.

.

.

July 20, 2008

ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ် - အပိုင်း(၁)

စာဖတ်သူများခင်ဗျား -

နအဖရဲ့ တရားမ၀င် ငွေမဲများဖြင့် လက်နက်ခဲယမ်း ၀ယ်ယူနေကြပုံတွေ ကို စစ်ဖက်နီးစပ်သူများနှင့် အကျွမ်းတ၀င်ရှိတဲ့ ကျူရှင်ဆရာတစ်ဦးက ဆရာမြင့် ကလောင်နံမည်နဲ့ ဆောင်းပါးပေးပို့လာတာကို ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ဆက်ပေးလိုက်ပါတယ်။

နအဖဟာ စစ်တပ်၏ စစ်လက်နက်နှင့် အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းခြင်းနှင့် အစိုးရစီမံကိန်းများတွင် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှ ၀ယ်ယူရန်အတွက် လိုအပ်နေသည့် ဒေါ်လာငွေကို Dive Money ခေါ် နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်း ကွန်ယက်မှ သိုဝှက်ထားသည့် တရားမ၀င်ငွေမဲများကို အသုံးပြုပါတယ်။ သက်တမ်း (၂) နှစ်မှ (၃) နှစ်အထိ ဆိုင်းငံ့ကာလငွေပေးချေစနစ် Differed Payment System ဖြင့် စိုက်ထုတ်ဝယ်ယူစေပါတယ်။ စစ်လက်နက်ပစ္စည်းများကို အစိုးရပိုင်ငွေဖြင့် လက်ငင်းပေးချေရန် မလိုဘဲ Differed Payment System ဆိုင်းငံ့ကာလဖြင့် ငွေပေးချေစနစ်အရ (၆)လ တစ်ကြိမ်အရစ်ကျ ပြန်လည်ငွေပေးချေခြင်းဖြင့် ငွေပေးချေကာလ (၂) နှစ်မှ (၃) နှစ်အတွင်း ပြန်လည်ပေးချေခြင်းဖြစ်ပါတယ်။ ခွန်ဆာနှင့် ယာကူဇာဂိုဏ်းက ဆိုင်းငံ့ကာလ ငွေပေးချေစနစ်ဖြင့် စိုက်ထုတ်ပေးချေထားသည့် ငွေမဲတန်ဖိုးများကို နိုင်ငံတော် အစိုးရငွေများဖြင့် ပြန်လည်ပေးဆပ်လိုက်သည့်အခါ တရားဝင်ငွေဖြူများအဖြစ် ပြောင်းလဲလက်ခံ ရရှိပြီးသား ဖြစ်သွားပါတယ်။ စစ်တပ်အတွက် လိုအပ်နေသည့် ထိုလုပ်ငန်းကွန်ယက်တွင် စစ်လက်နက်ပစ္စည်း များ ၀ယ်ယူခြင်းမှ တရားမ၀င်ရသည့် ပွဲခကော်မရှင်ငွေ၊ ငွေမဲများ လွှဲပြောင်းစိုက်ထုတ်ပေး ချေခြင်း နှင့် အစိုးရပိုင်ဘတ်ဂျက်ငွေဖြင့် ပြန်လည်ပေးချေရာမှ အတိုးနှုန်းပေါ်တွင်ရသည့် ကော်မရှင် ပွဲခငွေတို့ ကို နအဖ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ်မှူးကြီး နှင့် စစ်လက်နက်ပစ္စည်းတင်သွင်းသူ ကန်ထရိုက်ပွဲစား ကိုတေဇတို့ အကျိုးအမြတ်ရပါတယ်။

၂၀၀၀ ခုနှစ် ဇွန်လကတည်းက နအဖ ဗိုလ်ချုပ်ကြီးများနှင့် Dive Money Inflow Network တို့ကို ဦးစွာ လမ်းပြမိတ်ဆက်ပေးခဲ့သူမှာ နိုင်ငံတကာတွင် ဘိန်းဘုရင်ဟု နံမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးခွန်ဆာကိုယ်တိုင် ဖြစ်ပါတယ်။ နအဖစစ်တပ်အတွက် ရုရှားလုပ် ရဟတ်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ရောင်းချသည့် ရုရှား MAPO and Rostvertol ၏ ကိုယ်စားလှယ် ကိုတေဇ Htoo Trading ကို Dive Money Inflow Network အတွင်း အကျိုးတူ ကြားခံ ပါဝင်ဆောင်ရွက်စေရန် ဦးခွန်ဆာ၏ နောက်ကွယ်မှ စီစဉ် အကွက်ချပေးသည်ကို နအဖ ဗိုလ်ချုပ်ကြီးများက သဘောတူ လက်ခံပါတယ်။ Dive Money ဆိုတာဟာ ဂျပန်မူးယစ်ဆေးဝါး ကုန်သည် ယာကူဇာများနှင့် လက်တင်အမေရိက မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်တို့မှ အသုံးပြုသော ဝေါဟာရတခုဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုရောင်းချခြင်း လုပ်ငန်းများမှ ရထားသည့် ပမာဏကြီးမားသည့် ငွေမဲများကို ငွေဖြူအဖြစ် ပြောင်းလဲရန် ခေတ္တသိုဝှက် သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။

ဦးခွန်ဆာနှင့် သူ၏ မွန်ထိုင်း တပ်ဖွဲ့တို့ နအဖထံ ချွင်းချက်မရှိ လက်နက်ချပြီး အလင်းဝင်လာစဉ်က ဦးခွန်ဆာမှာ ငွေကြေးအမြောက်အမြား ပါမလာခဲ့ကြောင်း နအဖ မူးယစ်ရဲမှူးကြီး ခမ်းအောင် အပါအ၀င် ထိပ်တန်း အရာရှိကြီးများက ပြောကြပါတယ်။ နအဖအရာရှိကြီးများ ပြောစကား မှန်ပါတယ်။ ဦးခွန်ဆာက သူရဲ့ တပ်ဖွဲ့များ နှင့်အတူ Sam7 ကဲ့သို့ ခေတ်မှီလေယာဉ်ပစ် ဒုံးကျည်လက်နက်များ ပါလာခဲ့သော်လည်း ငွေကြေး အမြောက်အမြား ယူဆောင်မလာခဲ့ပါ။ သူရဲ့ ငွေကြေး ပိုင်ဆိုင်မှုအတွင်းရေးကို သိနေတဲ့ မွန်ထိုင်းတပ်မှူးကြီး စိုင်းလူးကို "ငါတို့အခု အချိန်မှာ မိကျောင်းလို နေရမယ်" လို့ ပြောခဲ့ဖူးပါတယ်။ ဗိုလ်မှူးကြီး စိုင်းလူး ကိုယ်တိုင်မှာ လည်း အမေရိကန်တရားရုံးတော်က မူးယစ်ဆေးဝါး တရားခံပြေး အဖြစ် ကြေညာခြင်း ခံထားရသူ ဖြစ်ပါတယ်။ ဦးခွန်ဆာပိုင် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရထားတဲ့ ဒေါ်လာငွေအများစုကို သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာများရဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် Tanaka Foods Enterprise ကဲ့သို့သော ယာကူဇာပိုင် လုပ်ငန်းများမှာ အပ်နှံမြုပ်နှံထားခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်၊ သြဂုတ်လမှာ ဦးခွန်ဆာရဲ့ နောက်ကွယ်မှ စီစဉ်ပေးချက်အရ Dive Money US$ 2 millionကို စကာင်္ပူ OCBC ဘဏ်မှ ကိုတေဇရဲ့ ဘဏ်စာရင်းသို့ လုပ်ငန်းပြ လွှဲပြောင်းပေးခဲ့ပြီး၊ မြန်မာလေတပ်ရှိ Bell 205A1 နှင့် Mi 17 ရဟတ်ယာဉ်Propeller Blade, Gear Box and Spare Parts များ ၀ယ်ယူ တင်သွင်းပေးလာတော့မှ နအဖထိပ်သီး ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ အနေဖြင့် Dive Money Inflow နှင့် သူတို့အတွက် နောက်ကွယ်မှ တိတ်တဆိတ်ရလာတဲ့ ကော်မရှင်အကျိုးအမြတ်ကို လက်တွေ့သဘောပေါက်လာကြပါတယ်။



MI - 17

အဲဒီကာလက လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်သန်းကိုယ်တိုင်မှာလည်း လေတပ်မှာ အသုံးပြုနေတဲ့ Bell 205 နှင့် Mi 17 ရဟတ်ယာဉ်များ အတွက် မဖြစ်မနေ လိုအပ်တဲ့ အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းရန် ဒေါ်လာငွေဘတ်ဂျက် အခက်အခဲ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် Mi 17 ရဟတ်ယာဉ်နှင့် အပိုပစ္စည်းများတင်သွင်းပေးသည့် ကိုယ်စားလှယ် ကိုတေဇရဲ့ OCBC ဘဏ်စာရင်းမှာ မလေးရှားသို့ ကျွန်းသစ်များကို စက်လှေဖြင့် မှောင်ခိုရောင်းထားသည့် ဒေါ်လာငွေတစ်သန်းကျော်ကိုသာ လုပ်ငန်းအားလုံး လည်ပတ်နေရပါတယ်။ လေတပ်ရဟတ်ယာဉ် အပိုပစ္စည်းများအတွက် ဒေါ်လာနှစ်သန်းဖိုး စိုက်ထုတ် ၀ယ်ယူတင်သွင်းပေးရန် အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ ဦးခွန်ဆာကိုယ်တိုင်ကလည်း သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်မှ Dive Money များဖြင့် နအဖစစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းရေးတွင် ကိုတေဇရဲ့ လုပ်ငန်းကို ကြားခံ အသုံးပြုလျက် ငွေကြေး စိုက်ထုတ် Finance လုပ်ပေးပြီး၊ အစိုးရက ဆိုင်းငံ့ကာလ ငွေပေးချေစနစ် သဘောတူ စာချုပ်ဖြင့် ပြန်လည်ပေးဆပ်ငွေကို တရားဝင်အဖြစ် ပြန်လည်ရရှိစေ၇န်စီစဉ်နေချိန်ဖြစ်ပါတယ်။ နအဖရဲ့ ကာကွယ်စောင့်ရှောက်မှု ထီးရိပ်မှာ ချွင်းချက်မရှိ လက်နက်ချခြင်းဖြင့် ငြိမ်းချမ်းရေးရယူကာ ၀င်ရောက်ခိုလှုံလာတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါး တရားခံပြေး မာဖီးယားသန်းကြွယ် သူဌေးကြီး ခွန်ဆာနှင့် သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာထိပ်ပိုင်းရဲ့ လျှို့ဝှက်အစီအစဉ်ဖြင့် ၂၀၀၀ခုနှစ် ဇွန်လမှာ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Tanaka Foods Enterprise ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Tanaka ဟာ ရန်ကုန်သို့ ရောက်လာခဲ့ပါတယ်။ နအဖ ဗိုလ်ချုပ်ကြီးများနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်မှ ၀င်လာတဲ့ Dive Money တို့ဟာ အချိန်အခါနှင့် အခြေအနေ လိုအပ်ချက်အရ မသူတော်ချင်း အကျိုးတူ ဆက်စပ်ပေါင်းဖက်မိကြခြင်း ဖြစ်ပြီး၊ နအဖဗိုလ်ချုပ်မှူးကြီးတို့ အုပ်စုဟာ သူတို့ အတွက် အကျိုးရှိရင် နိုင်ငံတကာရာဇ၀တ်မှုကိုပါ လက်ရဲဇက်ရဲ ကျူးလွန်ရဲကြသူများ ဖြစ်ပါတယ်။

စကာင်္ပူ နိုင်ငံရှိ OCBC ဘဏ် အဆောက်အဦး

No comments: