.

.

.

August 3, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၄)

စာဖတ်သူများခင်ဗျား

ကိုစစ်နိုင် နဲ့ ပြည်တွင်းက တပ်မတော် အရာရှိဟောင်း တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံသို့ မေးခွန်းများ ပေးပို့ခဲ့ပါတယ်။ အဲဒီ မေးခွန်းတွေရဲ့ အဓိက လိုလားချက်မှာ နအဖဟာ အနျူမြူ ဗုံး လုပ်နိုင်တယ်လို့ သူတို့က ထင်မြင်ယူဆကြတဲ့အတွက် တသဘောတည်း အဓိပ္ပာယ် ဖြစ်နေတာမို့ ဗိုလ်ထက်မင်းက သူတို့နှစ်ဦးရဲ့ မေးခွန်းနဲ့ ထင်မြင်ယူဆချက်တွေကို စုပေါင်းဆွေးနွေးထားပါတယ်။ အခု လို ဆွေးနွေးဖြေကြားပေးတဲ့အတွက် ဗိုလ်ထက်မင်းအား ကျေးဇူး တင်ရှိပါတယ်။ ဆရာကိုအောင်နိုင်ဦးက ခရီးသွားနေတာဖြစ်လို့ မကြာခင်မှာ ဆွေးနွေးဖြေကြားပေးမယ် ဆိုတဲ့ အကြောင်း ကျွန်တော့်ထံ အီးမေးလ် ပို့လာလို့ ခေတ္တစောင့်ဆိုင်း ဖတ်ရှုပေးကြပါရန် စာဖတ်သူများကို မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

ကိုစစ်နိုင်ရဲ့  အီးမေးလ်

မြန်မာနိုင်ငံကိုအမေရိကန်တိုက်မယ်ဆိုရင် ဘာကြောင့်တိုက်မှာလဲ။ သူတို့အမျိုးသားလုံခြုံရေး အတွက်လား၊ မြန်မာပြည်သူတွေကို တကယ်ကယ်တင်ချင်တာလား။ ကျူးကျော်ချင်တာလား။ ဒီမေးခွန်းတွေကတော့ လူတွေတော်တော်များများတွေးကြမယ်လို့ထင်ရတယ်။

အမေရိကန်တွေ ဘက်ကကော ဘယ်လိုစဉ်းစားကြမလဲ။

ကျုးကျော်ပြီး ကိုလိုနီလုပ်ချင်တယ်ဆိုရင် သူတို့ရဲ့အခြေခံဥပဒေကို အရင်ပြောင်းရပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လိုမှမဖြစ်နိုင်ပါ။

ကယ်တင်ချင်လို့ တိုက်မယ် ဆိုကြဦးတော့၊ မြန်မာပြည်သူတွေက တကယ်ကယ်တင်ထိုက်ရဲ့လား၊ ရှင်းရှင်းနဲ့ ရိုင်းရိုင်း ပြောရရင် ကျွေးတဲ့လက်ကိုပြန်ကိုက်မှာလား၊ ဥပမာ ဗီယက်နမ်၊ အီရတ်၊ အာဖဂန် တို့က ခေတ်နောက်ကျပြီး အမြဲတမ်း အလယ်အလတ်ကို မတွေးတတ်ပဲ ကျွန် နဲ့ သခင် ဆိုတဲ့ စာလုံးနှစ်လုံးက နေ ရုံးမထွက်နိုင်တဲ့ လူတွေလိုလေ။ နိုင်ငံခြားကျူးကျော်တာကိုခုခံရင် လူအထင်ကြီးခံရမယ်၊ သူရဲကောင်း လွယ်လွယ်လေးဖြစ်မယ် တွေးပြီး ကိုယ့်ကိုလာကယ်ဖို့လာတဲ့ လူတွေကို ကျူးကျော်သူတွေဆိုပြီး အတင်း နာမည်ပေးချင်တဲ့ သူရဲကောင်းရူုးတွေကိုအမေရိကန် တွေကထည့်သွင်းစဉ်းစားကြမှာပဲ။

မျက်စိစုံမှိတ်ပြီး ကယ်မယ်ဆိုရင်တောင် သူတို.ပြည်တွင်းက စစ်ပွဲကို အခြေခံပြီး အစိုးရအပေါ် နိုင်ငံရေး အမြတ်ထုတ်ပြီး နာမည်ကြီးအောင်လုပ်ကြမယ့် လူတွေရဲ့ အစွမ်းအစကိုလည်း လျှော့တွက်လို့မရပဲ ထည့်သွင်းစဉ်းစားရ ဦးမယ်။ စစ်မလိုလားဘူးကွလို့ သူတော်ကောင်း ယောင်ဆောင်တတ်တယ့်လူတွေကိုလဲ သူတို့ထည့်စဉ်းစားရဦးမယ်။ ဒါကြောင့် ဒီအချက်လဲ မဖြစ်နိုင်ဖို့ပိုများတယ်လေ။

အမျိုးသားလုံခြုံရေး ဆိုတာကတော့ အဖြစ်နိုင်ဆုံးလို့ပြောလို့ရတယ်။

၁။ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလဲ နူးကလီးယားလက်နက်ပိုင်ဖို့ လုပ်နေတယ်လေ။

၂။ မဟာဗျူဟာမြောက်တဲ့ ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ အိမ်နီးချင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အိန္ဒိယ ကိုချုပ်ကိုင်ဖို့လုပ် နေတဲ့ ကမ္ဘာ့အကြီးဆုံး ကွန်မြူနစ် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ရေဒါစခန်းဖွင့်ခွင့်ပေးထားပါတယ်။ တရုတ်ရဲ့ကျူးကျော်မှုကိုသာခံခဲ့ရတဲ့ အိန္ဒိယကိုဆက်လက် ချုပ်ကိုင်ဖို့လုပ်တာဟာ တရုတ်ကွန်မြူနစ်တွေရဲ့ ခေတ်သစ် ကိုလိုနီလုပ်လိုမှုတွေကို ထင်ရှားစေပါတယ်။ မြန်မာစစ်အစိုးရကို ကြားကန်ပေးထားခြင်းဟာ အကုန်အကျမရှိပဲ အကျိုးအမြတ်တောင်ရတဲ့အပြင် ဘာမှတာဝန်ယူစရာ မလိုတဲ့ ကိုလိုနီ နယ်သစ်တစ်ခုရလိုက်သလို ဖြစ်နေပါတယ်။

ဒါကို အမေရိကန်က ဆက်လက်ခွင့်ပြုလိုက်မယ်ဆိုရင် ဒုတိယကမ္ဘာစစ် မတိုင်ခင်လေးတုံးက ပိုလန်ကို ဟစ်တလာကို တရားဝင်သိမ်းခွင့်ပေးလိုက်တဲ့ အင်္ဂလိပ်အစိုးရလို အမေရိကန် အစိုးရဖြစ်ဖို့ ရှိတယ်ဆိုတာကို သိရင်တော့ အကောင်း ဆုံးပေါ့။ ဒီအတိုင်းသာဆက်ကြည့်နေရင် ဒေသအတွင်းက နိုင်ငံအတော် များများပါ မလုံမခြုံဖြစ်လာနိုင်ပါတယ်လေ။ တတိယကမ္ဘာစစ်က အာရှကမစဘူးလိုပြောလို.မရတဲ့အဆင့် ဖြစ်လာပါမယ်။

၃။ နူးကလီးယားရပြီးရင် မြန်မာစစ်အစိုးရက အကြမ်းဖက်အဖွဲ့တွေဆီကို မပြန့်စေရပါဘူးလို့ အာမခံရင်တောင်ယုံကြည်ရပါ့မလား။ ဘာလို့လဲဆိုတော့ ဒေါ်လာရရင်ဘာမဆိုလုပ်မယ် ဆိုတဲ့လူတွေက နအဖ ထိပ်ပိုင်းမှာ အများကြီး။ ဒါ့အပြင် လစာအခက်အခဲရှိတဲ့ ကျွမ်းကျင်ပညာရှင် တွေက အများကြီး။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတာ သက်ဆိုင်သူများသိနိုင်ကြပါစေ။

ကိုစစ်နိုင်


ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်းတစ်ဦး၏ အီးမေးလ်

အမေရိကန်က မြောက်ကိုးရီးယား နှင့် အီရန်တို့ကို နျူကလီးယား ပိုင်ဆိုင်လို့ လုံခြုံရေး အကြောင်းပြချက်နဲ့ ဦးစားပေး အဆင့်မှာ ရှင်းလင်းပေးတယ်။ မြန်မာနိုင်ငံကျတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အကြောင်းပြချက်နဲ့ ဒုတိယအဆင့်မှာဘဲ ထားပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ စီးပွားရေးပိတ်ဆို့အရေးယူရေးကိုဘဲ ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံ နျူကလီယား ပိုင်ဆိုင်လာမှာကို အမေရိကန် လျော့တွက်နေသလား။ ဖြေပေးစေချင်ပါတယ်။

ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်း တစ်ဦး


ကိုစစ်နိုင်နဲ့ တပ်မတော်အရာရှိဟောင်း တစ်ဦးတို့ရဲ့ မေးခွန်းများအပေါ် ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်

အမေရိကန်နိုင်ငံဟာ နအဖက နျူကလီးယား လုပ်နိုင်စွမ်း မရှိသေးဘူးလို့ လျော့တွက်နေတယ် လို့ မြင်ပါတယ်။ နိုင်ငံကြီးတွေဟာ သူတို့ရဲ့ ခေတ်မှီ နည်းပညာတွေနဲ့ အဆင့်မြှင့် ဂြိုလ်တုကဲ့သို့ အထောက်အကူ ပြု ကိရိယာတန်ဆာပလာတွေကို အားကိုးအားထားပြုသလို ငွေကြေးအင်အား ဖေါဖေါသီသီ သုံးစွဲနိုင်တာမို့ သူတို့ စုံစမ်းထောက်လှမ်းလို့ ရတဲ့ အချက်အလက်တွေကို ကြည့်ပြီး သုံးသပ်နေကြဟန် တူပါတယ်။ အဆိုပါ သတင်းအချက်အလက်တွေဟာ အတိုင်းအတာ တစ်ခုအထိ မှန်သော်လည်း ရုပ်ဝတ္ထု ပစ္စည်းတွေကို ကြည့်ရုံဖြင့် သုံးသပ်ရင် မှားယွင်းနိုင်ပါတယ်။ ဗိုလ်သန်းရွှေဟာ ဆင်ကြံ ကြံသလို ၀ံပုလွေလို ကောက်ကျစ်တဲ့ အနေအထား ရှိတာမို့ နိုင်ငံတကာကို မျက်စိလည်အောင် ဖန်တီးနေတာ မြင်ဖို့ လိုပါတယ်။ အနျူမြူ ဗုံးခွဲဖို့ လက်သည်တရားခံ နိုင်ငံမပေါ်အောင် နည်းပညာယူတဲ့ နိုင်ငံ၊ အနျူမြူစက်ရုံ အဆောက်အဦး ဆောက်လုပ်မဲ့နိုင်ငံ၊ ယူရေနီယံ ရှာဖွေပေးမဲ့ နိုင်ငံစသဖြင့် နိုင်ငံစုံ ကိုအကွက်ချ စီမံ လုပ်ကိုင်နေသလို သိပ္ပံ နဲ့ နည်းပညာဝန်ကြီးဌာနရဲ့ စွမ်းအင်ကဏ္ဍ အကြောင်းပြပြီးတော့ နိုင်ငံတကာကို လိမ်လည်နေပါတယ်။ ဂြိုလ်တုက ရိုက်ထားတဲ့ ပုံအရ IAEA လက်တွေ့ ကွင်းဆင်းကြည့်လို့  “လည်” သွားတဲ့ ဖြစ်စဉ်ရှိတဲ့ နိုင်ငံတွေကို သင်ခန်းစာ ယူသင့်ပါတယ်။ ဗမာရဲ့ အသိဥာဏ်ပညာဟာ မြောက်ကိုးရီးယားထက် သာပါတယ်။ ၁၉၈၃ခုနှစ် အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲ ခဲ့စဉ်က စစ်တပ်ရဲ့ နားမျက်စိဖြစ်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကြီး (မျက်မှန်တင်ဦး) ပြိုကွဲနေချိန်မှာတောင် မြောက်ကိုးရီးယား ကွန်မန်ဒို ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးနှစ်ဦးတို့အား လက်ဆုပ်လက်ကိုင် ဖမ်းပြနိုင်ခဲ့လို့ နိုင်ငံတကာက အံ့သြယူရပါတယ်။ နအဖအနေနဲ့ ရခိုင်ပြည်နယ်မှာ ဂတ်စ် မတွေ့ခဲ့စဉ်က အနျူမြူ စီမံကိန်း ရပ်တန့်ထားသော်လည်း ဂတ်စ်တွေ့ပြီး နောက်ပိုင်းတွင် စင်ကာပူ (ပွဲစား နိုင်ငံ) ကိုအသုံးချပြီး အနျူမြူစီမံကိန်း ဆက်တိုက်လှုပ်ရှားနေတာ ကြားသိရပါတယ်။ ပေါ့ပေါ့တန်တန် ဆက်ထားရင် နအဖဟာ အီရန်နဲ့ မြောက်ကိုးရီးယားထက် ပိုဆိုးသွားမှာ ဖြစ်ပြီး အမေရိကန် ရဲ့ Base စခန်းတွေ ဖြစ်တဲ့ ထိုင်း၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကို တိုက်ခိုက်နိုင်စွမ်း အနည်းဆုံးရှိသွားမှာ ဖြစ်ကြောင်း ဆွေးနွေးဖြေကြားပေးလိုက်ပါတယ်။

ဆက်လက်ပြီး ကျွန်တော် ကိုဖိုးတရုတ်ရဲ့ မေးမြန်းချက်တွေကို ဗိုလ်ထက်မင်းက အခုလို ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

မေးခွန်း (၁) - မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ထိပ်တိုက်တွေ့မှာ မလိုလားလို့ စစ်ရေးအရ မ၀င်တာလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ ဒီမေးခွန်းရဲ့ အဖြေက ဆွေးနွေးပွဲ အမှတ်စဉ် (၁) မှာ ပါဝင်တဲ့ စင်ကာပူနိုင်ငံမှ မသီတာအောင်ရဲ့ မေးခွန်းကို ပြန်လည် ဆွေးနွေးချက်နဲ့ အတူတူဘဲ ဖြစ်ပါတယ်။

မေးခွန်း (၂) - အမေရိကန်အဖို့ အကြမ်းဖက် ဆန့်ကျင်ရေး အဓိက ဖြစ်နေချိန်မှာ မြန်မာပြည်က ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား တန်းတူရေးအတွက် လက်နက်ကိုင် အင်အားစုတွေရဲ့ အခန်းကဏ္ဍ ကို ဘယ်လိုဆက်စပ်နိုင်မလဲ။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မြန်မာပြည်ရဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ ယာဉ်တန်းတိုက်ခိုက်မှု တွေနဲ့ “မိုင်း” ဆိုတဲ့ လက်နက်ဖြင့် ပြည်သူတွေ “အချောင်” ခံရတာမျိုးကို နိုင်ငံတကာကလက်မခံနိုင်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ အပါအ၀င် ဒီမိုကရေစီ နိုင်ငံ အတော်များများက လက်နက်ကိုင်တော်လှန်ရေးကို လက်မခံတော့တာကို ကြားသိရပါတယ်။ လက်ရှိသွားနေတဲ့ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ လူထုဆန္ဒဖေါ်ထုတ်တဲ့ တိုက်ကွက်နဲ့ နှစ်ပေါင်း (၂၀) ထိကြာခဲ့ပေမဲ့အောင်မြင်မှု မရှိ ခဲ့တာတွေ့ ရပါတယ်။ နအဖဟာ ဒီလိုဆင်လာမဲ့ နိုင်ငံရေးအံတုမှု နည်းဗျူဟာ (P.D) တွေကို သူတို့ရဲ့ (NDS) ဖြင့် ပြင်ဆင်ထားပြီးဖြစ်ရာ ငြိမ်းချမ်းစွာ လူထုဆန္ဒဖေါ်ထုတ်ပွဲကိုပင် သူတို့ သွတ်သွင်းထားတဲ့ နယ်မြေခံလူထုက လက်မခံတဲ့အသွင်မျိုး ဖန်တီးထားခဲ့တဲ့ သမိုင်းဖြစ်စဉ်အရ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဘယ်လိုရှေ့တိုးမလဲလို့ မေးစရာရှိလာပြန်တယ်။ နောက်ဆုံးနအဖဟာ သူတို့ရဲ့လက်နက်ကိုင်တုတ်တွေက မနိုင်တဲ့ အခြေအနေမျိုးဖြစ်လာ ရင်တောင် ဘီလူးအစွယ်ထွက်လာကာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေရဲ့ အင်အားနဲ့ တဖက်သတ် ဖိနှိပ်ပြန်လို့  ရွှေဝါရောင် တော်လှန်ရေး ဖြိုခွဲခံရတာ လက်တွေ့သာဓကဖြစ်ပါတယ်။ ပြည်သူတွေက ဒီလိုအကြမ်းမဖက်တဲ့နည်းလမ်းကို စိတ်ပျက်နေပြီဆိုတာ နိုင်ငံတကာက လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို သိစေချင်ပါတယ်။ လက်နက်ကိုင်တဲ့သူကို လက်နက်ကိုင်တော်လှန်ရေးဖြင့် သာ ဒီမိုကရေစီ ရရှိရေးတစ်ခုတည်း ထွက်ပေါက် ဖြစ်ကြောင်းလူထုကသဘောပေါက်နေပြီဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ နအဖက အကြမ်းဖက်လို့ မစွပ်စွဲနိုင်အောင် ပစ်မှတ်များကို လူထုမထိခိုက်ရေးအတွက် တတ်နိုင်သမျှ ရှောင်ရှားပြီး လူထုရှောင်ရှားလို့ရအောင် ကြိုတင်ကြေညာပေးကာ အစိုးရ အုပ်ချုပ်ရေးယန္တယားများကို ပစ်မှတ်တု၊ ပစ်မှတ်စစ်များနဲ့ ယောင်ပြတိုက်ခိုက်သင့်ပါတယ်။ ယနေ့ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ ဗြိတိန်နိုင်ငံမှာ အိုင်အာအေ လုပ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်ပြီဆိုရင် ရန်သူကို ပန်းနဲ့ ပေါက်တမ်း ကစားတာ မဟုတ်ပါ။ သေမင်းနဲ့ စိန်ပြေးတမ်း ကစားရတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်တဲ့ လူတွေဟာ အသက်နဲ့ အသိဥာဏ်ရှိတာမို့ သူတို့မှာ ရှိတဲ့ လက်နက်ခဲယမ်း နဲ့ အခြေအနေ အတိုင်းအတာ တစ်ခုအထိသာ လုပ်ကိုင်နိုင်ကြောင်း နိုင်ငံတကာအနေနဲ့ သိမြင်နားလည်ရပါမယ်။ ဒါကြောင့် လက်နက်ခဲယမ်း မထောက်ပံ့နိုင်တဲ့ တိုင်အောင် ငွေကြေးအင်အားနဲ့ ပံ့ပိုး ပေးသင့်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေဟာလည်း ဒီလို ထောက်ပံ့မှု ရတာနဲ့ ရန်သူတုန်လှုပ်ချောက်ချားသွားအောင် ရန်သူရဲ့ အတွင်းစည်းကို ထိုးဖောက်နိုင်စွမ်း ရှိအောင် လုပ်ကိုင်ပြနိုင်ရပါမယ်။ နောက်တစ်ချက်က နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ အခြေခံနယ်မြေတစ်ခု တည်ဆောက်ပေးနိုင်ရပါမယ်။ ပြည်သူလူထုပါဝင်အောင် စည်းရုံးပြီး ပြည်သူက လက်ကမ်းကြိုဆိုတဲ့ အခြေအနေမျိုးရောက်အောင် ပြည်သူ့စစ် မဟာဗျူဟာကို အကောင်အထည် ဖော်ပြရပါ့မယ်။ အရေးကြီးတာက စည်းလုံးညီညွတ်မှု ရှိကြောင်း နိုင်ငံတကာအား သက်သေပြရပါမယ်။ အထူးသတိပြုရမှာက အာဏာရှင်ကို တိုက်ထုတ်နေတာ ဖြစ်ပြီး တပ်မတော်သားတွေကို ပြည်သူ့သားသမီးတွေ ဖြစ်တယ်၊ ရန်သူ မဟုတ်ဘူးလို့ တပ်မတော်ကို စည်းရုံးပြီး ဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေနဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင် ရပါမယ်။ အဆိုပါ အချက်အလက်များကို မဟာဗျူဟာနဲ့ နည်းဗျူဟာများ ဆက်စပ်ရေး အကောင်အထည် ဖော်လာရင် နိုင်ငံတကာက စိတ်ပြောင်းလာမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မေးခွန်း (၃) - နအဖအစိုးရကို တိုက်ရာမှာ ဗီယက်နမ်လို ခံရမှာ စိုးရိမ်လို့ အမေရိကန်က မ၀င်တာလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ နအဖအနေနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ခင်းကျင်းပြီး ရင်ဆိုင်မယ်လို့ နိုင်ငံတကာကို အထင်ကြီးအောင် ဟိန်းဟောက် ပြောဆိုနေပေမဲ့ အမှန်တကယ်တော့ အမေရိကန်အနေနဲ့ တွက်ချက်သုံးသပ်နိုင်အောင် တင်ပြရမယ်ဆိုရင် ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူပါဝင်မှုကို အဓိက အားကိုး ရာမှာ ပြည်သူလူထု အများစုဟာ စစ်အာဏာရှင်တွေကို မုန်းတီးနေကြပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်းဆိုရင် ပြည်သူလူထုအနေနဲ့ အာဏာရှင် ဘက် ရပ်တည်ပါဝင်မှု (၁၀) ရာခိုင်နှုန်းတောင် ရှိနိုင်မှာ မဟုတ်တာကို တင်ပြလိုပါတယ်။ ၁၉၉၁ခုနှစ် အောက်တိုဘာလက ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ်မှာ ကရင်ရွာတွေကို နအဖက လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် တွေနဲ့ နာဂစ်မုန်တိုင်းမှာ လူထုအပေါ် ဂရုစိုက်မှု အားနည်းချက်တွေကြောင့် ပြည်သူလူထု အများစု နာကျည်းနေပြီ ဖြစ်တယ်။ ဒါ့အပြင် ဧရာဝတီတိုင်းကို ကိုင်သွားတဲ့ နတခစစ်တိုင်းမှူးများ ဖြစ်ကြတဲ့ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် တင်လှ၊ ဗိုလ်ချုပ် ရွှေမန်းတို့ဟာ စစ်ဘီးလူးသဖွယ် ကြမ်းကြမ်း တမ်းတမ်းနဲ့ လယ်သမားတွေ ကို ဖိနှိပ်ကိုင်တွယ် ခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ ရွှေဝါရောင်တော်လှန်ရေးအပြီး နောက်ပိုင်းမှာ ပြည်သူလူထုရဲ့ အာဏာရှင်ဘက် ပါဝင်မှုဟာ (၅၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ဆိုရင်လည်း စစ်အာဏာရှင်ဘက် ပါဝင်မှုဟာ (၃၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ မြန်မာပြည်အလယ်ပိုင်း မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာတော့ အာဏာရှင်ဘက် ပါဝင်မှု (၅၀) ရာခိုင်နှုန်း ရှိပြီးတော့ တခြား ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အာဏာရှင်ဘက် ပါဝင် မှု (၆၀) ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းတွက်ချက်ကြပါတယ်။ အာဏာရှင်ဘက် ပါဝင်သူများဟာ အမိန့်နဲ့ အာဏာအရ ဖွဲ့စည်းထား သလို လုပ်ပိုင်ခွင့်၊ အခွင့်အရေးမက်လုံး နဲ့ သိမ်းသွင်းထားတဲ့ ကြံ့ဖွံ့ ၊ စွမ်းအားရှင်များ သာဖြစ်ကြပါတယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်ပါတီဟာ စုစည်းကျစ်လစ်မှု ရှိပြီး မိန်းကလေးတွေကအစ အမျိုးသားရေး စိတ်ဓာတ် နဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နအဖဟာ ပြည်သူလူထုကို တံတားဖွင့်ပွဲ၊ ဆည်ဖွင့်ပွဲတွေမှာ မောက်မာစွာနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးဆိုတဲ့ စကားလုံးကို သုံးနှုန်းတဲ့အပြင် လောင်စာဆီဈေးနှုန်း အဆမတန် မြှင့်တက်လိုက်တဲ့ စစ်အစိုးရဲ့ အထိအခိုက် မခံနိုင်တဲ့ တဖက်သတ် လုပ်ရပ် ဟာလည်း ပြည်သူလူထုရဲ့ လည်မျိုကို ညှစ်သလို ဖြစ်နေတာကြောင့် လူထုရဲ့ မုန်တီးမှုကို ခံနေရပြီ ဖြစ်တယ်။ ဒါကြောင့် အမေရိကန်က ၀င်တိုက်ရင်တောင် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ဘက် ပါဝင်ဖို့ နေနေသာသာ လက်ကမ်းကြိုဆိုကြမှာသာ ဖြစ်ပြီး တပ်မတော်သားများဟာ သူတို့လည်း လည်မျို ညှစ်ခံထားရတာမို့ ခပ်ငိုက်ငိုက်သာချိန်ထားရတဲ့ သူတို့ရဲ့ သေနတ်ပြောင်းဝတွေကို ပြည်သူတွေက တားဆီးကြရုံဖြင့် သေနတ်ပြောင်း ပြောင်းပြန် လှည့်သွားမှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာစစ်တပ်ပါဝင်ရမည်ဟု ဦးဝင်းမင်း သုံးသပ် (သတင်း-မိုးမခ)


ဖိလစ်ပိုင်နိုင်ငံမှ ထင်ရှားသည့် တက္ကသိုလ်တခုတွင် ဟောပြောနေ သော စစ်ဘက် အရပ်ဘက် လေ့လာသူ ဦးဝင်းမင်း။ ယနေ့ နံနက်က ကွီဇုန်မြို့ပြင်ရှိ ဖိလစ်ပိုင် တက္ကသိုလ် ကျောင်းသားများ နှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည် ဒီမိုကရေစီရရှိရေးမှာ ဖြစ်နိုင်ချေ ရှိပါသေးသည်ဟု ဦးဝင်းမင်းက ပြောဆိုလိုက်သည်။ အစွန်းမရောက်သည့် စစ်အရာရှိများက စစ်တပ်ကို ထိန်းချုပ်ကာ၊ အတိုက်အခံများနှင့်လက်တွဲပြီး၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပါက ဖြစ်နိုင်ချေ ရှိသည်ဟု ဆိုသည်။

1 comment:

Anonymous said...

Great...