ဆောင်းပါးရှင် - ဆရာဂါမဏိ
၂ဝဝ၁ ခုနှစ်ဖေဖော်ဝါရီလမှာ နအဖဟာ ဝ အဖွဲ့က အက်စ်အက်စ်အေ (တောင်ပိုင်း) အဖွဲ့ ကိုတိုက်ပြီး ထိုင်းနယ်စပ်ဘက် နယ်မြေလုတာကို အကူအညီပေးတဲ့အနေနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ဖေဖော်ဝါရီ (၉)ရက် ညနေပိုင်းမှာတော့ နအဖတပ်တွေက ထိုင်းနိုင်ငံအတွင်း နယ်စပ်မျဉ်းကနေ (၁)ကီလိုမီတာအကွာမှာရှိတဲ့ မဲဖာလွမ် ခရိုင် ဘန်ပန်နွန်းရွာအနီး တောင်ကုန်းပေါ်က ထိုင်းနယ်ခြားစခန်း အမှတ် ၉၆၃၁ ကို စီးနင်းတိုက် ခိုက်ခဲ့ပါတယ်။ ဒီစခန်းဟာ ကီလိုမီတာ(၄ဝ)အကွာမှာရှိတဲ့ တာချီလိတ်တဖက်ကမ်း မယ်ဆိုင်နဲ့ ချင်းရိုင်လမ်းကြောင်းကို စိုးမိုးထားပြီး အမြဲတမ်းတပ်မဟုတ်တဲ့ ထိုင်း ရိန်းဂျားတပ် အင်အား(၂ဝ)က စခန်းထိုင်ထားပါတယ်။ ဒါကို နအဖတပ်အင်အား (၉ဝဝ)ကျော်နဲ့ ဝ တပ်ဖွဲ့ အင်အား (၆ဝဝ) ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့အကြောင်းကတော့ လွယ်ကောဝမ် ရှမ်းသူပုန်စခန်းကိုတိုက်ဖို့ သို့မဟုတ် လက်နက်ကြီးနဲ့ပစ်ဖို့ ပစ်ကွင်းကောင်းမယ့်ခြေကုတ် ရချင်တဲ့အတွက်နဲ့ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးတွေ ခိုးသွင်းနိုင်အောင် လမ်းကြောင်းပေါ်ပိတ်နေတဲ့ ထိုင်းတပ်တွေကို ဖယ်ရှားချင်တဲ့အတွက် ဖြစ်ပါတယ်။ တိုက်တဲ့အချိန်ဟာ သောကြာနေ့ ညနေပိုင်းဖြစ်တော့ ထိုင်းရိန်းဂျားစစ်သားတွေ အတော် များများ အိမ်ခဏပြန်သွားချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရှိနေတဲ့ရိန်းဂျားတွေဟာ ဗမာတွေ ချဉ်းကပ်လာ တာကို အချိန်မှီသိခဲ့ပြီး အပြင်းအထန်ခုခံခဲ့ပါတယ်။ ဒါကြောင့် အင်အားအဆမတန်သာလွန်တဲ့ ဗမာနဲ့ဝတပ်တွေဟာ တိုက်ပွဲချိန်လေးနာရီကြာတာတောင် စခန်းမသိမ်းနိုင်ခဲ့ပါဘူး။ လေးနာရီ အတွင်း ဗမာတပ် (၂ဝဝ)လောက်ထဲမှာ (၁၄)ယောက်ကျခဲ့ပြီး (၃ဝ)လောက် ဒဏ်ရာရသွားပါ တယ်။ ထိုင်းရိန်းဂျားတွေဘက်ကတော့ (၂)ယောက်ကျပြီး (၁၁)ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းတွေဟာ ကျည်ကုန်ခါနီးပြီဖြစ်လို့ ဒဏ်ရာသမားအားလုံးကို အပါခေါ်ပြီး ဆုတ်လိုက်တဲ့ အတွက် စခန်းအမှတ် ၉၆၃၁ ဟာ နအဖတပ်တွေလက်ထဲ ကျသွားပါတယ်။
နအဖဟာ သိမ်းပိုက်ရထားတဲ့စခန်းနဲ့ ဖမ်းမိထားတဲ့ရိန်းဂျားတွေကို အသုံးချ ထောင် ချောက်ဆင်ပြီး ရောက်လာမယ့်ထိုင်းစစ်ကူတွေကို သတ်ကွင်းဆင်ချေမှုန်းဖို့ မူလတုံးက ရည်ရွယ်ခဲ့ ပါတယ်။ ဒါပေမဲ့ ရိန်းဂျားတွေကအပြင်းအထန်ခုခံလို့ သူတို့အကြံပျက်သွားတဲ့အတွက် သတ်ကွင်း ဆင်စောင့်ဖို့ထားတဲ့ အရံတပ်တွေကို တိုက်ပွဲထဲဆွဲသွင်းခဲ့ရပါတယ်။ ဖေဖော်ဝါရီ (၁ဝ)ရက်နေ့မှာ ထိုင်းသံချပ်ကာတပ်မ ၁ လက်အောက်ခံ အမှတ် ၃ မြင်းစီး တပ်ရင်းက ဘရင်းကယ်ရီယာတရင်း၊ ခြေလျင်တပ်ခွဲတခွဲ၊ အမ်-၆ဝ တင့်ကားတခွဲ ပေါင်းစုပြီး စစ်ကူလာပါတယ်။ ညနေပိုင်းမှာ မယ်ဆိုင်အနီးရောက်လာပြီးတော့ ဆုတ်သွားတဲ့ ရိန်းဂျားတွေ နောက် လိုက်တိုက်နေတဲ့ ဗမာတပ်တွေကို ဝင်တိုက်ပါတယ်။ မြင်းစီးတပ်ရင်းက ဒလကြမ်းတိုက် တဲ့အတွက် နအဖ တပ်တွေဟာ နယ်စပ်မျဉ်းကျော်အောင် ပြန်ဆုတ်သွားပါတယ်။ နအဖ ဘက်က (၁၇)လောင်း ကျန်ခဲ့ပြီး ဒဏ်ရာသမား (၆ဝ)ကို ထိုင်းက သုံ့ပန်းရလိုက်ပါတယ်။ ဝ အများစု ဖြစ်ပါတယ်။ ထိုင်းဘက်ကတော့ ကျဆုံးသူမရှိဘဲ (၇)ယောက်ဘဲ ဒဏ်ရာရပါတယ်။
(၁၁)ရက်နေ့မနက်မှာတော့ နအဖ တပ်ရင်း(၃)ရင်းဟာ တရုတ်လုပ် တီ-၆၉ တင့်ကားတွေ၊ အမြောက်ကြီးတွေနဲ့ မယ်ဆိုင်ကို တိုက်ပါတယ်။ ထိုင်းတွေက နအဖ ပင်မစစ်ကြောင်းက တီ-၆၉ တွေကို အမ်-၆ဝ တွေနဲ့ရင်ဆိုင်ပါတယ်။ နောက်ပိုင်းမှာ ချင်းမိုင်လေတပ်စခန်းက တက်လာတဲ့ ထိုင်းလေတပ် အက်ဖ်-၅ တိုက်လေယဉ်တွေက လေဆာပဲ့ထိန်းဗုံးတွေနဲ့ချပါတယ်။ ထိုင်း ဘက်က အမ်-၁ဝ၉ ၁၅၅မမ အော်တိုပစ် ဟောင်ဝစ်ဇာအမြောက်တွေ၊ အစွမ်းထက်လှတဲ့ ဂျီစီအန်-၅၅ ဂြိုလ်တုသုံး လက်နက်ကြီးပစ်မှတ်ရှာစက်တွေပါ စစ်ကူရောက်လာတော့ နအဖ စစ်ကြောင်းတွေ ကျဆုံး ဒဏ်ရာ သုံ့ပန်းဖမ်းခံရတာတွေများပြီး ဆက်မတက် နိုင်တော့ပါဘူး။ထိုင်းအမှတ် ၃ တပ်မတော်တခုလုံးက အင်အားစုစည်းစစ်ပြင်ပြီး မယ်ဆိုင်ဘက် စစ်ကူ ပို့ပေးသလို ထိုင်းလေတပ်ကလဲ ဗမာတပ်တွေနဲ့ ထောက်ပံ့ရေးစစ်ကြောင်းတွေကို ထပ်ခါထပ်ခါ အပြင်းအထန် တိုက်ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာတော့ ထိုင်းတပ်တွေဟာ အက်စ်အက်စ်အေ(တောင်ပိုင်း) ရှမ်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးတွဲပြီးတော့ ဗမာတပ်တွေကို ထိုင်းမြေထဲက အပြီးသတ်တိုက်ထုတ်၊ နယ်ခြား စခန်းအမှတ် ၉၆၃၁ ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။
တာချီလိတ်အနောက်ဘက် နှစ်မိုင်အကွာက တောင်ကုန်းတခုမှာလဲ ထိုင်းနဲ့ ဗမာတပ်တွေ တိုက်ကြပါတယ်။ ထောက်ပံ့ရေးတာဝန်ယူနေတဲ့ ထိုင်းလေတပ် ရဟတ်ယဉ် ယူအိတ်ခ်ျ-၁ အိတ်ခ်ျ တစီးကို ဗမာဘက်ကပစ်လို့ ထိခိုက်ခဲ့ပြီး မြေပြင်ကို အရေးပေါ်ဆင်းခဲ့ရပါတယ်။ လေတပ်သားတွေတော့ အထိအခိုက်မရှိပါ။ည ၇ နာရီခွဲမှာတော့ နှစ်ဘက် အပစ်ရပ်သဘောတူညီချက်ရခဲ့ပါတယ်။ ဒါပေမဲ့ နအဖ က နောက်ထပ် တပ်အင်အား (၂ဝဝဝ)ကို လက်နက်ကြီးတွေနဲ့အတူ ကျိုင်းတုံကနေ တာချီလိတ်ပို့ခဲ့ပြီး လက်နက်ကြီးတွေ အပြန်အလှန် ပစ်ကြတာနဲ့ ထိုင်းစစ်လေယာဉ်တွေ စစ်ဆင်တာတွေ ကြိုကြား ကြိုကြားဆက်ဖြစ်ခဲ့ပါတယ်။ ချင်းမိုင်အခြေစိုက် ထိုင်းလေတပ်စခန်းဌာနချုပ်ဟာ ထိုင်းလေ ကြောင်းစစ်ဆင်ရေးအားလုံးကို ဒီတိုက်ပွဲစဉ်အတွင်း ဦးစီးခဲ့ပါတယ်။ အင်မတန်လဲ အောင်မြင်ခဲ့ပါ တယ်။ ဖေဖော်ဝါရီ (၁ဝ)ရက်နဲ့ (၁၂)ရက်ကြားမှာ ထိုင်းတိုက်လေယာဉ်တွေ အကြိမ်(၇ဝ) စစ်ထွက် ခဲ့ပါတယ်။ တာချီလိတ်ဂေါက်ကွင်းမှာချထားတဲ့ နအဖ အမြောက်တပ်ကို ထိုင်းလေတပ် အက်ဖ်-၅ (၄)စီးက လေဆာပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခဲ့တယ်။ တစီးက အဇ္ဇရေးနည်းပညာနဲ့ လေဆာလမ်းညွှန် ပေးပြီး ကျန်တဲ့သုံးစီးက ဗုံးကြဲတာဖြစ်တယ်။ နအဖ လေယာဉ်ပစ်အမြောက်က နည်းနည်းပါးပါးဘဲ ပြန်ပစ်နိုင်ပြီး ထိုင်းလေယာဉ်တွေကိုလည်း မထိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုအတွင်း ဗမာစစ်သား အနည်းဆုံးတဒါဇင်လောက်ကျပြီး အနည်းဆုံး အရပ်သား ငါးယောက်သေ ဆယ်ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့သိရတယ်။
ဗမာလေတပ်ကတော့ ဒီစစ်ပွဲအတွင်း အမြီးတောင်မတွေ့ရပါဘူး။ အဲဒီတုံးက နအဖဆီမှာ အမ်အိုင်ဂျီ-၂၁ ကို တုထားတဲ့ တရုတ်လုပ် အက်ဖ်-၇ တိုက်လေယာဉ်အုပ်တအုပ် စစ်ဆင်ရေးမှာ ပါခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ပါတယ်။ တကယ်တော့ တပ်မတော်(လေ) မှာရှိတဲ့ အက်ဖ်-၇ လေယာဉ်အုပ် သုံးအုပ်စလုံး အစင်း(၃ဝ)ကျော်ကို နအဖ က တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ ဒီအက်ဖ်-၇ တွေကို အဇ္ဇရေးနည်းပညာနဲ့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီထဲက (၆)စင်း ဘဲပျံလို့ရပြီး ကျိုင်းတုံကွင်းကို ရောက်လာပါ တယ်။ တာချီလိတ်/မယ်ဆိုင်ဟာ ကျိုင်းတုံတောင် ဘက် ကီလိုမီတာ (၁၅ဝ) လောက်ဝေးပြီး အက်ဖ်-၇ မှာ လက်နက်ခဲယမ်းအပြည့်တပ်ဆင်လိုက်ရင် ပျံနိုင်တဲ့ခရီးတာရဲ့ နယ်ကုန်ဖြစ်နေပါတယ်။ ထိုင်းလေတပ်က အက်ဖ်-၅ တွေ ဗမာပြည်ထဲက ပစ်မှတ်တွေကိုတိုက်တဲ့အခါ ဒီဗမာလေတပ် အက်ဖ်-၇ တွေ တစီးမှ ပေါ်မလာပါဘူး။ နအဖလေ တပ်မှာ ကျန်တဲ့တခြားလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကလည်း အဆင့်နိမ့်ပြီး တဝက်လောက်ဘဲ ပျံသန်းတိုက်ပွဲဝင်နိုင်တဲ့ အခြေအနေရှိပါတယ်။ အမ်အိုင်ဂျီ-၁၉ ကိုလိုက်တုထားတဲ့ တရုတ်လုပ် အေ-၅ အမ် တွေကတော့ အက်ဖ်-၇ ထက်တောင် စွမ်းဆောင်ရည်ပိုညံ့ပါတယ်။ အခြေခံအားဖြင့် ပြောရရင် နအဖမှာ အဲဒီတုံးက လောက်လောက်လားလားလေတပ် မရှိပါဘူး။
ဗမာလေကြောင်းကာကွယ်ရေးကလဲ ထိုင်းတိုက်လေယာဉ်တွေ လုပ်ချင်သလိုလုပ်နေတာ ကို တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ ၁၉၉၈ ခုတုံးက ဘူလ်ဂေးရီးယားကဝယ်ထားတဲ့ အက်စ်အေ-၁၆ ဂျင်းမ်လက်/အစ်ဂလာ အိုင်အီး ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည် အလက် (၁ဝဝ)ကျော် ရှိနေပေမဲ့ အခုစစ်ပွဲမှာ မသုံးခဲ့ပါဘူး။ နှစ်ဖက်စလုံးက တပ်ကူတွေ ထပ်အားဖြည့်ကြပေမဲ့ မယ်ဆိုင်တိုက်ပွဲဟာ နောက်ဆုံးမှာ စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ နယ်စပ် အခြေအနေကတော့ ဆက်လက်တင်းမာနေခဲ့ပြီး မေ (၁ဝ)ရက်မှာ ရှမ်းပြည် ကျောက်ခက်ဒေသကို ဒီအက်ဖ်-၁၆ တွေက တိုက်ခိုက်ခဲ့သေးတယ်။ နအဖက သင့်တော်သလို လက်တုံ့ပြန်မယ်လို့ ကန့်ကွက် ခြိမ်းခြောက်ခဲ့ပေမဲ့ ဘာစစ်ရေး (လေ ကြောင်းအပါအဝင်) မှ မလှုပ်ရှားနိုင်ခဲ့ပါဘူး။ ထိုင်း ဘက်ကလဲ နောက်ထပ် လေကြောင်းတိုက်ခိုက် မှုတွေ မလုပ်တော့ဘဲ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြပါတယ်။ ဒီ့နောက် သက်ဆင်အစိုးရ တက်လာတော့ တင်းမာမှုတွေ လျော့ပါးအောင် လုပ်ခဲ့ပါတယ်။
ထိုင်းဘက်ကသတင်းအရ ထိုင်းရိန်းဂျားတပ်တွေကြောင့်တင် ဗမာစစ်သား (၈ဝ)အထိ ကျခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲစဉ်တခုလုံးမှာ ထိုင်းဘက်က တယောက်ကျပြီး (၃၇)ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းရွာသား (၃)ယောက်လဲသေပြီး (၇)ယောက် ဒဏ်ရာရခဲ့တယ်။ မယ်ဆိုင် မြို့က အမျိုးသမီး (၂)ဦးလဲ ဗမာအမြောက်တွေ လက်ချက်ကြောင့် သေသွားတယ်လို့ ထိုင်းဘက်က တရားဝင်ထုတ်ပြန်ပါတယ်။ ထိုင်းဘက်က မြေပြင်တိုက်ပွဲ ဦးစီးခဲ့တဲ့ အမှတ် ၃ မြင်းစီးတပ်ရင်းက ဗိုလ်ကြီးဆွန်ခန် နီလ်ဖန် အပြောအရ ဗမာစစ်သား (၁ဝဝ)နီးပါး ကျခဲ့တယ်လို့ ဆိုပါတယ်။ နယ်ခြားစခန်း အမှတ် ၉၆၃၁ ကို ပြန်သိမ်းရချိန်မှာတော့ နအဖစစ်သား (၃)လောင်းဘဲတွေ့ခဲ့ရပါတယ်။ ကျန်တဲ့အလောင်းတွေကိုတော့ ဗမာပြည်ဘက် ပြန်ဆွဲသွားတယ်လို့ ယူဆ ရပါတယ်။ (အခုပြုတ် သွားပြီဖြစ်တဲ့) နအဖ ထောက်လှမ်းရေးအရာရှိကြီး ဗိုလ်မှူးကြီးကျော်သိန်းကတော့ နအဖ တပ် ဘက်က (၁၂)ယောက်ကျပြီး (၁၅)ယောက်ဒဏ်ရာရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါ တွေက ထိုင်းတပ်နဲ့တိုက်လို့ထိတာ မဟုတ်ဘဲ ရှမ်းသူပုန်တွေနဲ့ တိုက်ရင်းထိတာလို့ ဆိုပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီတိုက်ပွဲအရှိန်ကြောင့် သွေးပျက်သွားတဲ့ နအဖတပ်ဟာ ၂ဝဝ၂ ခု ဇွန်လမှာ ထိုင်းတပ်တွေနဲ့ စစ် ထပ်ဖြစ်တဲ့အခါ နအဖတပ်ရင်းတရင်းဟာ လုံးဝမတိုက်ဘဲ ထွက်ပြေး တဲ့အတွက် တရင်းလုံးကို သေဒဏ်ပေးလိုက်ကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ခဲ့ပါ တယ်။ဒီစစ်ပွဲရဲ့ရလဒ်အဖြစ် နအဖဟာ ၂ဝဝ၁ ဇွန်လမှာ ရုရှားနိုင်ငံက ဒေါ်လာ သန်း (၁၃ဝ)ဖိုး အမ်အိုင်ဂျီ-၂၉ (၁ဝ)စီး အော်ဒါမှာခဲ့ပါတယ် (တန်ဖိုး ၃ဝ ရာခိုင်နှုန်းကို လက်ငင်းငွေချေပြီး ကျန် တာကို ဆယ်နှစ်အတွင်း အပြီးချေရမှာဖြစ်ပါတယ်)။ ဗမာလေတပ် အတွက်ဝယ်တဲ့ အမ်အိုင်ဂျီ-၂၉ တွေဟာ ၁၉၈ဝ ခုနှစ်များနှောင်းပိုင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မူလတုံးက အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေအတွက် ထုတ်လုပ်ခဲ့တဲ့ အစီး (၇ဝ)ထဲကဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို မရောင်းဖြစ်လို့ ရုရှားနိုင်ငံ လူခိုဗစ်စီ စက်ရုံမှာဘဲ ဂိုဒေါင်ထဲအောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဗမာလေတပ်ရဲ့ အစဉ် အလာတွေ လည်ပတ်ပုံတွေအရ ကြည့်ရင် ဒီအမ်အိုင်ဂျီ-၂၉တွေဟာ ထိုင်းလေတပ်ရဲ့သာလွန်မှုကို ဘယ်လောက်ချေဖျက်နိုင်မယ်ဆိုတာလဲ မရေရာလှပါဘူး။
၂ဝဝ၂ ခုနှစ်စပိုင်းမှာ ဗမာလေတပ်ကလေယာဉ်မှူးတွေ အစုလိုက်အပြုံလိုက် တပ်ကထွက် ကြတဲ့သတင်းတွေ ကြားခဲ့ရပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံကပေးတဲ့ လေ ယာဉ်တွေ (အက်ဖ်-၇ နဲ့ အေ-၅ တွေ)၊ စက်ပစ္စည်းကရိယာတွေ အရည်အသွေးညံ့ဖျင်းလှတာ ကြောင့် လေယာဉ်တွေအများစုဟာ မပျံနိုင်ဖြစ်ပြီး တချိန်လုံး လေယာဉ်ရုံထဲကမထွက်နိုင် ဖြစ်နေ လို့ စိတ်ဓာတ်ကျပြီး တပ်ထွက်ကုန်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာ့လေတပ်စခန်းတွေမှာ ဒီလေ ယာဉ်တွေ ထိန်းသိမ်းပြုပြင်ရေးအတွက် တွဲဖက်ပေးထားတဲ့ တရုတ်ပညာရှင် တွေ နည်းပြ ဆရာတွေကလဲ မောက်မာလှပြီး ဆက်ဆံရေးရိုင်းပြတာကလဲ မကျေနပ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဗမာလေယာဉ်မှူးတချို့ကဆိုရင် တရုတ်တွေဟာ သင်ကြားပြသကူညီပေးဖို့ထက် ဗမာလေတပ်ကို သူလျှိုလုပ် ထောက်လှမ်းဖို့ အဓိကထားတယ်လို့တောင် စွပ်စွဲကြပါတယ်။
ဒါ့အပြင် အခုလိုလေတပ်အရာရှိတွေ တပ်ထွက်ကြတဲ့ နောက်အကြောင်းတခုက အမ်အိုင် ဂျီ-၂၉ တွေ ဝယ်တာကို မကျေနပ်တာလဲပါပါတယ်။ တပ်မတော်(လေ) က ထိပ်တန်းအရာရှိ အများစုဟာ ရုရှနိုင်ငံက အမ်အိုင်ဂျီ-၂၉ တွေဝယ်တာကို ဆန့်ကျင်ကြပါတယ်။ သူတို့က ပိုအဆင့် မြင့်တဲ့ ပြင်သစ်လုပ် မီးရတ်ဂ်ျ ၂ဝဝဝ သို့မဟုတ် ကမ္ဘာ့နံပတ်(၁) တိုက်လေယာဉ်ဖြစ်တဲ့ ရုရှလုပ် အက်စ်ယူ-၂၇ တွေကို လိုချင်ကြပါတယ်။ ဒီကိစ္စကြောင့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှူးနဲ့ အထက်ကနအဖထိပ်သီးတွေ အပြင်းအထန်စကားများ ခဲ့ပါတယ်။ မိတ္ထီလာလေတပ်မှူးအမြင်မှာ ဒီ အမ်အိုင်ဂျီ-၂၉ တွေဟာ သူ့စွမ်းဆောင်ရည်နဲ့ မကာမိလောက်အောင် ဈေးကြီးလွန်းတယ် (ဝါ) မတန်ဘူး၊ အီရတ်နိုင်ငံအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်လို့ ဂိုဒေါင်ထဲ (၁ဝ)နှစ် လောက် လေ နေခဲ့ပြီးပြီ၊ တိုက်ဆွေးဖြစ်နေပြီ၊ ထိုင်းလေတပ် အက်ဖ်-၁၆ တွေကို မယှဉ်နိုင်ဘူးလို့ တင်ပြခဲ့ပါ တယ်။ အခုလို အကြံဉာဏ်ကောင်းတွေပေးတဲ့အတွက် နအဖ ဟာ မိတ္ထီလာလေတပ်စခန်းမှူးကို ရာထူးဖြုတ်၊ အဆင့်ချပြီး မြစ်ကြီးနားလေတပ်စခန်းကို ပြောင်းပစ်ခဲ့ပါတယ်။ အဲဒီအခါမှာ တပ်မှူး ကလဲ တပ်ကထွက်ပစ် လိုက်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နအဖ က သူ့ကိုပြန်ချော့တဲ့အနေနဲ့ ဦးပိုင်လီမိတက်မှာ မြက်မြက်ကလေး စားရတဲ့ ရာထူးနေရာတခု ပေးခဲ့ပါတယ်။
ယေဘုယျပြောရရင် ဗမာ့လေတပ်မှာ လေယာဉ် အလွန်ဆုံး (၁ဝ)ရာခိုင်နှုန်းက (၂ဝ) ရာခိုင်နှုန်းဘဲ “ပျံသန်းနိုင်”တဲ့ အဆင့်ရှိပါတယ်။ ဒါဟာ တိုက်ပွဲဝင်နိုင်တဲ့အဆင့်ကို ပြောတာ မဟုတ်ဘဲ ပျံရုံပျံနိုင်တာကို ပြောတာဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ အမ်အိုင်ဂျီ-၂၉ တွေဟာ အရင်ဗမာ့တိုက်လေယာဉ်တွေထက်တော့ အဆင့်မြင့်ပေမဲ့ မြေပြင်အထောက်အကူကို အကြီး အကျယ်အားထားရပါတယ်။ မြေပြင်ထိန်းသိမ်းကြံ့ခိုင်မှု မကောင်းရင် ထိထိရောက်ရောက် တိုက်ပွဲ ဝင်နိုင်မှာ မဟုတ်ပါဘူး။ ဗမာနအဖနဲ့ ဗမာစစ်တပ်ရဲ့ ထုံးတမ်းစဉ်လာ ညံ့ဖျင်းလဘော်ကျမှုဟာ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ပစေ သုံးမရအောင်ဖြစ်သွားစေမှာဘဲ ဖြစ်ပါတယ်။
စစ်တပ်အလုပ် စစ်တပ်မလုပ်တဲ့ စစ်လက်ဝါးကြီးအုပ်အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြုချမှတ် လိုက်ရင်တော့ မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာနဲ့ ပခုံးချင်းမယှဉ်နိုင်တော့တဲ့ ကျောက်ခေတ်စစ်တပ် ဘဝမှာဘဲ ဂုဏ်သိက္ခာမဲ့မဲ့၊ ဝမ်းမဝ ခါးမလှနဲ့ စုတ်ပြတ်စွာ ဆက်လက် ကျောက်ချနေမှာ မြေကြီးလက်ခတ် မလွဲဖြစ်ပါတယ်။

No comments:
Post a Comment