ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မုန်တိုင်းကပ်ဘေး ဆိုးကျိုးများကို အမှန်တကယ် လျစ်လျူရှုခဲ့ခြင်းလော၊ သို့မဟုတ် မြစ်ဝကျွန်း ပေါ်ဒေသရှိ ယခင်သူပုန်ဟောင်း ကရင်ရွာသားများကို အညှိုးအတေးဖြင့် စတေးခဲ့ခြင်းလော... သို့လော သို့လော တွေးဆဖွယ် ဖြစ်နေရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရပြီး ရက်သတ္တ ၂ ပတ်ကြာသည့်အချိန်တွင်မှ မြန်မာနိုင်ငံ၏ လျှို့ဝှက်သိပ်သည်းလွန်းလှ သည့် ခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ဆုံးတွင် လူထုရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။ သူက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်ခံရသောနေရာများရှိ ဟန်ပြဆောက်လုပ်ထားသည့် စခန်းများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
သိမီသမျှသော မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် အဆိုးရွားအပြင်းထန်ဆုံးသော မုန်တိုင်းကြီး တိုက်ခတ်နေစဉ်နှင့် နောက်ပိုင်းကာလတွင် ဗိုလ်ချုပ်ကြီးက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ ကပ်ဘေးဒုက္ခအပေါ် မည်သို့မျှ တုံ့ပြန် ဆောင်ရွက်ခြင်းလည်း မရှိခဲ့ပါ။ ဤသို့ပြုမူနေခဲ့ခြင်းကိုပင် လူအများက သူရဲဘောကြောင်မှုဟု ထင်မြင်ယူဆခဲ့ကြသကဲ့သို့ လူထုအပေါ် ကြီးမားသည့်အမှားအယွင်းတရပ် ကျူးလွန်ခဲ့သည်ဟုလည်း မြင်ကြသည်။
မည်သို့ဖြစ်စေ စိတ်ဝင်စားဖွယ်ကောင်းသည့် မေးခွန်းမှာ ၎င်းနိုင်ငံ့ခေါင်းဆောင်ကြီးက အမှန်တကယ်ပင် ပျက်စီးဆုံးရှုံးရမှု သတင်းများနှင့် ပတ်သက်၍ မသိရှိရဘဲ လိမ်ညာခံထားရခြင်းလော၊ သို့တည်းမဟုတ် သိလျှက်နှင့် တမင်တကာ ရည်ရွယ် ချက်ဖြင့် လျစ်လျူရှုထားခြင်းလောဟူသည့် မေးခွန်းပင် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများက စိုးရိမ်ပူပန်၍ ပြောဆိုနေကြသံများက ပဲ့တင်ထပ်နေသည်။ ဤအသံများက သူ၏ နားထဲသို့လည်း ရောက် နိုင်သည်။ သို့သော်လည်း စစ်အစိုးရခေါင်းဆောင်ကြီးက အခြေအနေဆိုးရွားပြင်းထန်မှုကို မခြုံငုံမိ၊ မဆုပ်ကိုင်မိ ဆိုသည် ကတော့ ယုံကြည်ရန် ခက်ခဲပါသည်။ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ အကူအညီများ မရောက်ရှိရလေအောင် ပိတ်ဆို့ထား သည် ဆိုသည်မှာလည်း ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် ကိုင်စွဲထားသည့် စံနှုန်းများနှင့် တိုင်းတာလျင်ပင် လူသား မဆန်၊ စာနာမှု ကင်းမဲ့လွန်းသည့်အသွင် သက်ရောက်နေပါသည်။
သို့သော်လည်း ထည့်သွင်းစဉ်းစားရန်အချက်တခုမှာ စစ်အစိုးရ၏ အမြင်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဆိုသည်မှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ တလျှောက်လုံး သူပုန်သူကန်များ မွေးထုတ်ပေးခဲ့ရာဒေသ ဖြစ်နေခဲ့သည်။
ကရင်သူပုန်ခေါင်းဆောင် အများစုမှာ မြစ်ဝကျွန်း ပေါ်ဒေသတွင် မွေးဖွားကြီးပြင်း ခဲ့ကြသူများဖြစ်ပြီး ဤဒေသသည် ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) အတွက် လူသစ်စုဆောင်းရာ ရေခံ မြေခံဒေသကြီး ဖြစ်နေပါသည်။ အလားတူပင် ၁၉၇၀ ပြည့်နှစ်များ အထိ ကွန်မြူနစ်ပါတီ (ဗမာ ပြည်) ၏ လူသစ်စုဆောင်းသိမ်းသွင်းရာ အရေး ပါသည့် ဒေသတခုလည်း ဖြစ်နေခဲ့ပါသည်။
မုန်တိုင်းဒဏ်မှရှင်ကျန်ရစ်ရသူများအနေဖြင့်လည်း ၁၉၉၁ ခုနှစ် ဘိုကလေးဒေသ စစ်ဆင်ရေးမှ အဖြစ်အပျက်များကို ပြန်၍ မြင်ယောင် အမှတ်ရ နေနိုင်ပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေဦးဆောင်၍ ၁၉၉၁ ခုနှစ်က တိုက်တိုက်ဆိုင်ဆိုင် "မုန်တိုင်း စစ် ဆင်ရေး" ဟူသော အမည်ဖြင့် ကရင်သူပုန်များကို အမြစ်ဖြုတ်သုတ်သင်နိုင်ရေးအတွက် မြစ်ဝကျွန်း ပေါ်ဒေသတွင် ထိုးစစ် များပြုလုပ်ခဲ့ပြီး တိုက်ပွဲများလည်း ပြင်းပြင်းထန်ထန် ကြုံခဲ့ရပါသေးသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် သူပုန်များနှင့် မြန်မာ့တပ်မတော် (ကြည်းတပ်) အကြား ပဋိပက္ခဖြစ်ပွားလာခဲ့သည်မှာ သမိုင်းနှင့် ချီ၍ ရှိလာခဲ့ပြီ ဖြစ်ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး မရှေးမနှောင်း ပြည်တွင်းစစ် စတင်လာ ကတည်းကဟုပင် ဆိုရပါလိမ့်မည်။
၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲအပြီးတွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် မြန်မာအစိုးရတပ်များက ကရင်သူပုန်များကို ရန်ကုန် မြို့၏ ဆင်ခြေဖုံး ဒေသမှနေ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ကပ်လျှက်ရှိသော ကရင်ပြည်နယ် တောင်တန်းများပေါ်သို့ မောင်းနှင်ထုတ်နိုင်ခဲ့ကြသည်။
ဤသွေးထွက်သံယို ဖြစ်ရသည့် တိုက်ပွဲများအတွင်း၌ပင် မြန်မာနိုင်ငံ၏ နောက်ထပ် တော်လှန်ရေးသမား မျိုးဆက်သစ်များ ကို မွေးထုတ်နိုင်ခဲ့သည်။ ဤခေါင်းဆောင်များအနက်တွင် စောဘသင်စိန်လည်း တဦးအပါအ၀င်ဖြစ်ပြီး နောက်ပိုင်းတွင် ကေအန်ယူအဖွဲ့အစည်း၌ သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရာ အသက် ၈၂ နှစ်အရွယ် မကြာသေးမီ ၂၀၀၈ ခုနှစ် မေလက ကွယ်လွန်ခဲ့သည်။
ဗျူဟာအရဆိုလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက အရေးပါလှသည်။ ပဲခူးရိုးမ၊ ရခိုင်ရိုးမများနှင့် ကပ်လျှက်တည်ရှိသလို ယခင်တချိန်က ဤတောင်တန်းများပေါ်တွင် ကွန်မြူနစ်သူပုန်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ဌာနချုပ် များ၊ အခြေစိုက်စခန်းများ တည်ထောင်၍ အံတုခြားနားခဲ့ကြဖူးသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ကွန်မြူနစ်များနှင့် ကရင်သူပုန်တို့၏ သြဇာလွှမ်းမိုးမှု ကျန်ရှိနေသေးကြောင်း သိရှိထားသည့် နည်းတူ ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းနှင့် သူ၏ တပ်မှူးများကလည်း မြစ်ဝကျွန်းပေါ်ဒေသအတွင်းတွင် ပုံမှန် ဆိုသလို ထိုးစစ်များ ၀င်ရောက်ဆင်နွှဲခဲ့ကြဖူးသည်။ မည်သို့ပင်ဖြစ်စေ သူပုန်များကို အမြစ်ဖြုတ်သုတ်သင်နိုင်ခြင်း မရှိခဲ့ပေ။
၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းက ဗိုလ်မှူးကြီးသန်းတင်ကို ဦးဆောင်စေ၍ မြစ်ဝကျွန်းပေါ်ဒေသကို "အဖြူရောင်ဒေသ" ဖြစ်စေရန် စစ်ဆင်ရေးဆင်းစေခဲ့သည်။ ဆိုလိုသည်မှာ သူပုန်သူကန်များ ကင်းရှင်း၍ ကျူပင်ခုတ် ကျူငုတ်အစအန မကျန် ရှင်းလင်းစေရေးပင် ဖြစ်သည်။ တက်ကြွ၍ ထက်မြက်သည့် ဗိုလ်မှူးကြီးသန်းတင်ကို နောက်ပိုင်းတွင် ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့စေ၍လည်း ကွန်မြူနစ် သူပုန်များကို နှိမ်နင်းစေခဲ့ပြန်သည်။
ဗိုလ်မှူးကြီးသန်းတင်က မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအများအပြားကို စုစည်းကာ ကျေးရွာသစ်များ တည်ထောင်ခဲ့သည်။ "ကျေးရွာသစ်" များဟု ခေါ်ဆိုသော်လည်း အမှန်တွင်မူ အချုပ်စခန်းကျေးရွာများ ဖြစ်သည်။ ကွန်မြူနစ်ပါတီနှင့် ကေအန်ယူ ၏ ရှေးဦးမဆွ အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (ကေအန်ဒီအို) များအပေါ် သစ္စာခံသူဟု ယူဆရ သည့် ရွာသားများကို စုစည်းစေ၍ တင်းကျပ်စွာစောင့်ကြပ်ထားစေသော စခန်းကျေးရွာများသာ ဖြစ်သည်။
ဤစုစည်းကျေးရွာများအားလုံးကို စစ်စခန်းများနှင့် နီးကပ်စွာ တည်ဆောက်ထားခဲ့သည်။ ထိုကျေးရွာများတွင် ရံဖန် ရံခါဆိုသလို ၀င်ရောက်ရှာဖွေရန်အတွက်လည်း အထူးကွန်မင်ဒိုတပ်ဖွဲ့များကို ညွှန်ကြားထားခဲ့သေးသည်။ ဤသို့ ရှောင် တခင်ဝင်ရောက်စစ်ဆေးသည့်အချိန်များတွင် မတွေ့ရဘဲ ပျက်ကွက်နေသူများကို သူပုန်ဟူ၍ သတ်မှတ် အရေးယူ အပြစ် ပေးမှုများလည်း ရှိခဲ့ပါသည်။
ဗိုလ်ချုပ်နေ၀င်း၏ လက်စွဲသာဝကတဦးဖြစ်ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သူ ဗိုလ်ချုပ်စန်းယုကို ဗိုလ်မှူးကြီးသန်းတင်က အခြေအနေများကို တင်ပြခဲ့ကာ ဆန်စပါးထွက်ရာ စပါးကျီဟု ခေါ်နိုင်သည့် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသအတွင်း သောင်းကျန်းသူနှိမ်နင်းရေး လျှို့ဝှက်စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် အမိန့်တောင်း ခံခဲ့ပါသည်။
ဗိုလ်မှူးကြီးသန်းတင် ကိုယ်တိုင်ရေးဖော်ပြခဲ့သည့် ကိုယ်ရေးရာဇ၀င်စာအုပ်တွင် စကားကို နူးညံ့ပျော့ပြောင်းစွာ ပြောဆို တတ်သူတဦးဖြစ်ပြီး နောက်ပိုင်း သမ္မတဖြစ်လာသည့် ဗိုလ်ချုပ်စန်းယုက "ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ ၏ စပါးကျီဖြစ်သလို၊ တပြိုင်နက်တည်းမှာ သူပုန်အဖွဲ့တွေရဲ့ ၀မ်းဗိုက်ဖြစ်တယ်" ဟု ပြောကြောင်း ဖော်ပြ ပါရှိသည်။
ဤဒေသကို သူပုန်များပေါက်ဖွားရာဒေသဟု အာဏာပိုင်များဘက်က မြင်ထားကြသည့်အပြင် မြန်မာပြည်ကွန်မြူနစ်ပါတီ ၀င် သူပုန်အဖွဲ့များကလည်း မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာများမှ တနှစ်လျှင် ကျပ် ၃ သန်းကျော် အခွန်အတုတ်ကောက်ခံရရှိနေ သည်ဟု တွက်ဆထားကြသည်။ ထို့ပြင် (ကေအန် ဒီအို) အဖွဲ့ကလည်း တနှစ်လျှင် ၅ သန်းမျှ ဤဒေသမှ ငွေဝင်လမ်းရှိ သည်ဟု တွက်ဆခဲ့ကြပြန်သည်။
ဗိုလ်မှူးကြီးသန်းတင် နောက်ထပ်ဆောင်ရွက်ခဲ့ရသည့်တာဝန်မှာ စစ်တပ်၏ သောင်းကျန်းသူနှိမ်နင်း ရေး စစ်ဆင်ရေးများ တွင် ဒေသခံပြည်သူများ ပါဝင်လာစေရန်နှင့် သူပုန်အဖွဲ့များကို ရှုတ်ချဆန့် ကျင်ကြစေရန် ဖြစ်ပါသည်။
သူပုန်အဖွဲ့များအနေဖြင့်လည်း အကြပ်အတည်းကြုံလာကြရပါသည်။ လုယက်မှုများနှင့် ဓားပြမှုများ ပို၍ဖြစ်ပွားလာပြီး ကျေးရွာလူကြီးများက စစ်တပ်ကို ၀င်ရောက်၍ လုံခြုံမှုပေးပါရန် တောင်းဆိုမှုများ ဖြစ်လာခဲ့ပါသည်။
စစ်တပ်၏ သောင်းကျန်းသူနှိမ်နင်းရေး အစီအစဉ်ကို တန်ပြန်ရန်အတွက် ကေအန်ယူအဖွဲ့က ထိုင်း-မြန်မာနယ်စပ်မှ သူတို့ ရဲဘော်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စေလွှတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရနောင်း မှတဆင့် ပို့ဆောင်ရန် စီစဉ်ခဲ့သည်။ ၎င်းသူပုန်ရဲဘော်များကို ကေအန်ယူအဖွဲ့အပေါ် စာနာထောက်ခံသူအများ အပြား နေထိုင်ကြသည့် ဘိုကလေးဒေသ၊ ကဒုံကနိကျေးရွာသို့ တိတ်တဆိတ် ပို့ဆောင်ခဲ့ကြပါသည်။
ကေအန်ယူအဖွဲ့ ထိုးဖောက်ဝင်ရောက်လာသည့်သတင်း ကြားဖြတ်သိရှိခဲ့ရာ ဗိုလ်မှူးကြီးသန်းတင်က "ထော်ပိုင်စစ်ဆင်ရေး" ဆင်နွှဲ၍ ဘိုကလေးမြို့ ထော်ပိုင်မြစ်ရိုးတလျှောက်တွင် ထိုးစစ်များ ဆောင်ရွက်ခဲ့သည်။
စက်သေနတ်များတင်ဆောင်ထားသည့် စစ်ရေယာဉ်များက မြစ်ချောင်းများကြားတွင် အထူးအသုံးဝင်ခဲ့ပြီး မြန်မာစစ်တပ်၏ ခြေလျင်တပ်များကို အားဖြည့်ပေးနိုင်ခဲ့ကြသည်။ ဤစစ်ဆင်ရေးကို ၁၉၇၄ ခုနှစ်ထိ ဆင်နွှဲခဲ့ပြီး ဗိုလ်မှူးကြီးသန်းတင်ကတော့ ထိုအချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသကို "အဖြူရောင်ဒေသ" အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဟု ဆိုခဲ့ပါသည်။
ဗိုလ်မှူးကြီးသန်းတင်၏ ဒေါသအာဃာတဒဏ်ကို နောက်ထပ် ခံစားတွေ့ကြုံခဲ့ရသူများမှာ ကွန်မြူနစ်သူပုန်များ ဖြစ်သည်။ သူက စစ်ဆင်ရေးများကို ပဲခူးတိုင်းဘက်လှည့်ခဲ့ပြီး ရှိနေသည့် သူပုန်စခန်းများကို ရှင်းလင်းစေခဲ့သည်။ ဤစစ်ဆင်ရေးများ တွင် ကွန်မြူနစ်များ၏ နာမည်ကြီးခေါင်းဆောင်များဖြစ်သူ သခင်ဇင်နှင့် သခင်ချစ်တို့ ကျဆုံးခဲ့ကြရသည်။
ယင်းနောက်ပိုင်းတွင် စစ်အစိုးရအပေါ် ခုခံဆန့်ကျင် သူပုန်ထမှုများ မြစ်ဝကျွန်းပေါ်ဒေသတွင် ကာလတစုံတရာတိုင် ငြိမ် သက်သွားခဲ့သည်ဟု ပြောလျင် ရနိုင်ပါသည်။
နောက်တဖန် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုများက မြန်မာနိုင်ငံကို ဆက်လက်ရိုက်ခတ်လာပြန်သည်။ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ လူထုထောက်ခံမှု အကြီးအကျယ် ရရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ၁၉၉၀ ပြည့်နှစ်တွင် ခရီးထွက်ခဲ့ရာ လမ်းခရီးတလျှောက်တွင် ထောက်ခံအားပေးသူ လူထုက ကမ်းပြည့်လမ်းပြည့် ထွက်၍ ဆီးကြိုခဲ့ကြပြန်သည်။
ဤခရီးစဉ်တွင် လူသိများထင်ရှားသည့် အဖြစ်အပျက်တခု ဖြစ်ခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက် သွားနေစဉ် စစ်သားတချို့က ရပ်တန့်ရန် အမိန့်ပေးခဲ့ရာ သူမက အမိန့်ဖီဆန်၍ ဆက်လက်လမ်းလျှောက် ချီတက်ခဲ့သည်။ စစ်ဗိုလ်တဦးက ပစ်ခတ်မည်ခြိမ်းခြောက်၍ သေနတ်နှင့်ပင် ချိန်ထားခဲ့သည်။ သို့သော်လည်း ဒေါ်စုက အာခံရပ်တည်နေဆဲ။ ဤသို့ အခြေအနေ တင်းမာနေချိန်၌ ၎င်းစစ်ဗိုလ်က အမိန့်ကို ပြန်ရုပ်သိမ်း ပေးခဲ့သည်။ ဒေါ်စုနှင့် လူထုက ဆက်လက် လမ်းလျှောက် ချီတက်ခဲ့ပြီး သူမ၏ ရဲရဲတောက် သတ္တိပြောင်မြောက်လှသည့် ၎င်းဖြစ်ရပ်သည် မြစ်ဝကျွန်းပေါ် ဒေသသာမက အခြားနေရာများတိုင် ပျံ့နှံ့ ကျော်စောခဲ့ပါသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် ချက်ချင်းဆိုသလိုပင် ဒေါ်စုဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမာခံ ခံတပ် ဖြစ်လာခဲ့သည်။ သူ့ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်သည်။
ဤအဖြစ်အပျက်နှင့် တချိန်တည်းသောကာလတွင် ထိုင်း-မြန်မာနယ်စပ်၌ ပြည်တွင်းစစ်မီးက ပြင်းထန်စွာ တောက်လောင် နေဆဲ၊ တိုက်ပွဲများလည်း ပြင်းထန်နေဆဲ ဖြစ်သည်။ ကေအန်ယူအဖွဲ့ခေါင်းဆောင်များက သောင်ရင်းမြစ်ကမ်းပါးရှိ မာနယ် ပလောဒေသတွင် ဌာနချုပ်ပြု၍ အာခံနေကြသည်။ သူတို့က မြစ်ဝကျွန်းပေါ်ဒေသရှိ သူတို့၏ အမာခံများကို သုံး၍ ပြန်လည် ထိုးစစ်ဆင်နိုင်ရန်လည်း ကြံစည်နေခဲ့ကြသည်။
ကေအန်ယူအဖွဲ့က ထားဝယ်ဒေသမှတဆင့် လက်နက်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိတ်တဆိတ် ခိုးသွင်းခဲ့ကြ သည်။ စစ်အစိုးရ မှတ်တမ်းများအရ အစောဆုံး ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ ဤသို့ဆောင်ရွက်ခဲ့ကြသည်ဟု ဆို သည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် လျှို့ဝှက် အမာခံများ အများအပြား ရှိနေကြဆဲဖြစ်ပြီး သူတို့ကတော် လှန်ရေးတွင် ပူးပေါင်းပါ ၀င်ရန် စိတ်အားထက်သန်နေကြဆဲ ဖြစ်သည်။ အများစုမှာ ယခင် ကေအန်ဒီအိုအဖွဲ့ဝင်များဖြစ်ကြပြီး ဗိုလ်မှူးကြီးသန်းတင် စီစဉ်လုပ်ဆောင်ခဲ့သည့် စုစည်းအကျဉ်းချရွာများအတွင်း၌ ဖြတ်သန်း ရှင်သန်နိုင်ခဲ့ကြသူများ ဖြစ်သည်။
ကေအန်ယူတို့က မြစ်ဝကျွန်းပေါ်ဒေသတွင် တပ်မ ၇ ခုဖွဲ့ပြီး မြေအောက်ကွန်ယက်များ စီစဉ်ဆောင်ရွက်ပြီးသည့်အခါ ဒေသခံ ရွာသားများကို ပြောက်ကျားစစ်ရေးဗျူဟာများ လေ့ကျင့်သင်တန်းပေးရန် အဖွဲ့တခု စေလွှတ်ခဲ့သည်။
သို့သော်လည်း ရဲလှည့်ကင်းတခုက ရှေ့ပြေး ရေဒီယို ဆက်သွယ်ရေးစက်များ၊ ကျည်ဆန်များ ဘိုကလေးမြို့သို့ သယ် ဆောင်လာသည့် အဖွဲ့တခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ဤကနဦး ထိတွေ့တိုက်ပွဲမှ အစပြု၍ နောက်ပိုင်းတွင် မြစ်ဝ ကျွန်းပေါ်ဒေသ၌ အကြီးအကျယ် စစ်ဆင်ရေး ဆင်နွှဲခဲ့ရသည့် အခြေအနေတိုင် ဆိုက်ရောက်စေခဲ့သည်။
ထိုအချိန်က တပ်မတော်ကာကွယ်ရေး ဒု-ဦးစီးချုပ်လည်းဖြစ် (န၀တ) စစ်အစိုးရ၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်သန်းရွှေ က မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးများကို စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်တင်ဦး၊ စစ်ဒေသတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် တို့နှင့် အတူ ကြီးကြပ်ကွပ်ကဲ ခဲ့ရသည်။ ဤစစ်ဆင်ရေးများက စစ်အစိုးရက "မုန်တိုင်းစစ်ဆင်ရေး" ဟု အမည်ပေး ခဲ့ကြသည်။
မြေပြင်ပေါ်ရှိ တပ်များကို အားဖြည့်ပေးရန်အတွက် ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်စစ်သင်္ဘောများကို ခေါ်ယူ အသုံးပြုခဲ့ကြပြီး သူပုန်ဟု ထင်သမျှ သင်္ကာမကင်းဖြစ်ခံရသူအားလုံးကို ရှာဖွေချေမှုန်းခဲ့ကြသည်။ သို့သော်လည်း ဤစစ်ဆင်ရေးတွင် ထိခိုက်ရသူ အများစုမှာ သာမန်အရပ်သားများသာ ဖြစ်ကြပါသည်။
ဤစစ်ဆင်ရေးနိဂုံးချုပ်တွင် စစ်အစိုးရ၏ စာရင်းများအရ ရန်သူ တိုက်ခိုက်ရေးသမား ၂၇၅ ဦး ကျဆုံး၊ ၁၃ ဦး ဒဏ်ရာရ၊ ၃ ဦး လက်နက်ချလာသည်ဟု ဖော်ပြပါသည်။ သို့သော်လည်း လေ့လာသူများကမူ ထိခိုက်ဒဏ်ရာရမှု ထိုထက်ပို၍ များပြား နိုင်သည်ဟု ဆိုကြပါသည်။
ကရင်ရွာသားများက ပြောပြကြရာတွင် သေဆုံးရသူအများစုမှာ သာမန်အရပ်သားများဖြစ်ပြီး စစ်တပ်က သတ်ဖြတ် ကွပ်မျက်ခြင်း သို့မဟုတ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးရသည်ဟု ပြောဆိုကြပါသည်။
ဖမ်းဆီးခံရသူများမှာလည်း နှိပ်စက်ညှဉ်းပန်းခံကြရပြီး တချို့မှာ လူမဆန်သော ရက်စက်ညှဉ်းပန်းမှုများ ကြုံခဲ့ကြရသည်။ ရာနှင့်ချီသည့် ရွာသားအများအပြားကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ပြီး ၎င်းတို့အထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးများပင် ပါဝင်ခဲ့သည်။ ယနေ့တိုင် တချို့သော ကရင်ရွာသားများမှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရဆဲ ရှိသေးသည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြုံရချိန်တွင် ဘိုကလေး၊ လပွတ္တာနှင့် အခြားသော မြစ်ဝကျွန်းပေါ်ဒေသများရှိ လူများ အနေဖြင့် ဗိုလ်ချုပ်သန်းရွှေ၏ ထိန်းချုပ်မှုအောက် ထပ်မံကျရောက်ကြရသည်မှာ အထူးကြေကွဲဖွယ်ရာ ဖြစ်သည်။ ယခုတကြိမ်တွင် လည်း သူက လေဘေးသင့်၍ ရှင်ကျန်ရစ်ရသူ ဒုက္ခသည်များထံ အကူအညီများ မရောက်နိုင်ရန် တားဆီးနေပြန်သည်။ မြစ်ဝကျွန်းပေါ်ဒေသသို့ အကူအညီပေးမည့် ရဟတ်ယာဉ်များ၊ သင်္ဘောများ၊ လူပုဂ္ဂိုလ်များ မရောက်နိုင်အောင် ဟန့်တား နေပြန်သည်။
တနည်းဆိုရလျင် မုန်တိုင်းစစ်ဆင်ရေး၏ အဆက် ပို၍ ရက်စက်ကြမ်းကြုတ်သည့် အပိုင်းကို ဆောင်ရွက်နေပြီဟု ဆိုနိုင်ပါ သည်။ ယခုတကြိမ်တွင်လည်း ဗိုလ်ချုပ်သန်းရွှေက လူသားချင်းစာနာမှု ကူညီပံ့ပိုးမှုများထက် စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်း ချက်များကို ကြည့်ရှု ရှေ့တန်းတင် လုပ်ဆောင်နေပြန်သည်။
ယခုတကြိမ် နောက်ပိုင်း မပြီးပြတ်သေးသည့် မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးတွင်လည်း ထောင်နှင့်ချီသည့် အပြစ်မဲ့ပြည်သူများ ထပ်မံသေကြေကြရဖွယ် ရှိနေပါတော့သည်။
အောင်ဇော် - ဧရာဝတီ
.
.
.
.
.
June 12, 2008
မြစ်ဝကျွန်းပေါ် စစ်ဆင်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment