.

.

.

June 20, 2008

နအဖ ဝန်ကြီးအဖွဲ့အတွင်း ရာထူး အပြောင်းအလဲ လုပ်

စစ်အစိုးရ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် တချို့အပါအဝင် ဝန်ကြီးအဖွဲ့ဝင် တချို့၏ ရာထူး အပြောင်းအလဲ ပြုလုပ်ကြောင်း အစိုးရ သတင်းဌာနက ထုတ်ပြန်ကြေညာသည်။

ရာထူး အပြောင်းအလဲပြုလုပ်ခံရသူများတွင် ဗိုလ်ချုပ် မောင်မောင်ဆွေ၊ ဗိုလ်ချုပ် စောလွင်နှင့် ရေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်းတို့ ပါဝင်ကြောင်း မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ယနေ့ ကြေညာသည်။

ယခင် အမှတ်(၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို ယခု လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ရေတပ် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးသိန်းကို ယခု အမှတ် (၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ယခင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ၂ ခုကို တာဝန်ယူထားသော ဗိုလ်ချုပ် မောင်မောင်ဆွေကို ယခုမူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တခုတည်းကိုသာ တာဝန် ပြောင်းလဲလိုက် ကြောင်း လည်း ကြေညာချက်တွင် ပါရှိသည်။

ယင်းသို့ ရာထူး တာဝန်များပြောင်းရွှေ့ခံရသူများမှာ စစ်တပ်အတွက် အသုံးမလိုသူများကို ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း ရန်ကုန် စစ်တပ် အသိုင်းအဝန်းအတွင်း ပြောဆိုနေကြပြီး ရေတပ် ဦးစီးချုပ်သစ် ရာထူးအတွက် ရေတပ် ဗိုလ်ချုပ် ဥာဏ်ထွန်းကို ခန့်မှန်းနေကြကြောင်းလည်း သိရသည်။

တချိန်တည်းတွင် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်ကို လေးလပတ် အစည်းအဝေးပြီးနောက်ပိုင်း နေပြည်တော်တွင် ထိန်းသိမ်းထား သည်ဟူသော ကောလာဟလ တချို့လည်း ရန်ကုန် စာနယ်ဇင်း သတင်း အသိုင်းအဝန်းတွင် ဖြစ်ပေါ်နေသည်။

ယင်း ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ၎င်း၏သား အောင်ဇော်ရဲမြင့် ၏ တရားမဝင် မူယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး ရာထူးမှ ဖယ်ရှားခံရနိုင်သည်ဟုလည်း ပြောဆိုနေကြသည်။

အောင်ဇော်ရဲမြင့်အား မေလ ၂၉ ရက်က ကြည့်မြင်တိုင်မြို့နယ်ရှိ ၎င်း၏ ရုံးခန်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ဖမ်းဆီး ခဲ့သည်။

အောင်ဇော်ရဲမြင့်နှင့် ဆက်စပ် ပတ်သက်နေသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သူ မောင်ဝိတ်သည်လည်း မူးယစ်ဆေးဝါးမှုဖြင့် မေလ နောက်ဆုံးပတ်က ဖမ်းဆီးခံခဲ့ရကြောင်း မောင်ဝိတ်၏ စီးပွားရေးလုပ်ဖော် ကိုင်ဖက် ဟောင်း တဦးကပြောသည်။

အောင်ဇော်ရဲမြင့်ကိုမူ ၎င်း၏ ဖခင် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ အရှိန်အဝါကြောင့် ရဲ က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ဗိုလ်သင်တန်းကျောင်း(OTS) အပတ်စဉ် (၃၁)ဆင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သူ ဖြစ်သည်။

No comments: