.

.

.

June 14, 2008

ဘုရားသုံးဆူက ခလရ (၃၄) မှာ သေနတ်ပစ်မှု ဖြစ်ပွား

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ နေရာယူထားတဲ့ အမှတ် ၃၄ ခြေလျင်တပ်ရင်းက တပ်ကြပ်ကြီးတဦးနဲ့ ရဲဘော်တဦးတို့ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။ သေဆုံးသွားသူ နှစ်ဦးကတော့ အမှတ် ၃၄ ခြေလျင်တပ်ရင်းက ဆက်သွယ်ရေး တာဝန်ယူထားတဲ့ တပ်ကြပ်ကြီး အောင်ဇော်ဝင်းနဲ့ တပ်သား ဘူးကသီး ဆိုသူတို့ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး ဘုရားသုံးဆူ ဒေသခံတဦးက “အခင်း ဖြစ်ပွားတဲ့ နှစ်ယောက်က ခလရ ၃၄ မှာ ဆက်သွယ်ရေးစက် ကိုင်တဲ့သူတွေ၊ အပစ်ခံရတာက တပ်ကြပ်ကြီး၊ ပစ်လိုက်တဲ့သူက ရဲဘော်၊ ရဲဘော်က မူးနေတယ်ဗျ။ မူးပြီးတော့ ဘာတွေ တက်ပြီးတော့ သောင်းကျန်းလဲ မသိဘူး။ သောင်းကျန်းတော့ ဆရာကြီးက ပါးရိုက်တယ်လို့ ပြောတယ်။

နောက်ပြီး သူတို့က ဘယ်ကတည်းက ရန်ငြိုးရန်စတွေ ရှိသလဲ မသိဘူး။ အဲဒါ ရဲဘော်က သေနတ်အတွဲလိုက် ၈ ချက် ပစ်လိုက်တယ်။ ၈ ချက် ပစ်ပြီးတော့ အဲဒီ တပ်ကုန်းမှာပဲ တောထဲကို ထွက်ပြေးတယ်။ အဲဒီအချိန်မှာ မီး ခဏ ပျက်သွားတယ်၊ အဲဒီ တပ်ကုန်းမှာ။ မီးပျက်ချိန်မှာ သေနတ်သံ တချက်ကြားလိုက်ရတယ်။ ကြားလိုက်ရတာက ထွက်ပြေးသွားတဲ့ရဲဘော်က သူ့ကိုယ်သူ ပြန် ပစ်သတ်လိုက်တယ်ဗျ။“ လို့ ဘားမားတူဒေးကို ပြောပြပါတယ်။

ဘားမားတူဒေးအနေနဲ့ အခင်းဖြစ်ပွားချိန် အတိအကျကို မသိရပေမယ့် သေနတ်ပစ်သံ နှစ်ခုအကြားမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ကြာမြင့်ကြောင်း သိရပါတယ်။ အခု ဖြစ်ပွားမှုသတင်း ပေါက်ကြားမှု မရှိအောင် သတိထားဖို့ ခလရ ၃၄ ရဲ့ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အေးကိုကိုက ပြောဆိုထားကြောင်း၊ သေဆုံးသူ နှစ်ဦးကို ဇွန်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ၊ ၁ နာရီ မိနစ် ၃၀ ၀န်းကျင်မှာ တပ်ရင်းမှူး ကိုယ်တိုင် အမိန့်ပြန်တမ်းစာ ဖတ်ကြားပြီး မြှုတ်နှံလိုက်ကြောင်း သတင်းရရှိပါတယ်။

ခလရ ၃၄ ဟာ ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းတခုဖြစ်ပြီး လွန်ခဲ့တဲ့တလလောက်က ဘုရားသုံးဆူဒေသကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာ ဘုရားသုံးဆူဒေသမှာ ၄ - ၅ လတခါ တပ်ရင်းလိုက် လဲလှယ် တပ်စွဲလေ့ရှိပြီး ခလရ ၃၄ မတိုင်မီ တာဝန်ကျတဲ့ တပ် ကတော့ ဧရာဝတီတိုင်းက ဖြစ်ကြောင်း သိရပါတယ်။ နာဂစ်စ်မုန်တိုင်း ဖြစ်ပွားပြီးနောက် အဲဒီတပ်ကို မူရင်းဒေသ ပြန်ပို့လိုက်ကာ ခလရ ၃၄ လာရောက် တပ်စွဲတာ ဖြစ်ကြောင်း ဘုရားသုံးဆူဒေသခံတဦးက ဘားမားတူဒေးကို ပြောပြပါတယ်။ မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာစစ်အစိုးရ တပ်စခန်းများ တပ်ရင်းအလိုက် အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိကြောင်း သတင်းရရှိသလို အခုလို ဧရာဝတီတိုင်း အခြေစိုက် တဲ့ တပ်ရင်းအား နေရပ် ပြန်ပို့ရခြင်းအကြောင်းဟာလည်း အဲဒီ ဆုံးရှုံးမှုများနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း သုံးသပ် ပြောဆိုသံများ ကြားရပါတယ်။

နယ်စပ်ဒေသတွေမှာ စစ်အစိုးရတပ်များ စခန်းချတဲ့အခါ မြန်မာစစ်အစိုးရဟာ တပ်များနဲ့ ဒေသခံများ ရင်းနှီးမှုရမှာကို ကြောက်လန့်တဲ့ အတွက် ၄ လ တခါ ဒါမှမဟုတ် ၆ လတခါ တပ်များကို ပြောင်းလဲတာဝန်ချထား လေ့ ရှိပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသများဟာ အရာရှိ အရာခံ အကြပ်တပ်သားများ အပိုဝင်ငွေ ရရှိနိုင်တဲ့ နေရာကောင်းများ ဖြစ်တဲ့အတွက် တပ်တွင်း စားဝတ်နေရေး ပြဿနာကို ဖြေရှင်း မပေးနိုင်တဲ့ မြန်မာစစ်အစိုးရ ဟာ အခုလို တပ်များ ပြောင်းရွှေ့နေရာချထားပေးပြီး တပ် မိသားစုရဲ့ စားဝတ်နေရေး ဒုက္ခကို ပြေလည်အောင်ကြံဆောင်ပေးလေ့ ရှိပါတယ်။

တပ်သားများအကြား ခိုက်ရန်ဖြစ်ပွားမှု၊ အချင်းချင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်တတ်ပေမယ့် သက်ဆိုင်ရာတပ်ရင်းမှူးများအနေနဲ့ အခုလို အမှုအခင်းများကို စစ်အစိုးရအာဏာပိုင်အဆင့်ဆင့် မသိအောင် ကြိုးစား ဖုံးကွယ်ခြင်းဟာ မြန်မာစစ်အစိုးရတပ်များရဲ့ အစဉ်အလာ ဖြစ်ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရဘက်ရဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။

No comments: