.

.

.

November 10, 2008

တပ်မတော် (လေ) မှ အမေ ဒေါ်နုနုအေး၏ ရှစ်လေးလုံး နှစ် (၂၀) ပြည့် ရင်တွင်း ခံစားချက်

စာဖတ်သူများခင်ဗျား

၁၉၈၈ အရေးအခင်းကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းတဲ့အခါမှာလည်း အရှုံးမပေး အညံ့ မခံဘဲ နယ်စပ် ရှေ့တန်း စခန်းက ကျောင်းသားတပ်မတော် ABSDF နဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တပ်ကြပ်ကြီး ဒေါ်နုနုအေးနဲ့ ကျွန်တော် ကိုဖိုးတရုတ် တို့ ဆွေးနွေး မေးမြန်းခန်းကို ပြန်လည် တင်ဆက်လိုက်ပါတယ်။ အမေ ဒေါ်နုနုအေးဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ မှာ အစာငတ်ခံ ဆန္ဒပြတဲ့အထိ မြန်မာ့ ဒီမိုကရေစီ အရေးကို တောင်းဆိုခဲ့တဲ့အပြင် အသက် အရွယ်ကြီးရင့်နေတာတောင် ခရီးရှည် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲမှာလည်း ပါဝင်ဆင်နွှဲခဲ့တဲ့ အာဂ အမျိုးသမီးကြီး တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်ရဲ့  မေးမြန်းချက်တွေကို ကျန်းမာရေး မကောင်းခဲ့တဲ့ ကြားက အီးမေးလ်နဲ့ စိတ်ရှည် လက်ရှည် ပြန်လည်ဖြေကြားပေးခဲ့သော အမေ ဒေါ်နုနုအေးအား အထူးကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်တွင် မှတ်တမ်း တင်ဂုဏ်ပြုအပ်ပါတယ်။ အမေ ဘ၀တပါးသို့ ကူးပြောင်းသွားတဲ့အပေါ် ကျွန်တော်မှ အလွန် ၀မ်းနည်း စိတ်မကောင်းခြင်း များစွာ ဖြစ်ရတာကြောင့် ဒီ မေးဖြေ ကဏ္ဍနဲ့ အမေ့ကို ဂုဏ်ပြု တင်ဆက်လိုက်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ အမေတို့ တပ်မှာ နေခဲ့စဉ်က အုပ်ချုပ်သူ အရာရှိနဲ့ အရာခံ အကြပ် တပ်သားအချင်းချင်းတို့ရဲ့  ဆက်ဆံရေးကို ပြောပြပေးပါခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ တပ်မတော် (လေ) အနေနဲ့ ကတော့ အထက်အောက် ဆက်ဆံရေးက ပြေလည်ပါတယ်။ အမေတို့ လူထုနဲ့ ပူးပေါင်းသွားပြီး နောက်ပိုင်းတော့ ဖမ်းမယ်၊ ဆီးမယ် ဆိုတာ မျိုးတော့ ဖြစ်လာတာပေါ့။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ ၁၉၈၇ ငွေစက္ကူ သိမ်းတဲ့ ကိစ္စမှာ ကြည်းတပ်အတွင်းမှာတော့ လဲလှယ်မှု အခွင့်အရေး မရခဲ့ဖူးလို့ သိရပါတယ်။ အမေတို့ တပ်မတော် (လေ) အနေနဲ့ရော လဲလှယ်ဖို့ အခွင့်အရေး ရခဲ့ပါသလားခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ ရခဲ့ပါတယ်။ အမေကိုယ်တိုင်လည်း ငွေလဲတဲ့ ဌာနမှာ တာဝန်ကျ ခဲ့ပါတယ်။ ဒါပေမဲ့ တပ်တွင်း စစ်သည်တွေဆိုတာက ကိုယ်ပိုင်ငွေ များများစားစား မရှိဘူး။ တချို့လည်း နီးစပ်ရာ ပြည်သူတွေထံက ငွေတွေကို ယူပြီး လဲပေးခဲ့ကြပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ တပ်တွင်းသက်သာချောင်ချိရေးကို ဘယ်လို ဆောင်ရွက် ပေးသလဲ ခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ ခေတ်တုန်းကတော့ တပ်တွင်း သက်သာချောင်ချိရေးဆိုတာ အပြည့်ရခဲ့တယ်လို့ ပြောရမယ်။ အခုထက်စာရင်တော့ပေါ့။ တပ်က ထုတ်ပေးတဲ့ နို့ဆီကို ရောင်းပြီး ချက်နို့ဆီနဲ့ အစားထိုး သောက်ခဲ့ရတာတော့ ရှိတာပေါ့။ အခုခေတ်မှာတော့ တပ်တွင်း သက်သာချောင်ချိရေးကို လုံးဝ ဖျက်လိုက်ပြီလို့ သိရတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ ၁၉၈၈ အရေးအခင်းကြီး စတင်နေစဉ်က အမေတို့ တပ်မတော် သားတွေရဲ့ စိတ်ပါဝင်စားမှု အနေအထား အတိုင်းအတာကို ပြောပြပေးပါလားခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ ၁၉၈၈ အရေးအခင်းကြီး စတင်တော့ အမေတို့ တပ်မတော် (လေ) အနေနဲ့က စိတ်ပါဝင်စားမှု အပြည့်အ၀ ရှိခဲ့တယ်။ တပ်မ (၂၂) တို့၊ ကပစ၊ လုံထိန်း၊ တပ်မတော် (ရေ) တို့ကလည်း တော်တော်များများ စိတ်ပါဝင်စားကြပြီး လူထု လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဆိုတော့ အခြေအနေ ကြည့်ပြီး ထွက်ကြရတာပေါ့။ အဓိက ကတော့ ခေါင်းဆောင်မှု တစ်ရပ် အမှန် တကယ် လိုအပ်ခဲ့ပါတယ်။ လပထ၊ ကက(လေ) အမေတို့ တတွေပေါ့လေ အပြီးထွက်ပြီး အမာခံအဖြစ် ရပ်ခဲ့ ကြပါတယ်။ လူထု ကျောင်းသားတွေနဲ့ လုံးဝ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ တပ်မတော်သားတွေ အနေနဲ့ လူထု ကျောင်းသား ရဟန်းရှင်တွေဘက်က ရပ်ပြီး လက်နက်မဲ့ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါ တာဝန်ထမ်းဆောင် ဆဲနဲ့ လုပ်ခဲ့တာပါ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ စစ်အာဏာရှင်တွေက အမေတို့ကို ပြင်ပနဲ့ ဆက်သွယ်လို့ မရအောင် ဘယ်လို ဖိနှိပ်ချုပ်ချယ်ထားသလဲခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အဲဒီအချိန်က အခြေအနေဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှု ယန္တယားဟာလည်း ပျက်နေတယ်လို့ ပြောလို့ရပါတယ်။ ဖယ်ရီတွေဆိုတာက လပထ တစီးဘဲ ရှိပါတယ်။ အဲဒီတော့ အပြင်ထွက်ချင်ထွက်၊ ရုံးမတက်ချင် မတက်၊ အိမ်မပြန်တဲ့သူ မပြန် ဖြစ်နေကြပါတယ်။ ဘယ်သူမှ စစ်ဆေးမဲ့သူ၊ တားဆီးမဲ့သူ မရှိခဲ့ပါဘူး။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုရင်ခွင်သို့ မခိုလှုံခင် အမေတို့ အနေနဲ့ ဘယ်လို အစီအစဉ် တွေ ဖြစ်စဉ်တွေ ရှိခဲ့ပါသလဲခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ကတော့ အရေးအခင်း စစချင်းဘဲ လူထုထံ ခိုလှုံဖို့ အမြဲကြိုးစားနေခဲ့တယ်။ ဒါကြောင့် အပြင်နဲ့ အမြဲအဆက်အသွယ်ရအောင် ယူတယ်။ ကိုယ့်အချင်းချင်းလဲ တိုးတိုးတိတ်တိတ် ဆက်သွယ်ခဲ့တယ်။ ဘာလုပ်ကြမယ်ဆိုတာတွေလည်း အစီအစဉ်ရှိတယ်။ အပြင်ရောက်ပြီး တော့လဲ ကျောင်းသားတွေနဲ့အတူ ကျောင်းသားအလံကို ကိုင်ဆောင်ပြီး ခရီးရှည် ချီတက်လမ်းလျှောက်ခဲ့ကြ တာဖြစ်တယ်။ ပြည်သူလူထုရဲ့ အားပေးမှုတွေ၊ နွေးထွေးစွာ ကြိုဆိုမှုတွေလည်း ရရှိခဲ့လို့ ပိုမိုအားတက် ခဲ့ပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုရင်ခွင်ထဲကို ရောက်ရှိခဲ့ရင် စစ်အာဏာရှင်တွေက သေဒဏ် ပေးမှာကို မကြောက်ဖူးလား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ စစ်ဖက်ဥပဒေအရ သေဒဏ်ပေးနိုင်တယ်ဆိုတာ အမေ့ရဲ့  စစ်သက် (၂၉) နှစ် အတွေ့အကြုံနဲ့ သိခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝမကြောက်ခဲ့ဖူး။ တပ်မတော်အရေးနဲ့ ပြည်သူ့အရေး ယှဉ်လာရင် ပြည်သူ့အရေးကို ဦးစားပေးရမယ်ဆိုတဲ့ ရေး (၃)ပါးနဲ့ လူထုဘက်က ရပ်ခဲ့တာပါ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုကို သွားပေါင်းရင် လူထုက အမေတို့ကို ထောက်လှမ်းရေး လို့ မထင်ကြဘူးလား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ မထင်ခဲ့ကြပါဘူး။ အားရ၀မ်းသာနဲ့ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုခဲ့ကြ တာပါ။ သိန်းနဲ့ချီတဲ့ လူထုတွေဟာ အမေတို့ တပ်မတော်သားတွေကို ပန်းကုံးစွပ်တဲ့သူ၊ သပြေပန်း ကမ်းတဲ့သူ၊ ၀မ်းသာလို့ မျက်ရည်ကျတဲ့သူတွေနဲ့ ကြိုဆိုမှု အပြည့်ပါဘဲ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုနဲ့ ပူးပေါင်းပြီးတော့ ဒီမိုကရေစီ အရေးအတွက် ဘယ်လို လှုပ်ရှားခဲ့ပါသလဲခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အာဏာသိမ်းပြီးတဲ့ နောက်မှာ အမေတို့ တပ်မတော်သား တချို့ဟာ ကျောင်းသားများနဲ့အတူ ၁၉၈၈ စက်တင်ဘာလ ၂၉ ရက်နေ့မှာ မပြီးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ မာနယ်ပလောကို ခက်ခက်ခဲခဲ ထွက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကျရာ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင် စနစ်ကို တိုက်ပွဲဝင် သွားမယ်လို့ သန္ဓိဌာန် ချထားပါတယ်။ အမေတို့ မျက်စိရှေ့မှာ၊ အမေတို့ လက်ထဲမှာ ကျဆုံးသွားခဲ့ရတဲ့ နုနယ် ဖြူစင်တဲ့ ကျောင်းသူကျောင်းသားတွေ၊ ရဲဘော်ရဲဘက်တွေရဲ့  ၀ိညာဉ်တွေဟာ အမေတို့နားမှာ ဝေ့၀ဲနေတယ်လို့ ခုတိုင် ခံစားနေရပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ နယ်စပ်ကို ရောက်တာနဲ့ တပ်မတော်သားများရဲ့  ခံယူချက်နဲ့ လှုပ်ရှားမှုတွေကို ပြောပြပေးပါဦးခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ တပ်မတော်သားတွေဟာ ကိုယ်နဲ့ ပတ်သက်တဲ့ တာဝန်တွေကို အပြည့်အ၀ လုပ်ဆောင်ပေးပါတယ်။ ကျောင်းသားတပ်မတော်ကို စစ်သင်တန်း ပေးတာတွေ လည်း လုပ်ပေးခဲ့ပါတယ်။ ခံယူချက်အနေနဲ့ကလည်း ဒီမိုကရေစီ ရရှိရေးဘဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေကို မိမိတို့ တတ်ကျွမ်းခဲ့တာတွေနဲ့ သင်တန်းပေးခဲ့ကြတာပါ။ နယ်စပ်ကို ရောက်လာတဲ့ တပ်မတော်သားများ အနေနဲ့ စစ်အာဏာရှင်တွေကို တိုက်ဖျက်ရာမှာ ထိရောက်မဲ့၊ အကျိုးရှိမဲ့ အလုပ်မှန်သမျှကို ကျရာတာဝန်၊ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေကြပါတယ်ဆိုတာ ပြောပြချင်ပါတယ်။

No comments: