I.A ဟာ စစ်နည်းဗျူဟာ ကျွမ်းကျင်ပြီး၊ အတွင်းပိုင်းနေရာ နောက်တန်းနေရာများအထိ ထိုးဖောက်တိုက်ခိုက်တတ်တာမို့ မြစ်ကြီးနားနဲ့ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်များ တဝိုက် လုံခြုံရေးအထူး တင်းကြပ်ခိုင်းပြီး SSA ထက်ပိုပြီး စိုးရိမ်နေကြကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ လေတပ်နဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
No comments:
Post a Comment