.

.

.

June 5, 2008

နာဂစ်အလွန် တလအကြာ လပွတ္တာ

လပွတ္တာမြို့ပေါ်တွင် တည်ထောင်ထားသော ဒုက္ခသည်စခန်းများ အားလုံးကို မြို့ထဲရပ်ကွက်များမှတဆင့် မြို့ပြင်ဒေသ များသို့ ပြောင်းရွှေ့ပြီး ထိုမှတဆင့် ၎င်းတို့နေထိုင်ခဲ့ရာ ဒေသများဆီသို့ အတင်းအကျပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုများ နေ့စဉ်ရှိနေသဖြင့် ဒုက္ခသည်များမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့ရပြီး ၀မ်းရောဂါ နှင့် ငှက်ဖျားရောဂါ၊ ကူးစက်ရောဂါများနှင့် စိတ်ကျရောဂါ ဖြစ်ပွားမှုများ ရှိနေသည်။



မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လပွတ္တာမြို့ထဲ သကျမာရဇိန် ဆုတောင်းပြည့်ဘုရား အတွင်းရှိ ဒုက္ခသည်စခန်း၊ အမှတ် ၁ နှင့် ၂ အထက်တန်းကျောင်းများမှ ဒုက္ခသည်စခန်းများ၊ မြို့တွင်း ဘုန်းကြီး ကျောင်းများနှင့် လပွတ္တာမြို့ခံများ စုပေါင်း တည်ထောင်ထားသော ဒုက္ခသည် စခန်းစုစုပေါင်း ၄၉ ခုမှ ဒုက္ခသည် ၄၀၀၀၀ နီးပါးတို့ကို လပွတ္တာမြို့နှင့် အတော် ကွာဝေးသော မြို့ပြင် လမ်းဘေး မြေယာကွက်လပ်များဆီသို့ အာဏာပိုင်များက ပြောင်းရွှေ့စေခဲ့သည်။

လပွတ္တာမြို့နှင့် ၃ မိုင်ကွာဝေးသော လပွတ္တာ-မြောင်းမြ ကားလမ်းပေါ် တနေရာ (ဒေသအခေါ် ဂေါက်ကွင်း) တွင် ၃ မိုင် ဒုက္ခသည်စခန်း၊ ၅ မိုင်ကွာဝေးသော ကားလမ်းဘေးနေရာ တခုတွင် ၅ မိုင်ဒုက္ခသည်စခန်း ဟူ၍ အမည်ပေးကာ ဒုက္ခသည် များ အားလုံးကို ယင်းနေရာများသို့ ပြောင်းရွှေ့စေခဲ့ကြောင်း သိရသည်။


“အခု လပွတ္တာမှာ ဒုက္ခသည်စခန်းကြီး ၃ ခုပဲရှိတော့တယ်။ မြို့ပြင်မှာ နဂိုကတည်းက ရှိနေတဲ့ ရတနာဒီပ အားကစားကွင်း ဒုက္ခသည်စခန်း၊ ၃ မိုင်နဲ့ ၅ မိုင် ဒုက္ခသည် စခန်းတွေပါ” ဟု လပွတ္တာမြို့နယ် ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

ဒုက္ခသည်များကို မူရင်း ဒေသများဆီသို့ နေ့စဉ်ပြန်လည် ပို့ဆောင်ခြင်းလုပ်ငန်းကို ဒေသခံ အာဏာပိုင်များနှင့် လပွတ္တာ မြို့နယ်အတွင်း မုန်တိုင်းသင့် ကျေးရွာများ ပြန်လည်ထူထောင်ရေး တာဝန်ယူထားရသော ဧရာရွှေဝါ၊ မက်စ်မြန်မာ၊ ၀ါဝါ၀င်း၊ ဇေကမ္ဘာစသည့် စီးပွားရေး ကုမ္ပဏီများက ပူးပေါင်း ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောပြသည်။

“မေလ ၁၈ ရက်နေ့အထိ လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း အားလုံးမှာ လူ ၄၀၀၀၀ လောက်ထိ ရှိလာတယ်” ဟု လပွတ္တာ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် တဦးက ဆိုသည်။

၎င်းကပင် ရတနာဒီပ အားကစားကွင်းက ဒုက္ခသည်စခန်းတွင် ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု ၆၅၀၊ လူဦးရေ စာရင်းအရ ၂၀၆၉ ဦးရှိပြီး ၃ မိုင်နှင့် ၅ မိုင်ဒုက္ခသည်စခန်းနှစ်ခုပေါင်းတွင် ဒုက္ခသည်ဦးရေ ၁၀၀၀၀ နီးပါးခန့် ရှိကြောင်း ဆက်ပြောသည်။

“လူဦးရေ စာရင်းကတော့ လုံးဝမငြိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ ၃ မိုင်နဲ့ ၅ မိုင် ဒုက္ခသည် စခန်းမှာ နေ့တိုင်း ပြန်ပို့ခံရတဲ့ လူတွေရှိနေလို့ပါ” ဟု သူက ပြောသည်။

လပွတ္တာမြို့နယ် မယက အဖွဲ့ဝင်လူကြီး၏ အဆိုအရ လက်ရှိကျန်ရှိသည့် ဒုက္ခသည်ဦးရေ ၁၂၀၆၉ ဦးသာ ရှိတော့သည့် အတွက် လပွတ္တာမြို့ပြင်များသို့ ဒုက္ခသည်စခန်း ပြောင်းရွှေ့ပြီးသည့် သီတင်းတပတ်ကျော်အတွင်း ဒုက္ခသည်ဦးရေ ၃ သောင်းနီးပါး ၎င်းတို့နေထိုင်ခဲ့ရာ ကျေးလက် တောရွာများဆီသို့ ပြန်လည်ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရှိရသည်။

လပွတ္တာမြို့ပြင် ရတနာဒီပ အားကစားကွင်း ဒုက္ခသည်စခန်း၊ ၃ မိုင်ဒုက္ခသည်စခန်းနှင့် ၅ မိုင် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များမှာ ဗြိတိန်၊ ဂျပန်နှင့် နိုင်ငံတကာမှ လှုဒါန်းထားသည့် ရွက်ဖျင်တဲများ၊ ရေသန့် စက်များနှင့် အတူ မိုးလုံလေလုံ နေထိုင်ရကြောင်း ယင်းစခန်းများမှ ဒုက္ခသည်များက ပြောကြားကြသည်။

စားနပ်ရိက္ခာ အပိုင်းတွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ အက်ဒရာမြန်မာ (Adventist Development and Relief Agency Myanmar) စသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကြောင့် ဒုက္ခသည်များအတွက် လုံလောက်မှု ရှိနေကြောင်း သိရှိရသည်။

“ဆန်က အိမ်ထောင်စု ၄ စုကို ၃ ရက်စာ ဆန်တအိတ် ရတယ်။ အဲဒါက စားနပ်ရိက္ခာ အဖွဲ့က ပေးတာပါ။ အဖွဲ့ကပေးတဲ့ ဆန်က ဆန်လုံးသွယ်သွယ်နဲ့ စားလို့ကောင်းတယ်။ အစိုးရကလည်း ပေးတယ်။ ၃ ရက်ကို လူတဦး နို့ဆီဘူး ၂ လုံးပေးတယ်။ တခြား ဆီ၊ ဆား၊ ကုလားပဲတွေလည်း အခြားအဖွဲ့အစည်းတွေက ပေးတယ်။ သောက်သုံးရေနဲ့ ချိုးရေကျတော့ စခန်းရှေ့မှာ တည်ထားတဲ့ ရေသန့်စက်ကြီးတွေမှာ သွားခပ်ရတယ်”ဟု ၃ မိုင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များက ပြောဆိုကြသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များ၏ ကျန်းမာရေး အပိုင်းတွင်လည်း ဟော်လန်နယ်စည်းမခြား ဆရာဝန် များအဖွဲ့၊ မာလင်၊ မော်တီဆာကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များ၊ မြန်မာ နိုင်ငံ ဆရာဝန်များအဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု များကြောင့် မြို့ပြင် ဒုက္ခသည်စခန်းများ တွင် ၀မ်းရောဂါနှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှု အနည်းငယ်သာ ရှိကြောင်း ဒုက္ခသည်များထံမှ စုံစမ်းသိရှိရသည်။

လပွတ္တာမြို့ပြင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် အပူအပင်မရှိ အေးချမ်းစွာ နေထိုင်ရသော်လည်း နေထိုင်ခဲ့ရာ ကျေးလက်တောရွာ များဆီသို့ အတင်းအကျပ်ပြန်လည် ပို့ဆောင်ခံခဲ့ရသော ဒုက္ခသည်များမှာမူ သောက်သုံးရေ အခက်အခဲ၊ စားနပ်ရိက္ခာ အခက်ခဲ၊ နေရာထိုင်ခင်း အခက်အခဲများနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရသည့်အတွက် ၀မ်းရောဂါ၊ ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျား)၊ အသည်းရောင် အသားဝါ ရောဂါများနှင့် စိတ်ကျရောဂါများ ဖြစ်ပွားနေကြောင်း လပွတ္တာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများက ပြောဆိုကြသည်။

“ဒုက္ခသည်စခန်းတွေက ပြန်ပို့ခံခဲရတဲ့ တောရွာတွေကို နယ်လှည့်ဆေးကုသွားတဲ့အခါမှာ ၀မ်းရောဂါနဲ့ တိုက်ဖွိုက် ရောဂါ တွေဖြစ်နေတာကို တွေ့နေရပါပြီ။ လူဦးရေ ၆၀ မှာ ၆ ယောက် ၇ ယောက်လောက် ဖြစ်နေတယ်။ တခြား အသည်းရောင် အသားဝါတို့ နမိုးနီးယားနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်တာတွေလည်း ရှိနေတယ်။ အများစုဖြစ်တဲ့ ရောဂါတွေက သန့်ရှင်းတဲ့ သောက်ရေသုံးရေ မရနိုင်လို့ပဲ” လပွတ္တာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတခုမှ ဆရာဝန် တဦးက ပြောသည်။

အချို့ကျေးရွာများတွင်မူ စိတ်ကျရောဂါ ခံစားနေရသည့် လူနာအများအပြား တွေ့ရှိရပြီး စိတ်ဓာတ်ကျဆင်းသည့် ရောဂါကို အထူးဂရုစိုက် ကုသမှုပေးနိုင်သည့် ပညာရှင်နှင့် ဆရာဝန်များ လပွတ္တာမြို့ရှိ ကုလသမဂ္ဂနှင့် ကျန်းမာရေး အဖွဲ့အစည်း များတွင် လောလောဆယ် မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါဆရာဝန်က ၎င်းလုပ်ကိုင်နေသော အဖွဲ့အစည်း၏ ကျန်းမာရေးလုပ်ငန်းများ အာဏာပိုင်များ၏ ငြိုငြင်မှုများကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် အဖွဲ့အစည်းအမည်နှင့် ၎င်းအမည် ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပြောဆိုပြီး အာဏာပိုင်များ၏ ဒုက္ခသည်များအား အတင်းအကျပ် နေရပ်ပြန်လည် စေလွှတ်မှုများကို ပြစ်တင်ရှုံ့ချကြောင်း ပြောသည်။



“ဘာတခုမှ အဆင်သင့်မဖြစ်ဘဲ ဒုက္ခသည်တွေ ပြန်ပို့တော့ ၀မ်းရောဂါတို့လို ကူးစက်ရောဂါတွေက သေချာပေါက်ကို ဖြစ်မှာပဲ။ ပြီးတော့ ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေ အားလုံးနေတဲ့ ကျေးရွာတွေအားလုံးကို ကျန်းမာရေး အဖွဲ့အစည်းတွေ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု လက်လှမ်းမီတဲ့ ရွာတွေမှာတောင် ကူးစက်ရောဂါတွေ ဖြစ်နေပြီ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ကပ်ရောဂါအဆင့်ကို မရောက်အောင် ကြိုးစားသွားမှာပါ”ဟု အဆိုပါ ဆရာဝန်က ပြောသည်။

လပွတ္တာ အခြေစိုက် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတခုမှ ကြီးကြပ်ကွပ်ကဲရေးမှုး တဦးကလည်း လပွတ္တာမြို့မှ သွားလာရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများမှ ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခြင်းမပြုရန် ပန်ကြားလိုက်ပြီး ပြန်လည်တည်ဆောက်ရေးနှင့် ဒုက္ခသည်များအတွက် ပြည့်စုံ လုံလောက်သော အခြေခံအဆောက်အအုံ ဖြစ်သည့် ကျန်းမာရေးနှင့် စားဝတ်နေရေး အဆောက်အအုံများ အဆင်ပြေမှသာ ပြန်လည်ပို့ဆောင်သင့်ကြောင်း ပြောသည်။

လပွတ္တာမြို့ပြင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို အာဏာပိုင်များက နေထိုင်ခဲ့ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင် ရာတွင် ဒုက္ခသည်တဦးလျှင် ဆန်၁ အိတ်၊ ငွေနှစ်သောင်းကျပ်၊ ဆီတပုံး တပါတည်း ထည့်သွင်းပေးပြီး မိမိသဘောဆန္ဒ အလျှောက် နေရပ်သို့ ပြန်ခြင်းဖြစ်သည်ဆိုသော လျှောက်လွှာစာရွက်တွင် လက်မှတ်ရေးထိုးစေကြောင်း ဇွန်လ ၁ ရက်နေ့ တွင် ၃ မိုင် ဒုက္ခသည်စခန်းမှ နေရပ် ရွေးဒိုင်နယ် (ကျေးရွာအုပ်စု) ဂွေးချောင်းရွာသို့ ပြန်မည့် ဒုက္ခသည် မိသားစုတစုက လပွတ္တာမြို့၊ ဧရာဝတီ သဘောင်္ဆိပ်တွင် ပြောသည်။

“ပြန်မယ် … စခန်းမှာပြန်ဖို့ ခဏခဏပြောတယ်၊ ပေးတာယူ ကျွေးတာစား သူတောင်းစားတွေလို ဘ၀မျိုးက ရုန်းထွက်ပါ ဆိုပြီး ပြောတယ်။ ပြန်မယ် … ပြန်တဲ့လူတွေကို စခန်းမှာ ပြန်လက်မခံဘူးလို့လည်း ပြောတယ်” ဟု ရတနာဒီပ ဒုက္ခသည် စခန်းမှ ဇွန်လ ၃ ရက်နေ့တွင် နေရပ်သင်္ဃန်းကြီး ကျေးရွာသို့ ပြန်ရန် စီစဉ်နေသူ ဒုက္ခသည်တဦးက ပြောသည်။

၃ မိုင် ဒုက္ခသည်စခန်းမှ အသက် ၆၀ အရွယ်ရှိ ဒုက္ခသည် အမျိုးသားကြီတဦးက ၎င်းအနေဖြင့် ရွာမပြန် ချင်သေးကြောင်း၊ ရွာပြန်လည်ရောက်ရှိပြီးမှ စားဝတ်နေရေး အခက်အခဲ ဖြစ်မည်ကို အလွန်စိုးရိမ်ကြောင်း၊ သို့သော်လည်း အာဏာပိုင်များက အတင်းပြန်လွှတ်မည်ဆိုပါက ရွေးချယ်စရာ လမ်းမရှိကြောင်း ပြောပြသည်။

ဒုက္ခသည်စခန်းများမှ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည့် ကျေးလက်တောရွာများမှ ဒုက္ခသည်များမှာ သောက်ရေနှင့် သုံးရေအခက်အခဲများ၊ ရိက္ခာ အခက်အခဲများ ကြုံတွေ့ရသည့်အတွက် လပွတ္တာ မြို့ပေါ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ ကျေးရွာ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အကူအညီ တောင်းခံမှုများ ရှိနေကြောင်း လပွတ္တာမြို့နယ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုသည်။

“ရွာတွေကနေ ကျေးရွာကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာတယ်။ သောက်ရေအတွက် အခက်အခဲ ရှိတဲ့အကြောင်း၊ ဆန်မရှိတဲ့အကြောင်း၊ ပြီးတော့ မိုးရွာရင်ရေခံနိုင်ဖို့ ရေကန်တွေကို ပြန်ပြီးတူးဖော်ဖို့ ရေစုပ်စက်တွေ လိုတဲ့အကြောင်း လာပြောပြီး စာရင်းပေးကြတယ်။ တနေ့ကို အနည်းဆုံး အဲလိုလာပြောတဲ့ ကျေးရွာပေါင်း ၂၀ အထက်မှာရှိတယ်။ အချို့ရွာ တွေက နေ့တိုင်းလာတယ်။ ပြန်ရင်တော့ သူတို့ နိုင်သလောက် သယ်နိုင်မယ့် သောက်ရေတို့၊ ဆန်အိတ်နဲ့ စက်လှေမောင်းဖို့ ဒီဇယ်ဆီတွေ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်း တွေက ထုတ်ပေးကြတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကုန်သိုလှောင်ရုံမှ ကြီးကြပ်ရေးမှူး တဦးက ဆိုသည်။



လပွတ္တာမြို့သို့ လာရောက်ဆက်သွယ်ရန် ခက်ခဲသည့် ကျေးရွာအများအပြားရှိနေပြီး ထိုကျေးရွာများသို့ မြို့ပေါ်မှ ကုလ သမဂ္ဂနှင့် အဖွဲ့အစည်းများ သွားရောက်ရန်မှာလည်း ရာသီဥတု အခြေအနေနှင့် စက်လှေ၊ သဘောင်္ မလုံလောက်မှု၊ ၀န်ထမ်း အင်အား မမျှတမှုများ ရှိနေသည့်အတွက် ထိုကျေးရွာများမှ ဒုက္ခသည် အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀န်ထမ်းများက သုံးသပ်ပြောသည်။

လပွတ္တာာမြို့ပြင်ပ ဒုက္ခသည်စခန်းများနှင့် ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသော ကျေးရွာများမှ ဒုက္ခသည်များသည် ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများသို့သာ အကြောင်းကြား တင်ပြကြပြီး ဒေသခံအာဏာပိုင်များကို ဆက်သွယ်အကြောင်းကြားမှုများ မရှိကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် လပွတ္တာမြို့ပေါ်ရှိ ကုလသမဂ္ဂ စားနပ်ရိကာအဖွဲ့ထံတွင် လာရောက် ရိက္ခာထုတ်ယူသည့် လွှစာ ကျေးရွာမှ ကျေးရွာကိုယ်စားလှယ်တဦးက “မုန်တိုင်း သင့်သူတွေအားလုံးက ကုလသမဂ္ဂနဲ့အဖွဲ့တွေကို ယုံကြည်ကိုးစား ကြတယ်။ အာဏာပိုင်တွေဆီကိုတော့ လုံးဝမသွားဘူး။ အဓိကကတော့ အယုံအကြည် မရှိတာပေါ့” ဟုဆိုသည်။
လပွတ္တာမြို့နယ်အပိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင် ပြင်စလူမြို့နယ်ခွဲတွင် သောက်ရေသာရှိပြီး သုံးရေမရှိသည့်အတွက် ဒေသခံများမှာ ထမင်းဟင်းချက်ရာတွင် ပင်လယ်ဆားငန်ရေကိုသာ အသုံးပြုချက်ရသည့်အတွက် အစားအသောက်များမှာကျန်းမာရေးနှင့် ညီညွှတ်မှုမရှိဘဲ အလွန်ငန်ပြီး ထမင်းနှင့်ဟင်း အရောင်များမှာ အ၀ါရောင်ရင့်ရင့် အရောင်ရှိကြောင်း ပြင်စလူမြို့နယ်တွင် သောက်သုံး ရေကန်များ ပြန်လည်တူးဖော်ရန် လပွတ္တာမြို့ပေါ်ရှိ အက်ထရာ မြန်မာအဖွဲ့ထံတွင် ရေစုပ်စက် လာရောက် အကူအညီတောင်းခံသည့် ပြင်စလူ ဒေသခံတဦးက ပြောသည်။

No comments: