.

.

.

May 20, 2008

မြစ်ဝကျွန်းပေါ်က မြင်ကွင်းတစ်ချို့ 






လေဘေးဒုက္ခသည်တွေအတွက် ရန်ုကုန်မြို့ကနေ အလှူရှင်များက အားတက်သရော သွားရောက်

လှူဒါန်းကြတဲ့ ကိုယ်တွေ့ မြင်ကွင်းကို ဧရာဝတီ ပရိသတ်အတွက် တဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ၂ပတ်အကြာ တနင်္ဂနွေ

မနက်ခင်းပါ။ ရန်ကုန်မြို့လမ်းများပေါ်မှာတော့ ပစ်ကပ်ကား၊ လိုက်ထရပ်ကား၊ အိမ်စီးဆလွန်းနဲ့

ဗင်ကားမျိုးစုံပေါ် ဆန်အိတ်၊ ခေါက်ဆွဲ ခြောက်ပါကင်၊ အ၀တ်အစားအထုပ်၊ သောက်ရေသန့်ဘူးနဲ့ သတ္တုအိုး၊

ပန်ကန်ပြားတွေအထိ တင်ဆောင်ပြီး လှိုင်သာယာ လမ်းကဘက်ကနေ ကွမ်းခြံကုန်းမြို့ဘက်ကို သွားဖို့

ဦးတည်နေကြပါတယ်။

ကားတွေပေါ်မှာ ပစ္စည်းတွေသာမကဘဲ တီရှပ်ဆင်တူနဲ့ လူငယ်တွေပါသလို လူလတ်၊လူကြီး၊ ကျားမ၊

ဘာသာစုံ ပါဝင် ကြပါတယ်။ မိသားစုအလိုက် ကားနဲ့သွားကြတာ ရှိသလို ကုမ္ပဏီ အမည် အလံလွှင့်ထူ

ကြတာတွေလည်း တွေ့ရပါတယ်။ ကျန်ကားအများစုမှာတော့ သာသနာ့အလံလွှင့်ထူ ထားကြပါတယ်။

ကားပေါ်မှာ သံဃာတွေ မပါဝင် ပေမယ့်လို့ သာသနာ့ အလံ လွှင့်ထူပြီးသွားကြတာဟာ စက်တင်ဘာ

ရွှေဝါရောင် တော်လှန်ရေးကို ပြန် အမှတ်ရစေပါတယ်။

အခုလိုကားတွေနဲ့လူတွေ ဘယ်ကိုသွားသလဲမေးရင်တော့ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့

ဧရာဝတီတိုင်းထဲ က ဒေးဒရဲ မြို့တွေ၊ ရွာတွေအထိ သွားပြီး မုန်တိုင်း ဒုက္ခသည်တွေကို နိုင်သလောက် ကူညီ

လှူဒါန်းကြဖို့ သွားကြတာပါ။

သတင်းဂျာနယ်တွေထဲ မုန်တိုင်းဒဏ်ခံစားရတဲ့ ဒေသကအဖြစ်အပျက်တွေ မြင်ရ၊ ရေဒီယိုတွေထဲက ကြားရ

တာကြောင့် ကူညီလိုတဲ့ စေတနာတွေပေါ်လာလို့ နီးစပ်ရာအချင်းချင်း တိုင်ပင်ပြီး ကူညီဖို့ သွားကြတာပါ။

မုန်တိုင်းအပြီးတပတ်အကြာ မေလ ၁၁ရက်နေ့ တနင်္ဂနွေကတည်းက ကွမ်းခြံကုန်း၊ ဒေးဒရဲဘက်ကို

နေ့ချင်းပြန် သွားရောက် ကူညီကြခဲ့ပြီး အခုတပတ်မှာတော့ လွန်ခဲ့တဲ့ တနင်္ဂနွေထက်ကို ကားရောလူပါ

သိသိသာသာ များပြားတယ် လို့ပြောကြပါတယ်။ မနက် ၈နာရီ လှိုင်သာယာ ဘုရင့်နောင်တံတား

အဆင်းကိုရောက်တဲ့အခါ ကူညီ ဖို့သွားတဲ့ ကားတန်း ကြီးဟာ သင်္ကြန်လှည့်တဲ့ ကားတန်းလို ဖြစ်နေပါတယ်။

လှိုင်သာယာက ကွမ်းခြံကုန်း အရောက် ကားတစီးနဲ့ တစီး ရှေ့ဆင့်နောက်ဆင့်လို့ဆိုရမလို

တန်းစီနေပါတယ်။ မိုးကလည်း တဖွဲဖွဲရွာသွန်း နေ ပါတယ်။

တွံတေးတံတားကိုလွန်ပြီးနောက်မှာ အနီးအနားကျေးရွာက ကလေး၊ လူကြီးအများအပြား ကားလမ်းဘေးမှာ

စောင့် မျှော်နေကြတာကိုမြင်ရပါတယ်။ ကားတချို့ကလည်း မုန့်ခြောက်တွေကို ကမ်းပေး၊ တချို့လည်း ပစ်ချ

ပေးကြတာ တွေ့ရပါတယ်။ကော့မှူးမြို့ကိုလွန်လာပြီးနောက်မှာတော့ ကွမ်းခြံကုန်းမြို့ကို ရောက်ပါတယ်။

မြို့မ၀င်မီမှာ၊ မြို့ထဲမှာ ကယ်ဆယ်ရေး စခန်းရှိသည် စနစ်တကျပေးဝေ လှူဒါန်းနိုင်ပါသည်

ဆိုတဲ့စာတန်းတွေနဲ့ အတွင်းထဲသို့ လမ်းညွှန် ဆိုင်းဘုတ်တွေ တွေ့ရ ပါတယ်။ ကွမ်းခြံကုန်းမြို့ထဲမှာ

အလှူလာတဲ့ ကားတွေနဲ့ ပြည့်ကြပ်နေပါတယ်။

ကွမ်းခြံကုန်းမြို့ထဲက ဘုန်းတော်ကြီးကျောင်း တကျောင်းမှာတော့ အလှူရှင်တွေကိုယ်တိုင်လှူနိုင်ဖို့အတွက်

ကျောင်း မှာရှိတဲ့ သံဃာတွေက ဒုက္ခသည်တွေကို စနစ်တကျ တန်းစီ စေတာကို တွေ့ရပါတယ်။ ဘုန်းကြီး

ကျောင်းရှေ့တိုင်းမှာ အလှူရှင်ကားတွေ နဲ့စည်ကားနေပါတယ်။ မို့အ၀င်ဘောလုံးကွင်း ထဲမှာတော့

နိုင်ငံတကာကလှူဒါန်းတဲ့ ရွက်ဖျင်တဲ အလုံး၄၀လောက်တွေ့ရပါတယ်။ အဲဒီ ရွက်ဖျင်တဲတွေထဲမှာတော့

ရာဂဏန်းမျှသော ဒုက္ခသည်တွေ ကိုတွေ့ရပြီး စစ်သားတွေက စောင့်ကြပ် နေပါတယ်။ ထောင်နဲ့ချီတဲ့

ဒုက္ခသည်အများစုကြီးကတော့ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင် ကျောင်းတွေမှာ နေ

ထိုင်နေကြပါတယ်။ နိုင်ငံတကာ အကူအညီ ပစ္စည်းတွေကတော့ ဒုက္ခသည်တွေဆီ

မရောက်ရှိသလောက်ပါပဲ။ ဘုန်းကြီးကျောင်းမှာ တွေ့ရတဲ့ ဒုက္ခသည်တဦးကို မေးကြည့်တော့ ကျမတို့ အခု

ထိရတာ ဆန်နဲ့ ဆီပါပဲ၊ စောင်နဲ့ အ၀တ်အစားကတော့ မဲပေါက်မှရတယ်လို့ပြောပါတယ်။

ရန်ကုန်မြို့မှ လာတဲ့ လှူဒါန်းသူတဦးက ကျနော်တို့လည်း ဒီမုန်တိုင်းဒဏ်ကိုခံရတဲ့ သူတွေပါပဲ။ ဆုံးရှုံး

တာလည်းရှိ ပါ တယ်။ ဒါပေမယ့် ဒီမြို့ကလူတွေ၊ ရွာကလူတွေခံစားရတာက ကျနော်တို့ထက် အများကြီး

ဆိုးတာကြောင့် လာပြီးကူညီဖို့ အချင်းချင်းတိုင်ပင် ပြီးရောက်လာတာပါလို့ဆိုပါတယ်။ဘာကြောင့်များ

အစိုးရအာဏာပိုင်တွေကတဆင့်မလှူတာလဲလို့ မေးတဲ့အခါရှင်းရှင်းပြောရရင်တော့ မယုံလို့ပဲ၊ နိုင်ငံ

တကာကပေးတဲ့ ပစ္စည်းတွေတောင် ဖြတ်စားနေတယ်ဆိုတော့ ဒုက္ခသည်တွေ အရမ်း

သနားစရာကောင်းပါတယ်၊ ဒါကြောင့်ကိုယ်တိုင်လာပြီး လှူတာပါလို့ဆိုပါတယ်။

ဘုန်းကြီးကျောင်းမှ ရန်ကုန်သို့ အပြန်လမ်းမှာတော့ ကွမ်းခြံကုန်းမြို့အထွက်မှာ လဲကျထားတဲ့ သစ်ပင်တွေကို

ခုတ်ထွင် ရှင်းလင်းနေတဲ့ စစ်သားတွေကို တွေ့ရပါတယ်။ မြို့ခံတွေရော ရန်ကုန်ကလာလှူတဲ့ သူတွေရော

သူတို့ကို တခြားကမ္ဘာက သူတွေကို ကြည့်တဲ့အကြည့်နဲ့ကြည့်တာတွေ့ရပြီး ဘယ်သူကမှ မုန့်တထုပ်၊

ရေတဘူး ပေးကမ်းတာမတွေ့ရပါဘူး။ပြီးခဲ့တဲ့ စက်တင်ဘာအဖြစ်အပျက်ကို လူထုကမမေ့နိုင်ကြသေးလို့

ဖြစ်နိုင်ပါတယ်။

1 comment:

MelodyMon said...

သာဓု၊ သာဓု၊ သာဓု