.

.

.

July 19, 2008

ဇူလိုင် (၁၉) အထူးအစီအစဉ်

နအဖရဲ့ သိပ်ဖျင်းတဲ့ လုပ်ရပ်များ

ယနေ့ဆိုရင် ၆၁ နှစ်မြောက် အာဇာနည်နေ့ ပြည့်မြောက်တာမို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်များကို ဂုဏ်ပြုတဲ့ အနေနဲ့ တပ်မတော်အရာရှိဟောင်းတဦးက နအဖရဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်များ အကြောင်း ဆောင်းပါး ပေးပို့လာလို့ စာဖတ်သူများ သိရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ပြလိုက်ပါတယ်။



ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေခဲ့စဉ် အတောအတွင်း ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ဖြုတ်ခံရ တာနဲ့ စပ်လျဉ်းလို့ တပ်ထဲမှာ ကြီးမားစွာ ဂယက်ရိုက်ခတ်ခဲ့တဲ့အကြောင်းကိုယ်တွေ့ ဖြစ်စဉ်ကို ဦးစွာ တင်ပြပါမယ်။ ၁၉၉၁ ခုနှစ် ခန့်မှာ ကျွန်တော်ဟာတိုင်းစစ်ဌာနချုပ် တစ်ခုမှာ တာဝန်ထမ်းဆောင်နေစဉ် ကျွန်တော်ရဲ့ အထက်အရာရှိတစ်ဦးဟာ ရုံးခန်းထဲ ၀င်လာလို့ ထပြီး အရိုအသေ ပေးလိုက်ပါတယ်။ သူက ''ရှူးတိုးတိုး လောကကြီးက ဆန်းကျယ်ဖို့ ကောင်းတယ်'' လို့ ပြောပြီး နံရံတွင် ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ ကို ဖြုတ်ချနေပါတယ်။ ကျွန်တော်တို့က အံ့သြသွားပြီး "အကိုကြီး ဘာလုပ်တာလဲ၊ ဦးနေ၀င်းက သူ့ရဲ့ ဓာတ်ပုံဘဲ ဖြုတ်ပါလို့ သတင်းစာထဲမှာ ရေးထားတာမို့ သူ့ဓာတ်ပုံဘဲ ဖြုတ်သင့်တာပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော် ရဲ့ ဖခင်ဆိုပြီး ဦးနေ၀င်းကတောင် ပြောဆိုခဲ့တာဘဲ ဦးနေ၀င်းကသူ့ကို မွေးစားဖခင်အနေနဲ့သာ သုံးဖို့တောင် ပြောထားတာ မဟုတ်လားလို့ " ကျွန်တော်နဲ့ အတူရှိနေကြတဲ့အရာရှိတွေ အားလုံးကမကျေမနပ် ပြန်ပြောကြပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက တရားခံဟာ ဗိုလ်သန်းရွှေဘဲ ဆိုတာ အထက်အရာရှိက အရိပ်အမြွက်ပြောလို့ သိရတော့ ကျွန်တော်တို့အားလုံး စိတ်နှလုံးမချမ်းမြေ့ခဲ့တာ ကြုံတွေ့ရပါတယ်။ စစ်သမိုင်း ပြတိုက်မှာ ဗိုလ်စောမောင်ရဲ့ ဓာတ်ပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ တာဝန် ထမ်းဆောင်မှု မှတ်တမ်းဓာတ်ပုံ နေရာတွေမှာ ချိတ်ခွင့်မပြုခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ သိမ်ဖျင်းတဲ့ စိတ်ဓာတ်ကို သိနေပြီးသားဖြစ်လို့ စိတ်ပျက်လက်ပျက်ဖြစ်ရုံကလွဲပြီး မကျေနပ်စိတ်ကို မြိုသိပ်ခဲ့ကြရပါတယ်။ အဲဒီ ကတည်းက ဗိုလ်သန်းရွှေဟာ အာဏာရူးတဲ့စိတ် စတင်မွေးဖွားလာခဲ့တာကိုသတိပြုမိကြပါ တယ်။ ဒါ့အပြင် တပ်မတော် မှတ်တမ်းရေးရုံး တပ်မှူး ဗိုလ်မှူးကြီး ခင်လတ်ကို သူရဲကောင်းစစ်သည်ဗိမာန် ကြီးကြပ်တည်ဆောက်စေပြီး နိုင်ငံတကာမှ လာရောက်လည်ပတ်ကြတဲ့ တပ်မတော်အကြီးအကဲများကို သွားရောက် ဂါရ၀ပြုခိုင်းတာဟာ သဘာဝမကျလှ ကြောင်း၊ သူရဲကောင်း စစ်သည်ဗိမာန်ဟာ ကျဆုံးသွားတဲ့ တပ်မတော်သားတွေကို ရည်စူးပြီး လုပ်တာ ဖြစ်ပေမဲ့ ကျဆုံးတာခြင်းအတူတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တုနှိုင်းလို့ မမှီတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေနဲ့တော့ နှိုင်းယှဉ်ဖို့ မသင့်ကြောင်း ကျွန်တော်တို့ အရာရှိ စစ်သည်များအကြား တီးတိုးဝေဖန်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်ကို မှေးမိန်စေချင်လို့ ဒီဗိမာန်ကို လုပ်ခိုင်းခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နံမည်ကို ဖြုတ်ခိုင်းပြီး ဒေါ်စုကြည်လို့ ခေါ်ခိုင်းပါ ဆိုကတည်းက ဗိုလ်သန်းရွှေနဲ့ နအဖတို့ဟာ သိပ်ဖျင်းတဲ့ လုပ်ရပ်များကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တဲ့ အကြောင်း အလျဉ်းသင့်လို့  တင်ပြလိုက်ရပါတယ်။

No comments: