.

.

.

June 21, 2008

တပ်မတော်ကဏ္ဍ

ရာထူးအာဏာစည်းစိမ်ယစ်မူးနေတဲ့ မင်းဆိုးမင်းညစ်နအဖအုပ်ချုပ်တဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာကပ်ဘေးမျိုးစုံ ကျရောက် ပြီးတော့ပြည်သူတွေ ကြပ်တည်းဆင်းရဲဒုက္ခကျရောက်နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို တကယ် ချစ်တဲ့ ပြည်သူလူထုကို ကယ်တင်ချင်တဲ့ တကယ့် စစ်သားအစစ်အမှန်တွေ အကြောင်းကို ဗိုလ်ထက်မင်းကရေးသားတင်ပြပေးပို့  ခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဒီတစ်ပတ် တပ်မတော် ကဏ္ဍမှာ တင်ပြသွားပါမယ်။ ဆောင်းပါးပေးပို့  တဲ့ ဗိုလ်ထက်မင်း ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


ပြည်သူ့ တပ်မတော်သားအစစ်အမှန်များ - အပိုင်း(၁)

စစ်အာဏာရှင်တွေရဲ့  တင်းကျပ်တဲ့ အမိန့် နဲ့  စည်းကမ်းချက်တွေကို ဆန့် ကျင်ပြီး ပြည်သူ့  ဘက် မားမား မတ်မတ် ရပ်တည်ပေးခဲ့သူကတော့ ဗိုလ်ကြီး စိုင်းဝင်းကျော် ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံမှာ တပ်မ(၂၂)က ဗိုလ်ကြီးစိုင်းဝင်းကျော် ဟာ ပြတ်ပြတ်သားသား ပြည်သူ့ ရင်ခွင်ကို ခိုလှုံ သွားခဲ့ပါတယ်။ သူဟာ တပ်မတော်သား တွေ အားလုံး အံ့သြချီးကျူးရလောက်အောင် ဇနီးနဲ့ သားသမီးကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင်အယောင် စည်းစိမ်ဥစ္စာစွန့် လွှတ်ကာ ပြည်သူလူထုနဲ့  ရဲဝံ့စွာ ပူးပေါင်း ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှု ဖြစ်သွားတဲ့အခါမှာလည်း နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ ပြည်တွင်းမှာ ဆက်လက်နေရဲတဲ့ သတ္တိဟာ သူရဲကောင်းစိတ်ဓာတ် ဖြစ်ပါတယ်။ နောက်ဆုံး န၀တရဲ့  ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ ဘက်ကို ရပ်တည်ပေးတဲ့ အတွက် ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ပါတယ်။ သူ ရဲ့ မိတ်ဆွေ တစ်ချို့ က သနားဂရုဏာသက်လို့  အသနားခံ ၀င်ပြောခဲ့၍သာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ထောင်မှ ပြန်လွတ်လာရာ မှာ ရပ်တည်ချက် ပြတ်သားပြီးတော့ န၀တကို ဆက်လက်ဆန့် ကျင်ခဲ့သူဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစိန်မြဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်(၁၉၈၉) မှာအသက်အရွယ်ကြီး ရင့်တာ ကို တောင် ဂရုမထား ဘဲ မုဒုံမှ ဘုရားသုံးဆူသို့  မွန်ပြည်သစ်ပါတီ (NMSP) ရဲ့  အကူအညီနဲ့  တောတွင်းလမ်း အတိုင်း ချီတက်ခဲ့ပါတယ်။ သူဟာ စစ်သည်များနဲ့  ကျောင်းသားအချို့ ပါဝင်တဲ့ ပြည်သူ့  ကာကွယ်ရေးတပ်ဦးကို ဖွဲ့  စည်းပြီး မဟာမိတ် KNU, NMSP တို့ နဲ့  လက်တွဲကာ အာဏာရှင်တို့ အားတော်လှန်ရင်း ဖျားနာမှုဒဏ် ကြောင့် အသက်ပေးခဲ့ရပါတယ်။

