.

.

.

May 30, 2008

မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ

မြန်မာစစ်ခေါင်းဆောင်များဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေသယောင်ယောင်နှင့်၊ တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ တရားဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နိုင်ငံရေးအရ ကတိကဝတ်တွေကို ချိုးဖေါက်တဲ့အခါတိုင်းမှာ နိုင်ငံတကာကဖိအားတွေ အင်နဲ့အား နဲ့ရောက်လာခဲ့ပါတယ်။ အဲဒီလိုအချိန်အခါတိုင်း စစ်ခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့ကြီးကို အကာအကွယ်ယူပြီး နိုင်ငံတကာဖိအားတွေကို ပြေလျှော့သွားအောင် ပြုလုပ်ခဲ့ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေ ကိုယ်၌ကလည်း သူတို့နိုင်ငံ စီပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုပြီး မြန်မာပြည်သူ လူထုဆန္ဒထက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိရေး၊ ဆက်ဆံရေးပြေလည်စေရေးတို့ကိုသာ အဓိက ဦးစားပေးလေ့ရှိပါတယ်။


အာဆီယံနိုင်ငံများဟာ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုတွေပြုလုပ်တိုင်း အားနည်းချက်တွေရှိနေပါတယ်။ မကြာသေးခင်ကမှ တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးမှာ အာဆီယံအဖွဲ့ကြီးရဲ့ အားနည်းချက်တွေကို ပိုမိုထင်ရှား ပေါ်လွင်စေခဲ့ပါတယ်။ နာဂစ်မုန်တိုင်းအပြီး နိုင်ငံတကာက အကူအညီတွေကို စစ်အစိုးရဘက်မှ ငြင်းဆန်နေချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် စမတ် ဆွန်ဒလာဝတ် ကိုယ်တိုင် မြန်မာနိုင်ငံကို မေလ(၁၄)ရက်နေ့မှာ သွားရောက်ပြီး ပြည်ပအကူအညီ တွေကို လက်ခံဖို့ပြောဆို ခဲ့ပါတယ်။ သူ့ခရီးစဉ်မှာ ဘာထူးခြားမှုတွေမှ ပေါ်ထွက်မလာခဲ့ပေမယ့် စစ်အစိုးရဖန်တီးထားတဲ့ သရုပ်ပြ ကယ်ဆယ်ရေးစခန်းမှာ ထိုင်းဝန်ကြီးချုပ်နဲ့ ဒုက္ခသည်တွေကို တွေ့ဆုံပေးပြီး နိုင်ငံတကာအမြင်မှာ စစ်အစိုးရဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားသွန် ခွန်စိုက် လုပ်ကိုင်နေသယောင် ထင်ယောင်ထင်မှား ဓါတ်ပုံတွေနဲ့ သတင်းတွေသာ ထိုင်းဝန်ကြီးချုပ်ခရီးစဉ် အတွင်း ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်စစ်ခေါင်းဆောင်များမှ နိုင်ငံခြားသားကျွမ်းကျင်သူ ကယ်ဆယ်ရေး သမားမလိုအပ်ပါဘူး" အခြေအနေတွေအားလုံးကို သူတို့ဘာသူတို့ ဖြေရှင်းနိုင်စွမ်းရှိပါတယ် မြန်မာပြည်မှာ လေဘေးဒုက္ခသည်တွေအတွက် အစားအသောက် တွေ လုံလုံလောက်လောက်ရှိ ပါတယ် အစရှိတဲ့ စစ်အစိုးရပြောစေချင်တဲ့ စကားတွေကိုသာ စစ်အစိုးရအလိုကျ နိုင်ငံတကာ သတင်းသမားတွေကို ပြန်လည်ပြောဆိုပေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်းဘန်း ယူဒိုယနို ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတော်အသင့် ရင်းနှီးကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံအကြီးအကဲကိုယ်တိုင် လေဘေး ဒုက္ခသည်များကို ထိထိရောက်ရောက်အမြန်ဆုံး အကူအညီပေးဖို့ နိုင်ငံတကာမှ ကျွမ်းကျင်သူ ကယ်ဆယ်ရေးသမားများကို မြန်မာပြည်တွင်းအမြန်ဝင်ရောက်ခွင့်ပေးဖို့ရာ မြန်မာစစ်ခေါင်းဆောင် တွေကို ထိထိရောက်ရောက် တိုက်တွန်းပြောဆိုခဲ့တာမျိုးတွေ မရှိခဲ့ပါဘူး။နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မေလ(၁၉)ရက်နေ့ တွင် စင်ကာပူနိုင်ငံ မှာကျင်းပခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စင်္ကာပူနိုင်ငံအစိုးရအနေနှင့် ဘယ်အချိန် ဘယ်နေရာမှာ အစည်းအဝေးကျင်းပမယ် ဆိုတဲ့သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေကို အသိမပေးပဲထိန်ချန်ထားခဲ့ပါတယ်။စင်္ကာပူနိုင်ငံမှာရှိတဲ့မြန်မာတွေအနေနဲ့ ကလဲအစည်းအဝေးကျင်းပ မည့် နေရာကိုသိရှိခဲ့လျှင် ဖိအားတစ်စုံတစ်ရာပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို စင်္ကာပူ အစိုးရဘက်က ကြိုတင်တွက်ချက် ထားပုံရပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ မြန်မာလေဘေး ဒုက္ခသည်တွေအတွက် ဘာမှထူးထူးခြားခြား ရလဒ်ကောင်းတွေထွက်ပေါ် မလာခဲ့ပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်းမှ ဧရာဝတီတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှုများအတွက် ဒေါ်လာ(၁၁)ဘီလျံတောင်းဆိုတဲ့ အသံတွေသာထွက်လာပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာအောင် အဓိကနေရာမှနေ တိုက်တွန်းဆောင်ရွက်ခဲ့တဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် ဟာ မလေးရှားနိုင်ငံ အစိုးရကို မြန်မာ့လေဘေးဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့များပေးဖို့ တိုက်တွန်းမှုတွေ မလုပ်ခဲ့ပေမယ့် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေကို လက်တွေ့ပေးနေတဲ့ အနောက်နိုင်ငံ တွေကိုတော့ အပြစ်တင်ပြောကြားတာတွေလုပ်ခဲ့ပါတယ်။ သူတို့ပစ္စည်းတွေကို ပေးပို့တဲ့အခါမှာ ဒုက္ခသည်တွေကို လှုဖို့ထက် သူတို့ဘယ်ကလာတယ် ဆိုတာကို ကြေညာတာတွေပဲ အမြဲတမ်း တွေ့နေရတယ်။ သူတို့ဟာအင်အား အကြီးမားဆုံး အလှုရှင်တွေဖြစ်တယ် ဆိုတာကို ပိုမိုသိအောင် ပြုလုပ်နေတာသာဖြစ်တယ် ဆိုတဲ့စကားမျိုးတွေနဲ့သာ မြန်မာ့အရေးအတွက် အရေးပေါ်လှုဒါန်းခဲ့တဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။အာဆီယံနိုင်ငံတွေ မြန်မာ့အရေးကို ဘယ်လောက်အလေးထားသလဲဆိုတာကို ပိုမိုပေါ်လွင်စေတာ ကတော့ မေလ (၁၆) ရက်နေ့ ကမ္ဘောဒီယားနိုင်ငံနေ့စဉ်ထုတ်သတင်းစာမှ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ရေးသားဖေါ်ပြထားတဲ့ သတင်းစာအချပ်ပိုများကို သတင်းစာအတွင်းမှ ဖယ်ရှားခိုင်း ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ လေလေးဒုက္ခသည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များပါရှိသော သတင်းစာအချပ်ပိုများကို ကမ္ဘောဒီယားနိုင်ငံပြန်ကြားရေးဌာနမှ တရားမဝင်ဟုဆိုကာ ဖယ်ရှားခဲ့ခြင်း ဟာ အာဆီယံနိုင်ငံတစ်နိုင်ငံမှ အခြားအာဆီယံနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားအမှန်တွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ အာဆီယံအဖွဲ့ကြီးတို့ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေမှာ ဘယ်လောက် ထိ ပါဝင်ပတ်သက်နိုင်မှုရှိတယ် ဆိုတာကို လေ့လာအကဲခတ်လို့ရတဲ့ ထင်သာမြင်သာတဲ့ အချက်တွေ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွင်းမှာ ဖိလစ်ပိုင်နိုင်ငံကတော့ဖြင့် မြန်မာစစ်အစိုးရကို ပွင့်ပွင့်လင်းလင်းဝေဖန် ပြောဆိုလေ့ရှိပါတယ်။ မုန်တိုင်းဖြစ်ပြီးမကြာခင်မှာ ဆန္ဒခံယူပွဲကျင်းပမည့်အရေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နိုင်ငံတကာ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ရတော့မယ် ဆိုတာနှင့်ပတ်သက်ပြီးတော့လည်း ဖိလစ်ပိုင်နိုင်ငံသမ္မတ အာရိုယိုမှ ကုလအတွင်းရေးမှူးချုပ် နှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့စုံအပြီး နာရီပိုင်းအတွင်းမှာပင် တင်းထုတ်ပြန်တာမျိုး တွေရှိခဲ့ပါတယ်။

မြန်မာ့စစ်ခေါင်းဆောင်များဟာ ၂၀၀၃ ခုနှစ် မေလ(၃၀) ဒီပဲယင်းအကြမ်းဖက်မှုနောက်ပိုင်း နိုင်ငံတကာ ဖိအားတွေနဲ့ ရင်ဆိုင်ချိန်တိုင်းမှာ အာဆီယံအဖွဲ့ကြီးရဲ့ အမိုးအကာအောက်ဝင်ပြီး ပုန်းခိုသောနည်းလမ်း ဖြင့် ရှောင်လွှဲခဲ့ပါတယ် ဒီပဲယင်းအကြမ်းဖက် မှုကြီးပင်လျှင် (၅)နှစ်ပြည့်သွားခဲ့ပါပြီ။ ဒီပဲယင်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ တရားလိုတွေကတော့ ယခုထိ ထောင်သွင်းအကျဉ်းချခံ နေရဆဲဖြစ်ပါတယ်။ စစ်အစိုးရဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှာလဲ ကုလသမဂ္ဂ၊ လုံခြုံရေး ကောင်စီနဲ့ နိုင်ငံတကာကို အာဆီယံအဖွဲ့ကြီးရဲ့ အကာအကွယ်အောက်မှာပဲ မျက်လှည့်တွေ ပြနေခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဂန်ဘာရီ ကိုယ်တိုင် စစ်အစိုးရ ကစားတဲ့အကွက် ထဲမှာသာ နစ်နေခဲ့ပါတယ်။ စစ်အစိုးရဘက်က နိုင်ငံတကာဖိအားတွေကို ရှောင်လွှဲဖို့ကြိုးစားချိန်တိုင်းမှာ အာဆီယံအသင်းကြီးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပြီး အာဆီယံ အဖွဲ့ကြီးကလည်း အပြုသဘောဆောင်တဲ့ မူဝါဒများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့ သဘောတူညီချက် တွေမှာပဲ အခြေခံပြီး စစ်အစိုးရ ပြောသမျှတွေကို ထာဝရထောက်ခံလာ ခဲ့ပါတယ်။ အဆိုးဆုံးကတော့ အာဆီယံနိုင်ငံတချို့ဟာ မိမိနိုင်ငံကိုယ့်အကျိုးစီးပွားကိုသာ ကြည့်ပြီး အမြဲတမ်းစစ်အစိုးရဘက်မှ ကာကွယ်ပြောဆိုခဲ့တာတွေကို တစိုက်မတ်မတ်ပြုလုပ် ခဲ့ပါတယ်။ယခုနောက်ဆုံး၂၀၀၈ နာဂစ်မုန်တိုင်းနှင့်အတူ နိုင်ငံတကာဖိအားတွေ ပြင်းထန်နေချိန်မှာ မြန်မာပြည်ရဲ့ အပြောင်းအလဲတစ်ခုကို ကြုံလာရတော့မယ့်အချိန်ဖြစ်ပါတယ်။ ဒီလိုရေထဲမိုးထဲ အရေးတကြီးဖြစ် နေချိန်မှာ အာဆီယံအဖွဲ့ကြီးက ကာဆီးထားခြင်းအားဖြင့် ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အနောက်နိုင်ငံကြီး များက အာဆီယံအဖွဲ့ကြီးမျက်နှာဖြင့် နောက်ဆုတ်သွားခဲ့တာမျိုးတွေရှိနေပါတယ်။ မြန်မာတွေအများစု အမှန်တကယ်လိုလားနေတာက အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး အပြုသဘောဆောင်တဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးသာဖြစ်ပါတယ်။ အမှန်တကယ်တော့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ဖို့ ကြိုးစားခဲ့စဉ်ကတည်းက မြန်မာပြည်သူလူထုဆန္ဒအမှန်ဖြင့် မဟုတ်ပဲ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများရဲ့ ဆန္ဒသက်သက် ဖြင့်သာအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒါတွေကိုလည်း အာဆီယံနိုင်ငံမှ ခေါင်းဆောင်များ သိရှိပြီးဖြစ်ပါတယ်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းတိုးလိုက်သည့်တိုင်အောင် အာဆီယံအဖွဲ့ကြီးအနေနှင့် စစ်အစိုးရကိုပြစ်တင်ဝေဖန်ဖို့ရာ ဝန်လေးနေပါတယ်။ နိုင်ငံတကာဥပဒေ၊ မြန်မာပြည်ရှိ လက်ရှိတည်ဆဲဥပဒေများအရ တရားဥပဒေ အပြင်ဘက်မှာ ရောက်ရှိနေသည်ကိုပင် အာဆီယံအဖွဲ့ကြီးအနေနှင့် စစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်တောင်းဆိုခြင်းများကို ရဲရဲတင်းတင်းမတောင်းဆိုရဲခဲ့ပါဘူး။ ပြည်သူလုထုဆန္ဒကို ဆန့်ကျင်ပြီး အစိုးရက သူတို့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေရဲ့ ထောက်ခံမှု ၉၂.၄၈% နဲ့ အတည်ပြုလိုက်ပြီဆိုတာကို ကျေညာလိုက်ပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့ကြီးကဘယ်လိုတုန့်ပြန်လာမယ်ဆိုတာကိုစောင့်ကြည့်ရဦးမှာဖြစ်ပါ တယ်။

စစ်အစိုးရကို နိုင်ငံတကာမျက်နှာစာကို ဆွဲထုတ်လာပြီး နိုင်ငံရေးအရ အမြတ်ထွက်အောင် လုပ်ပေးနေတာဟာ အာဆီယံအဖွဲ့ကြီးဖြစ်ပြီး အခြားတဖက်မှာ နိုင်ငံတကာက စစ်အစိုးရကို အပြောင်းအလဲတွေလုပ်ဖို့ တိုက်တွန်းလာတဲ့အခါတိုင်းမှလဲ အာဆီယံအဖွဲ့ကြီးကပဲ ကာဆီးကာဆီး လုပ်နေပြန်ပါတယ် အဲဒီတော့ အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာပြည်ဒီမိုကရေစီခရီးကို ဘယ်လိုဆက်သွား မလဲဆိုတာကို အတိုက်အခံတွေ စဉ်းစားရမည့်အချိန် ဖြစ်ပါတယ်။မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံအဖွဲ့ကြီးဟာ အတားအဆီး အနှောက်အယှက်ဖြစ်နေတယ် ဆိုတာ သိသာထင်ရှားနေရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ ? အလေးအနက်ထား စဉ်းစားရတော့မယ့်အချိန် ဖြစ်နေပါပြီ။ီ ဒီပဲယင်း အကြမ်းဖက်မှုကြီးသည်ပင်လျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ နောက်ထပ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်တွေနဲ့ နာဂစ်မုန်တိုင်းနှစ်ပတ်လည်တွေသာ တစ်နှစ်ပြီးတစ်နှစ် တိုးပြီးသွားမယ် မြန်မာ့အရေးဟာ အာဆီယံ လက်ထဲမှာ ထူးမခြားနား ဇာတ်လမ်းအဖြစ်နဲ့ပဲ ဆက်ရှိနေဦးမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ?

ဒီဆောင်းပါးအား ပို့ ပေးသော စာရေးသူ ကိုဂျေမိုးအား အထူးကျေးဇူးတင်ရှိပါသည်။

No comments: