.

.

.

July 25, 2008

ခေါင်းဆောင်တို့၏ ကျင့်စဉ်

ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ညွှန်ကြားရေးဝန် ဆရာဦးဖေအောင် (မဟာဝိဇ္ဇာ - မဟာသိပ္ပံ) ရဲ့ ဆွေးနွေးချက်ကို မလှိုင်လှိုင်မိုးက စာဖတ်သူတွေကို ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်ထံ ဆောင်းပါးအသွင် စာရေးပေးပို့ လာပါတယ်။ မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းတွေ လိုအပ်နေလို့ တော်လှန်ရေးအတွက် တဖက်တလမ်းက စိတ်ဓာတ်မြင့်မားကြစေလိုတဲ့ ရည်ရွယ်ချက်ရှိကြောင်း ပေးပို့သူက ဆန္ဒပြုထားပါတယ်။ စာဖတ်သူတွေအတွက် ကျွန်တော် ကိုဖိုးတရုတ်မှ စီစဉ်တင်ပြပေးလိုက်ပါတယ်။

လူဟာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက နောက်လိုက်၊ နောက်တမျိုးက ခေါင်းဆောင်ဘဲ ဖြစ်ပါတယ်။ နောက်လိုက်ကောင်းများ လိုအပ်ပါတယ်။ သို့သော် နောက်လိုက်တို့ရဲ့ တာဝန်က ခေါင်းဆောင်ရဲ့ တာဝန်လောက် မကြီးဘူး။ ခေါင်းဆောင်ဆိုပြန်ရင်လည်း ရှေးလူရိုင်းများခေတ်က ခေါင်းဆောင်နဲ့ ယခု ယဉ်ကျေးမှုများ တိုးတက်နေတဲ့ အချိန်က ခေါင်းဆောင်များကို ခွဲခြားကြည့်ရန် လိုလာပြန်ပါတယ်။ ရှေးလူရိုင်းခေတ်က ခေါင်းဆောင်ဟာ ယခုခေတ် ခေါင်းဆောင်များကဲ့သို့ အခက်အခဲများ မရှုတ်ထွေးတာတွေ့ရပါတယ်။ အခုခေတ် ခေါင်းဆောင်များကတော့ ပညာအရည်အချင်း၊ ကြံရည်ဖန်ရည်၊ ကိုယ်ကျင့်တရားများ ရှိရမဲ့အပြင် ကိုယ်ထိလက်ရောက် ရှေ့ဆောင်ရမဲ့ ကိစ္စတွေမှာ မကြောက်မရွံ့  ရှေ့ဆောင်နိုင်ဖို့ တာဝန်များ ပိုလာပါတယ်။ ခေါင်းဆောင်ဟာ မိမိနောက်လိုက် အရေအတွက် များရင်များသလောက် အဆင့်အတန်း အမျိုးမျိုး ရှိရင် ရှိသလောက် တာဝန်ပိုရှိလာပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်း ဖြစ်ဖို့ဟာ နောက်လိုက်ကောင်း ဖြစ်ဖို့ထက် အဆပေါင်း များစွာ ခက်ခဲပါတယ်။ ဗမာတစ်ဦးအနေနဲ့ တင်ပြရရင် ဗမာပြည်မှာ နေရာတိုင်းမှာ ခေါင်းဆောင်ကောင်းတွေ လိုလာနေတာကို တွေ့ရပါတယ်။

တိုင်းပြည်တစ်ပြည်မှာ တိုင်းပြည်ရဲ့ အလံဟာ ပြည်တခုလုံးရဲ့ (Symbol) အမှတ်အသားဖြစ်သလို ခေါင်းဆောင်ဟာလည်း လက်အောက်ငယ်သား အားလုံးတို့ရဲ့ အမှတ်အသား (Symbol) ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ အကျင့်စာရိတ္တ၊ ခေါင်းဆောင်ရဲ့ အပြုအမူ၊ ခေါင်းဆောင်ရဲ့ စိတ်နေသဘောထားဟာ မိမိလက်အောက်ငယ်သားတို့ဆီကို မသိမသာ ကူးစက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ဟာ ငယ်သားတွေအတွက် အလွန်အရေးကြီးပါတယ်။

လူတွေဟာ ကိုယ်နဲ့စိတ် ရှိသော်လည်း စိတ်က ကဲနေတော့ ခေါင်းဆောင်ရဲ့ စိတ်ထဲမှာ ငယ်သားတွေ မသိအောင် ခံစားနေရတဲ့ စိတ်ထိခိုက်မှုတွေကိုတောင်မှ မိမိငယ်သားများဆီကို အရိပ်အယောင် သန်းတတ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ဖြစ်မဲ့လူဟာ နေရာတကာမှ ကြိုတင်ပြီး သတိထားရပါတယ်။ ငယ်သားများထက် ပိုပြီး ဆင်းရဲဒုက္ခခံနိုင်ရမယ်၊ အခွင့်အရေးကျတော့လည်း ထိုက်တာထက်တောင် လျော့ပြီး ခံစားရပါမယ်။

တခါတုန်းက နပိုလီယံဟာ (Alps) တောင်တန်းများကို ကျော်ပြီး (Italy) တိုင်းပြည်ဘက်ကို စစ်ချီတက်ဖို့ အကြံအစည်ရှိခဲ့တယ်။ အဲဒီအချိန်မှာ (Alps) တောင်များကို ကျော်နိုင်၊ မကျော်နိုင် သိရအောင် အင်ဂျင်နီယာများအား သွားရောက် စုံစမ်းစေပါတယ်။ အင်ဂျင်နီယာတွေ ပြန်လာတော့ နပိုလီယံက (Alps) တောင်ကြားမှာ ရှိတဲ့ (St.Bernard) တောင်ကြားလမ်းကို ဖြတ်ကျော်နိုင်မလားလို့ မေးတဲ့အခါမှာ တုံတုံချိချိနဲ့ ကျော်ကောင်းကျော်နိုင်ပါလိမ့်မယ်လို့ ပြန်အဖြေပေးကြပါတယ်။ အဲဒီတော့ လူပု စစ်ဗိုလ်ကလေး နပိုလီယံက အမျိုးမျိုး ခက်ခဲနေကြောင်း စာဖွဲ့ပြောနေတာကို ဂရုမစိုက်ဘဲ မိမိရဲ့ စစ်တပ်ကို သေသေချာချာ အသေးစိတ် စစ်ဆေးပြီး ချီတက် လို့ တခွန်းတည်း အမိန့်ပေးလိုက်ပါတော့တယ်။ နောက်တနေ့မှာ နပိုလီယံဟာ တစ်ကမ္ဘာလုံးက မမျှော်လင့်တဲ့ တစ်ကမ္ဘာလုံးက မဖြစ်နိုင်ဖူးလို့ ယူဆထားတဲ့ (Alps) တောင်တန်း ကို ဖြတ်ကျော်တဲ့ အခါ မိမိရဲ့ စိတ်အရှိန်နဲ့ မိမိရဲ့ ငယ်သားတွေကို မိမိနဲ့ အတူ အောင်မြင်တဲ့ စခန်းဆီကို တက်လှမ်းစေခဲ့ပါတော့တယ်။ စစ်ဗိုလ်တွေ အများကြီးမှာ ရိက္ခာရှိကြပါတယ်၊ လက်နက်ရှိကြပါတယ်။ သန်မာတဲ့ စစ်သားတွေ ရှိကြပါတယ်။ ဒါပေမဲ့ နပိုလီယံလို ဘယ်ကိစ္စမဆို အောင်မြင်ရမယ်ဆိုတဲ့ အောင်စိတ် အရှိန်ကတော့ စစ်ဗိုလ်တိုင်းမှာ ရှိကြမယ် မထင်ပါဘူး။

နောက်တခု ခေါင်းဆောင်မှုပေးနိုင်တဲ့ ဥပမာ တင်ပြပါဦးမယ်။ (Nile) မြစ်ဝှမ်းအနီးမှာ အင်္ဂလိပ်စစ်တပ်နဲ့ ပြင်သစ်စစ်တပ်တို့ တိုက်ခိုက်ရန် ပြင်ဆင်နေကြတဲ့အချိန်မှာ (Captain Berry) နဲ့ ရေတပ် စစ်ဗိုလ်ချုပ်ကြီး (Nelson) တို့ အစည်းအဝေးတစ်ရပ် ကျင်းပကြတယ်။ အဲဒီအစည်းအဝေး ကျင်းပပြီး လူစုခွဲမယ်လို့ ထကြတဲ့အခါမှာ Captain Berry က အားပါးတရနဲ့ ဗိုလ်ချုပ်ကြီး ကျွန်တော်တို့များ တကယ်လို့ နိုင်ခဲ့ရင် ကမ္ဘာက ဘယ်လိုများ ပြောကြပါ့မလဲလို့ ၀မ်းသာအားရနဲ့ မေးလိုက်ပါတယ်။ အဲဒီတော့ ရေတပ်ဗိုလ်ချုပ်ကြီး Nelson က ဒီကိစ္စမှာ နိုင်လိမ့်ရင်ဆိုတဲ့ ချွင်းချက် ထားဖို့ မလိုဘူး လို့ ချက်ချင်း ပြန်ဖြေကြားလိုက်တယ်။ ဆက်ပြီး ထပ်ပြောလိုက်တာကတော့ မနက်ဖြန်ဒီအချိန်မှာ ကျုပ်ဟာသူရဲကောင်းဘွဲ့ ကိုဘဲ ရမလား၊ ဒါမှမဟုတ် သူရဲကောင်းကြီးတွေကို မြုပ်နှံတဲ့ (Westminister Abbey) သင်္ချိုင်းကိုဘဲ ရောက်မလားဆိုတာတော့ မပြောနိုင်ဘူးလို့ ဖြေကြားလိုက်ပါတယ်။ အဲဒီစစ်ပွဲ စတော့မယ်ဆိုတာနဲ့တပြိုင်နက် (England expects every man to do his duty) ဆိုတဲ့ အလံတွေကို လွှင့်တင်လိုက်တော့တာဘဲ။ နောက်ရှေ့ဆက်ပြီးတော့ ဘယ်လို အောင်ပွဲရသွားလဲ ဆိုတာကတော့ ရာဇ၀င်လိုက်စားသူတွေ သိကျတဲ့ အတိုင်းပါဘဲ။ Nelson ရဲ့ အရှိန်အ၀ါဟာ သူ့ရဲ့ စစ်သားတွေရဲ့ စစ်ဓာတ်တွေအားလုံးကို ပြန့်သွားစေပြီး အောင်ပွဲခံလိုက်တာ ဖြစ်ပါတယ်။

အစည်းအဝေးပွဲတွေမှာဘဲ ဖြစ်ဖြစ်၊ လူစုလူဝေးနဲ့ လုပ်ကိုင်ရတာဘဲ ဖြစ်ဖြစ် လက်အောက်ငယ်သားတွေဟာ မိမိတို့ ခေါင်းဆောင်ရဲ့ မျက်နှာရိပ်၊ မျက်နှာကဲ ကိုသာ ကြည့်နေကြတာ ဓမ္မတာပါဘဲ။ ခေါင်းဆောင်အပေါ်မှာ ချစ်ခင်ခြင်းက ရှိပြန်တော့ ခေါင်းဆောင်ရဲ့ စိတ်အလိုက် ခေါင်းဆောင်စိတ်ပျက်ရင် ပျက်မယ်၊ ခေါင်းဆောင် အားတက်ရင် တက်မယ် ဆိုတဲ့ ခံစားချက် ဆက်သွယ်မှုတွေဟာ မပြောဘဲ ရှိပါတယ်။ ဒါကြောင့် ခေါင်းဆောင် တယောက် အနေနဲ့ လူအများကို ဆက်ဆံတဲ့အခါမှာ မိမိရဲ့ ကိုယ်နေကိုယ်ဟန်၊ မျက်နှာနေ၊ မျက်နှာထား၊ အသံ စတာတွေကို အထူးသတိထားရန် လိုပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ ကျင့်စဉ် တွေကို ပြောပြပါဦးမယ် -

၁။ ကိုယ်ကို တည်ငြိမ်စွာ ထားနိုင်ရန် ကျင့်ခြင်း။
၂။ စိတ်ကို မည်သည့် စိတ်လှုပ်ရှားခြင်းမျိုးမှ မ၀င်စေဘဲ ရှင်းစွာ ထားနိုင်အောင် ကျင့်ခြင်း။
၃။ မျက်စိနဲ့ တည်ငြိမ်စွာ ကြည့်နိုင်အောင် ကျင့်ခြင်း။
၎။ ပြောသွားတဲ့အကြောင်းအရာ၊ စကားစပ်အလိုက် အသံကို အဆင်ပြေပြေ အနိမ့်အမြင့်နဲ့ အသံမှန်စွာ ပြောနိုင်အောင် ကျင့်ခြင်း။
၅။ မိမိလက်ဟန်ခြေဟန်ကို နေရာ၊ စကားစပ်အလိုက် သင့်လျော်စွာ ပြုလုပ်ရန် ကျင့်ခြင်း။
၆။ မျက်နှာနေ၊ မျက်နှာထားနှင့် မျက်စိကြည့်ပုံကို တည်ကြည်ခန့်ညားစေရန် ကျင့်ခြင်း တို့ဘဲ ဖြစ်ကြပါတယ်။

အားလုံးခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေ။

1 comment:

Tin said...

Thanks for sharing and believed this concept apply to every one if you know how to make use of it in your life.