အလားတူ ဒုတိယဗိုလ်မှူးကြီးအေးမြင့်ဟာ နုငယ်ဖြူစင်တဲ့ ကျောင်းသားတွေ အထိနာမှာ စိုးရိမ်ပြီး 'မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး' မှာ စစ်ပညာကို သွားရောက် သင်ကြားပေးခဲ့ပါတယ်။ အသက်အရွယ်ကြီး ရင့်သည်အထိ တောထဲတောင်ထဲ မှာ နှစ်ပေါင်း မြောက်မြားစွာ ကျောင်းသားတွေနဲ့  အတူတကွဆင်းရဲ ဒုက္ခခံပြီး မိမိတတ်ကျွမ်းတဲ့ စစ်ပညာကို လေ့ကျင့် သင်ကြားပေးခဲ့တဲ့ ဒီစစ်သားကြီးရဲ့  မေတ္တာ၊ စေတနာဟာ ကြီးမားလှပါတယ်။

လေတပ်မှ အငြိမ်းစား ဗိုလ်မှူး တစ်ဦးဖြစ်ပြီး "လေသူရဲ တစ်ဦး" ကလောင်နံမည်နဲ့  စာရေး ရာမှာ ထင်ရှားတဲ့ ဗိုလ်မှူးဂျွန်လှဝင်းဟာလည်း (၁၉၈၈)ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ အစ္စရေးနိုင်ငံမှာ သင်တန်းဆင်းလာတဲ့ ထူးချွန်သူတစ်ဦးဖြစ်ပြီး ပြည်သူနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့လို့  ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရ ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)မှ တပ်ကြပ်ကြီး ဒေါ်နုနုအေးကတော့ (၁၉၈၈) လူထုအုံကြွမှုကြီး မှာ ရှေ့ တန်းက ပါဝင်ဆင်နွှဲခဲ့ပြီးနောက် န၀တ တက်လာတဲ့အခါ အရှုံးမပေးဘဲ နယ်စပ်ကို ထွက်လာပြီး ကျောင်းသားတပ်မတော် ABSDF နဲ့ လက်တွဲကာ ဆက်လက် တော်လှန်ခဲ့ပါတယ်။ တောထဲ၊ တောင်ထဲမှာ ယောကျာင်္းရင့်မကြီးများနဲ့  ရင်ပေါင်တန်းကာ ပင်ပန်း ဆင်းရဲမှုဒဏ် ကြံ့ကြံ့ ခံ၍ တိုက်ပွဲ ၀င်ခဲ့သူဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သော်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂရုံးရှေ့  မှာအစာငတ်ခံ ဆန္ဒပြပွဲဆင်နွှဲခဲ့တဲ့အထိ ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့အပြင် ခရီးရှည် ချီတက်ဆန္ဒပြပွဲကိုလည်း စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ အာဂ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၀ ပြည့်နှစ်မှာ နံမည်ကျော် န၀တ ပတ္တမြား တရားမ၀င်ရောင်းချ ရာမှာ ပါဝင် ပတ်သက်မှုနဲ့  ထောင်ကျခဲ့ပါတယ်။ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၇ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာပြီးနောက် မျက်ဝါးထင်ထင် တွေ့  မြင်လာတဲ့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေအတွက် ရင်ထုမနာ ဖြစ်ခဲ့ရ ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာမန္တလေးမြို့  မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့  သံဃာ အပါး (၁၀၀၀) လက်မှတ်ရေးထိုး ထားတဲ့ စာကို ဆရာတော်ကြီးရဲ့  ခွင့်ပြုချက်နှင့် ယူဆောင်ခဲ့ပါတယ်။ အဲဒီစာမှာ မြန်မာနိုင်ငံရဲ့  လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေနဲ့  တိုင်းပြည်ကောင်းကျိုး အတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့  အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို ၊့ အကျဉ်းထောင် အသီးသီး က ဒုက္ခဆင်းရဲ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့  မေတ္တာရပ်ခံ ထားတဲ့စာ ဖြစ်ပါ တယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့  ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင် အာဏာပိုင်တွေရဲ့  မတရားအုပ်ချုပ်၊ လူ့  အခွင့်အရေး ချိုးဖောက် တာတွေကို အမှန်တရားဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့  မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တွင်းမှာ ကျဆုံးခဲ့ရ ပါတယ်။ သူသေဆုံးတဲ့ နေ့  ကို မြန်မာ့နိုင်ငံရေး အကျဉ်းသားများနေ့ အဖြစ် ဒီမိုကရေစီ ဘက်တော်သားများက ဂုဏ်ပြုသတ်မှတ် ခဲ့ကြပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင် ဟာ မြန်မာနိုင်ငံအနေနဲ့  စစ်အာဏာရှင်တွေကြောင့် နိုင်ငံတကာအလယ် မှာ မျက်နှာငယ်နေရတာကို သိရှိနားလည်ပြီး သူဖြစ်ချင်တဲ့ ဆန္ဒနဲ့  မကြာခင် ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မှာပါလို့  အနက်ခွ စကားလုံးကို နိုင်ငံခြား အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ စစ်သားပီပီ ရဲရဲဝံ့ဝံ့ အဲဒီလို ပြောခဲ့မိလို့  ထိပ်ပိုင်း စစ်အာဏာရှင်နှစ်ဦးကစိတ်ဆိုးပြီး သူ့ ကို နိုင်ငံခြားမှာပင်တန်းဖြုတ်ခဲ့ပါ တယ်။အမှန်တကယ် တော့ စစ်အာဏာရှင်တွေဟာ အာဏာကို လိမ်လည်ပြီး မတရား ရယူထားတာကြောင့် တိုင်းပြည် အနေနဲ့  အဖက်ဖက်က ယိုယွင်း ပျက်ဆီးနေလို့  နိုင်ငံတကာ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေ ခဲ့ရ ခြင်းဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဇော်ထွန်းဟာ (GDP) ကိစ္စမှာ နိုင်ငံရဲ့  စီးပွားရေး ဆိုင်ရာ ကိန်းဂဏာန်း တွက်ချက်တာ မှားယွင်းနေ လို့  အမှန်အတိုင်း ဖြစ်စေဖို့  ပြောဆိုခဲ့ရာ နအဖဟာ သူတို့ ရဲ့  မူဝါဒနဲ့  သူတို့ ကို တိုက်ခိုက်တယ်လို့ မတရား စွပ်စွဲကာ ရာထူးမှ ဖြုတ်ပစ်လိုက်ပါတယ်။ နအဖဟာ မတိုးတက်တာကို တိုးတက်တယ်လို့  လိမ်ညာ ဖြီးဖြန်းတာ ကိုမှ ကျေနပ်ပီတိ ဖြစ်နေကြပါတယ်။ တိုင်းပြည်ကို တကယ်တိုးတက်လို တဲ့ ဗိုလ်မှူးချုပ် ဇော်ထွန်းတို့ လို တကယ့် စစ်သားတွေ အများကြီးရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် က တောင်းဆိုတဲ့ အချက်အလက်တွေကို လိုက်လျော သင့်ပါ ကြောင်း နိုင်ငံအတွက် ILO မှ ကြပ်မတ်လာပါက တိုင်းပြည်နစ်နာသွားနိုင်ကြောင်း တင်ပြခဲ့တဲ့ ကြယ်ငါးပွင့် လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ကြည်နဲ့  အရာရှိ တစ်ချို့ ကိုလည်း နအဖ အာဏာ ပိုင်တွေဟာ မညှာမတာ ရာထူးက ဖြုတ်ထုတ်ခဲ့ပါတယ်။ နအဖဟာ အဲဒီတင်ပြချက် မှန်ကန်ကြောင်း သိရှိပြီး ILO ရဲ့  တောင်းဆိုချက်ကို ပြန်လည် လိုက်နာ ရပေမဲ့ အမှန်တရားကို တင်ပြခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့  အရာရှိတွေ ကိုတော့ ပြန်လည်မခန့် အပ်ကြောင်း ကြားသိခဲ့ရပါတယ်။

မိမိတို့ ရဲ့ အသက်၊ ရာထူး၊ ဥစ္စာစည်းစိမ်ကို ဂရုမစိုက်ဘဲ အမှန်တရား ဘက်ရပ်တည်တဲ့ စစ်တပ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ စစ်သားတွေရှိနေပြီဆိုတာ တင်ပြလိုက်ရပါတယ်။

No comments: