“ရှန်ဂရီလာ ဒိုင်ယာလော့“တွင် အဖွင့်မိန့်ခွန်း ပြောနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂိတ်စ်"
မြန်မာစစ်အစိုးရသည် နားပင်းပြီး ဆွံ့အနေကြောင်း ယမန်နေ့က သမုတ်ခဲ့သော အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က မြန်မာကမ်းရိုးတန်းမှ အမေရိကန် ရေတပ်သင်္ဘောများ ထွက်ခွာမထွက်ခွာ ဆုံးဖြတ်ချက်ကို ရက်ပိုင်းအတွင်း သူ ချမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ထိုလုပ်ရပ်သည် စစ်အစိုးရက မိမိတို့ကို ကူညီရန် အ၀င်မခံကြောင်း ထင်ရှားသိသာစေမည် ဖြစ်ကြောင်း စင်ကာပူတွင် ယနေ့ ပြောကြားသည်။ အကျိုးဆက်အနေဖြင့်မူ အသင့်စောင့်နေသော အမေရိကန် စစ်သင်္ဘောများပေါ်တွင် စစ်သည်များ အချည်းနှီး ထိုင်နေရကဲ့သို့ လူပေါင်းများစွာ အထူးသဖြင့် ရဟတ်ယာဉ်များသာ ရောက်နိုင်သည့် ဒေသများမှ ဒုက္ခသည်များ ပိုမို သေဆုံးလိမ့်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
ယမန်နေ့က ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က မြန်မာစစ်အစိုးရကို ပြင်ပကမ္ဘာမှ ကမ်းလှမ်းနေသော အကူအညီများကို ငြင်းပယ်သည့်အတွက် “ဆွံ့အနားမကြားများ”ဟု ခေါ်ဝေါ်ခဲ့သည်။ ၀န်ကြီး ဂိတ်စ်သည် စင်ကာပူတွင် ကျင်းပသော ခုနစ်ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးညီလာခံ “ရှန်ဂရီလာ ဒိုင်ယာလော့”ကို တက်ရောက်နေခြင်း ဖြစ်သည်။ အခြားတိုင်းပြည်များက ဆိုက်ကလုံးဒဏ် ခံလိုက်ရသော မြန်မာကို အကူအညီပေးရန် လက်များကမ်းနေချိန်တွင် မြန်မာစစ်အစိုးရသည် သူတို့လက်များကို သူတို့အိတ်ထဲသာ နှိုက်ထားကြောင်းလည်း ဝေဖန်ခဲ့သည်။
စစ်အစိုးရသည် လူအစုအပြုံလိုက် သတ်ဖြတ်မှု (genocide) ကျုးလွန်ခြင်းဟုတ်မဟုတ် မေးမြန်းရာ ဂိတ်စ်က “ကျနော်က လူအစုအပြုံလိုက် သတ်ဖြတ်မှုထက် လူတွေကို ရည်ရွယ်ချက်ရှိရှိ အဓမ္မသုတ်သင်မှုလို့ ပိုသုံးသပ်ချင်တယ်။ ဒါက ပိုနီးစပ်တယ်။ ကျနော့်အမြင်မှာတော့ ရာဇ၀တ်ပြစ်မှုသင့်တဲ့ လျစ်လျူပြုမှုပါပဲ”ဟု ဖြေကြားသည်။ ဂိတ်စ်က သတင်းထောက်များကို ညီလာခံ တက်ရောက်သည့် မြန်မာကိုယ်စားလှယ် (ဗိုလ်မှူးချုပ်အေးမြင့်)သည် သူနှင့် စကားပြောရန် စိတ်ဝင်စားပုံ မရကြောင်း ပြောကြားသည်။ သို့သော် ညီလာခံတွင် “မြန်မာပြည်ကို ၀င်မကူညီနိုင်တဲ့အပေါ်မှာ သူတို့ရဲ့ လေးစားအပ်တဲ့ စိတ်မချမ်းမြေ့မှုတွေကို ၀န်ကြီးတယောက်ပြီးတယောက် ပြောနေတာကို စောင့်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်ဗျ”ဟု ဂိတ်စ်က ဆိုသည်။
တရုတ်အာဏာပိုင်များက တရုတ်မြေငလျင်ဘေးကို ကူညီကြသည့် အခြားတိုင်းပြည်များကို ကျေးဇူးတင်ကြောင်း ပြောကြားပြီးကတည်းက မြန်မာ၏ လုပ်ရပ်သည် လက်ညှိုးစရာ ထင်ရှားလာခဲ့သည်။ မေလဆန်းပိုင်းက တိုက်ခတ်သွားခဲ့သော ဆိုက်ကလုံးမုန်တိုင်းကြောင့် ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများကို အကူအညီပေးရန်အတွက် အင်အားသုံးရန်ကိုမူ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယေဘုယျအားဖြင့် ကန့်ကွက်ကြောင်းလည်း ၀န်ကြီး ဂိတ်စ်က ထပ်မံ အတည်ပြုသည်။ “တခြားနိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာကို တကမ္ဘာလုံးက အင်မတန့်ကို အထိအရှမခံနိုင်တဲ့ အနေအထား ရှိပါတယ်”ဟု ပြောကြားသည်။ “အထူးသဖြင့် ကုလသမဂ္ဂရဲ့ ထီးရိပ်တစုံတရာ မပါဘဲ ဒါကို လုပ်ခဲ့ရင်ပေါ့”ဟု ဆိုသည်။ ထိုအထိအရှမခံမှုသည် အီရတ်ကို အမေရိကန် သိမ်းပိုက်မှုအပေါ် အငြင်းအခုန်များနှင့် ဆက်နွှယ်နေမနေ မေးမြန်းရာတွင် ဂိတ်စ်က ဆက်နွှယ်နေသည်ဟု ပြောလာသူ တယောက်မှ သူ မကြားမိကြောင်း ဖြေကြားသည်။
စင်ကာပူညီလာခံတွင် ရောက်နေသော မြန်မာ ကိုယ်စားလှယ် ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က မုန်တိုင်းဒဏ် ခံလိုက်ရသည့် နေရာများတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် သက်ဆိုင်ရာများက ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။ ကယ်ဆယ်ရေး အဖွဲ့များက ထိုလုပ်ရပ်သည် ကလေးများကို ထိခိုက်နစ်နာစေမည်ကို စိုးရိမ်လျက် ရှိသည်။ ဗိုလ်ချုပ် အေးမြင့်က စစ်အစိုးရ၏ ချက်ချင်း အရေးယူဆောင်ရွက်မှုကြောင့် ဒုက္ခသည် အားလုံးကို အစာ၊ ရေနှင့် ဆေးဝါးများ ဖြန့်ဝေနိုင်ခဲ့သည်ဟု ဆိုသည်။ “ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေး လုပ်ငန်းစဉ်တွေ မြန်ဆန်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟုလည်း ဆိုသည်။
စစ်အစိုးရက နိုင်ငံခြား ကယ်ဆယ်ရေးဝန်ထမ်း အားလုံးကို တံခါးဖွင့်ပေးလိုက်ပြီဟု ဆိုသော်လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက မြစ်ဝကျွန်းပေါ်သို့ နိုင်ငံခြား ကျွမ်းကျင်သူများ စေလွှတ်ရန် ပိတ်ပင်ခံထားရဆဲ ဖြစ်ကြောင်း ပြောကြားသည်။ အခြား ကယ်ဆယ်ရေး အုပ်စုများကလည်း ၎င်းတို့ဝန်ထမ်းများသည် မြစ်ဝကျွန်းပေါ် ဒေသတွင် မုန်တိုင်းဖြစ်ပြီးကတည်းက ယခုထိ အကူအညီ လုံးဝ မရသေးသည့် အသက်ရှင်ကျန်ရစ်သူများနှင့် တွေ့ခဲ့ကြောင်း ပြောပြသည်။ ဗိုလ်ချုပ် အေးမြင့်ကမူ နိုင်ငံတကာ အကူအညီများကို လက်ခံကြိုဆိုကြောင်း စစ်အစိုးရ၏ တရားဝင် ရပ်တည်ချက်ကိုသာ ထပ်မံ အတည်ပြုသည်။ “ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမဆို စစ်မှန်တဲ့ စေတနာနဲ့ ပေးပို့လာတဲ့ နှောင်ကြိုးမဲ့ အကူအညီ မှန်သမျှကို ကျနော်တို့ နွေးထွေးစွာ ကြိုဆိုပါတယ်”ဟု ဆိုသည်။
ဆိုင်ကလုံး တိုက်ခတ်ပြီး မကြာမီ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် စစ်သင်္ဘောများသည် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ကမ်းရိုးတန်းအနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် နိုင်ငံခြား ၀င်ရောက်မှုကို ထိတ်လန့်ပုံ ရသော မြန်မာစစ်အစိုးရက သင်္ဘောများ ကမ်းကပ်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။
No comments:
Post a Comment