.

.

.

May 17, 2008

အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးတွေပါ။ ဖတ်ရှု ခံစားကြပါ

ငါတို့ ထဲကတချို့ သို့

ခွင့်ပြုကြ သူငယ်ချင်းတို့
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမှာ ခဏလာနားလို့ ။

ခွင့်ပြုကြသူငယ်ချင်းတို့
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့ ။

ငါတို့ ဟာ ငါတို့ အားလုံးရဲ့  ပျမ်းမျှကိုယ်တိုင်းနဲ့  တော်တဲ့ အင်္ကျီကို
ဝတ်ဆင်နေရခြင်းသာဖြစ်တယ်။

ငါတို့ ထဲက တချို့ က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ ထဲက တချို့ က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့
မိုးခါးရေကိုမက်နေကြလို့ ။

ပဒေသရာဇ်ဆန်တဲ့ညတွေထဲ
ငါတို့ ထဲကတချို့ က ကိုယ့်ကိုယ်ကို မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ ထဲက တချို့ က အဆိပ်ရေတွေနဲ့  ငြိမ်းခဲ့ကြလို့ ။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ ဘီလူးရိုင်းတွေ
ဓာတ်ပုံ တွေကိုင်ပြီး တမြို့ လုံးဝင်မွှေချိန်မှာ
ငါတို့ ထဲကတချို့ က ခေတ်ပျက်တာကို ခေတ်ပျက်တယ်လို့ ရူးနေကြလို့ ။

ငါတို့ ထဲက တချို့ က
ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ
ငါတို့ ထဲက တချို့ က
ကိုယ့် အနာဂတ်ကိုကိုယ်တိုင်သော့ ခတ်
သော့တံကို မိစ္ဆ္ဆာတွေဆီ အပ်လို့ ။

ရန်သူက ငါတို့ ကိုတည့်တည့်ပစ်နေချိန်မှာ
ငါတို့ ထဲကတချို့ က
ညီအစ်ကို အချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့ ။

ငါတို့ ထဲက တချို့ က
မိဘ စကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှ မပွင့်နိုင်ဘူးဆိုတဲ့ အတွေးနဲ့
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ ထဲက တချို့ က
မိစ္ဆာတွေစကားလွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက်ဆူညံခဲ့ပါတယ်။
ဒါပေမယ့် ငါတို့ ထဲကတချို့ က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ ထဲက တချို့ ကြောင့် ငါတို့ အင်္ကျီတွေသေးနေရတယ်။
ကန့် လန့်  ကန့် လန့် လုပ်လာရင်တော့
ငါတို့ ထဲက တချို့ ကို
ငါတို့ ထဲက ထုတ်ရမယ်။

ငါတို့ ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။


ငါဖန်ဆင်းမယ့် နိုင်ငံ

ငါဖန်ဆင်းမယ့် နိုင်ငံ ကို
ရင်ခွင်ပိုက် အုပ်ချုပ်မယ့်သူဟာ
လက်ဝဲသစ်နဲ့  လက်ယာသစ်တို့ ရဲ့ ရင်သွေးဖြစ်တယ်။
သူက အဖေတူတယ်။
လူမျိုးစွဲ ဘာသာစွဲမရှိပဲ ရင်သွေးတွေ ဘက်က ရပ်တည်ပေးတယ်။
ပုရွက်ဆိတ်တို့ ရဲ့ ဝါဒနဲ့  ငါတို့ ကို နိဗ္ဗာန်တစ်ခုတည်စေတယ်။
သူက အမေတူတယ်။
လှောင်အိမ်တံခါးကို ဆွဲဖွင့်
ကောင်းကင် အနှံ့ ပျံသန်းခွင့်ကို ပေးတယ်။

ငါ ဖန်ဆင်းမယ့်နိုင်ငံရဲ့ 
နိုင်ငံသူနိုင်ငံသားတွေဟာ
ချီကွေဗားရားနဲ့ ဒိုင်ယာနာတို့ ရဲ့ ရင်သွေးတွေ ဖြစ်တယ်။
ချီကွေဗားရားရဲ့  အဖြတ်ခံခဲ့ရတဲ့ လက်တစ်ဘက်က
ငါတို့ နဲ့ လက်ဆွဲ နှုတ်ဆက်တယ်။
ဒါကြောင့် ငါတို့ သွေးတွေဟာ
အနိုင်ကျင့်ခံရတိုင်း ချက်ခြင်းဆူပွက်တယ်။
ဒိုင်ယာနာရဲ အကြင်နာလက်တစ်ဘက်က
ငါတို့ နှလုံးသားကို နူးညံစေတယ်။
လေထဲက ဖယောင်းတိုင်လေးရဲ့ အကြင်နာမီးတောက်ကြောင့်
ငါတို့ နှလုံးသားဟာ နှင်းဆီရောင်နဲ့ လင်းတယ်။
အမှောင်ကမ္ဘာမှာ ကြိတ်ပြီးရွာနေရတဲ့ မျက်ရည်မိုးတွေကို တိတ်စေတယ်။

ငါချစ်တဲ့နိုင်ငံရဲ့  မြို့ လယ်ခေါင်မှာ
ရေပန်း တစ်ခုမရှိဘူး။
တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုပဲရှိတယ်။
အဲဒီ့ မီးပုံကြီးထဲက
ဓားကိုင်ထားတဲ့ နှင်းဆီတစ်ပွင့်ခုန်ထွက်
သူ့ နာမည်က ဂျုံးအော့ဖ်အတ်တဲ့။
၁၇ နှစ် အရွယ်လေးနဲ့  ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ပြင်သစ်သူအပျိုစင်ပေါ့။
မလိုသူတွေက သူ့ ကို မတရား စွပ်စွဲ၊ အရှင်လတ်လတ်မီးပုံထဲထည့်ပစ်ခဲ့တာတောင်မှ
သူ့ ဝိညာဉ်က မသေခဲ့ဘူး။
အဲဒီ့ မီးပုံကြီးထဲကပဲ
သစ္စာတွေငုံထားတဲ့ ဖီးနစ်(စ်)ငှက်တစ်ကောင် ခုန်ထွက်ပြီးတေးဆို
သူ့ နာမည်က ဂျော်ဒါးနိုး ဘရူနိုတဲ့။
အမှောင်ခေတ်ကြီးထဲမှာမှ မှားပြီးလင်းခဲ့မိတဲ့ ကြယ်တစ်ပွင့်ပေါ့။
ကမ္ဘာက နေကို ပတ်နေတာလို့  ပြောခဲ့ရုံနဲ့ 
အရှင်လတ်လတ်မီးရှို့ အသတ်ခံခဲ့ရတဲ့ သူရဲကောင်း။
အမှောင် ကြီးစိုးလာတဲ့ အခါတိုင်း
သူတို့ နှစ်ယောက် ဝိညာဉ်တွေက
ဟိုကောင်းကင်ဖျားဆီကိုပျံ
ကြယ်နှစ်စင်း သဏ္ဍန်နဲ့
ငါချစ်တဲ့ နိုင်ငံကို စောင့်ရှောက်တယ်။

ဟော…ဟိုမှာ
စပါတာကပ်
မြင်းပေါ်က ခုန်ဆင်း
ဖိနှိပ်သူတွေရဲ့ ရင်ဝကို ခပ်ပြင်းပြင်းထိုးဖို့
ငါတို့ ကို လှံတစ်စင်း အပ်နှင်းတယ်။
ဟော…ဟိုမှာ
ငထင်ငယ်
ရာဇဝင်ထဲက ခုန်ထွက်
ငါတို့ ကို ဓားတလက် လာဆက်တယ်။

ငါချစ်တဲ့ နိုင်ငံမှာ
လက်ညှိုးပေါင်း တစ်ထောင် ဖြတ်မယ့်သူတွေ မရှိဘူး။
ငှက်အမျိုးပေါင်း တစ်ထောင် သတ်မယ့်သူတွေ မရှိဘူး။
ငါချစ်တဲ့ ကမ္ဘာကြီး တည်ငြိမ်နေလိုက်ပုံက
ဈာန်ရထားတဲ့ ရသေ့တပါး
စင်္ကြဝဠာကြီးထဲမှာ နေကိုပတ်ပြီး
ဈာန်ကြွနေသလိုလို။

ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် ဒို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန် တစ်စင်းကို ဖန်ဆင်းတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
လူသားဆိုတဲ့ ဘုံလူမျိုး တစ်မျိုးတည်းသာ သတ်မှတ်ထားတယ်။
အဲဒီ့ လူမျိုးဖြစ်ဖို့ အသားအရောင် ကို မကြည့်ဘူး၊
နှလုံးသား အရောင်ကိုသာ ကြည့်တယ်။
လူတစ်ယောက်ရဲ့  ရုပ်တရားထက် နာမ်တရားကို ပိုပြီး အလေးထားတယ်။

ငါချစ်တဲ့ နိုင်ငံမှာ လူမျိုးတစုကို ကွက်ကွက်ကလေး ချစ်တဲ့စိတ်ထက် တိုင်းပြည်ချစ်စိတ်ကို ပိုပြီး တန်ဖိုးထားတယ်။
ငါရဲ့ နိုင်ငံမှာ သက်ရှိလူသားတွေ မပြောနဲ့ ။
သက်မဲ့မြစ် တွေကအစ တိုင်းပြည်ကို ချစ်ကြတယ်။
သွေးမနှောတဲ့ ဧရာဝတီက စပါး တွေ သီးပေးသလို
သွေးနှောတဲ့ သံလွင်ကလည်း
မမောမပန်း ဟိုးတောင်ပေါ်က ခုန်ဆင်း
သူ့ ရဲ့ ချစ်ခြင်းက ငါတို့ အတွက် အလင်းကို ဖြစ်စေတယ်။

ငါချစ်တဲ့ နိုင်ငံက လူတိုင်းရဲ့ ရင်ထဲမှာ
ပြည်ထောင်စုတစ်ခုစီ ရှိတယ်။
ရင်ထဲမှာ ပြည်$ထောင်စုတစ်ခုစီရှိနေလို့
အပြင်မှာ ပြည်ထောင်စုတစ်ခုကို တည်ဖို့  မခက်ဘူး။

ငါချစ်တဲ့ ကမ္ဘာမှာ
ယဉ်ကျေးမှုတို့ ဝတ်မှုန်ကူးပြီး ပန်းပွင့်ရောင်စုံတို့ ဖူးတယ်။
ငါချစ်တဲ့ နိုင်ငံထဲမှာ တည်တဲ့
ရွှေတိဂုံနဲ ခါကာဘိုရာဇီကို
တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုမြင့်မားသူတိုင်း ပိုင်ဆိုင်သလို
သူတို့ ဆီမှာ တည်တဲ့
အန်ကောဝပ်နဲ့  ပီဆာမျှော်စင်ကို လည်း
ငါတို့ အားလုံး ပိုင်ဆိုင်တယ်။
ယဉ်ကျေးမှုတို့ ရဲ့  နှလုံးသည်းပွတ် မှန်သမျှဟာ
နယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းပြီး
စကြာင်္ဝဠာ တစ်တိုက်လုံးအထိ မွှေးတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဥယျာဉ်တစ်ခုရှိတယ်။
အဲဒီ့ ဥယျာဉ်ထဲက သစ်ပင်တွေမှာ
ဘာသာတရားတို့ ရဲ့ အဆီအနှစ်တွေက
သစ်သီးအဖြစ်သီးနေတယ်။
အဲဒီ့သစ်သီးတွေကို ကြိုက်သလောက်ဆွတ်ယူကြ။
အဲဒီ့ ဥယျာဉ်ရဲ့ သစ်သီးတိုင်းဟာ ချိုမြိန်ပြီးဆေးဘက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ပင်လယ်တစ်ခုရှိတယ်။
နာမည် အမျိုးမျိုးနဲ့ စီးဆင်းလာတဲ့ ဘာသာတရားဆိုတဲ့မြစ်တွေဟာ
ကိုယ်ချင်းစာတရားဆိုတဲ့ ပင်လယ်မှာ ပေါင်းဆုံတယ်။
အဲဒီ့ ပင်လယ်ရဲ့ ရေစက်ရေပေါက်တိုင်းဟာ ချိုမြိန်ပြီး ဆေးဖက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဘုရားတွေ ပရိနိဗ္ဗာန် စံပေမယ့်
တရားတွေ ပရိနိဗ္ဗာန် မစံသေးဘူး။
လူတိုင်းရဲ့ ရင်ထဲမှာ
ဘုရားတစ်ဆူစီရှိနေတယ်။

1 comment:

ကောင်းကင်ကို said...

ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးတွေကို ထပ်ဆင့် ဖြန့် ဝေ ပေးလို့ ကျေးဇူးပါ ခင်ဗျာ။ ကျန်းမာပျော်ရွှင်ကြပါစေ။