.

.

.

September 2, 2008

တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူ ညီတူ တသားတည်းရှိစေလိုသူ

စာဖတ်ပရိသတ်များခင်ဗျား

ထိပ်ပိုင်း စစ်အာဏာရှင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပြည်သူလူထု ထောက်ခံမှုနဲ့ ပတ်သက်ပြီး မလိုမုန်းထား သိမ်ဖျင်းတဲ့ စိတ်ဓာတ်ထားပြီး နေအိမ်အကျယ်ချုပ် နှစ်ရှည်ချနေပေမဲ့ တပ်မတော်သားတွေ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ မြင့်မြတ်ဖြူစင် လှပါတယ်။ ပြည်သူနှင့်တပ်မတော် ချစ်ကြည်ဖြူ ကြပြီး နိုင်ငံရေး တည်ငြိမ်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးထိပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်အမွေ ခံယူထိုက်ပုံကို လေးစားဂုဏ်ပြုရင်း ယနေ့ တပ်မတော်သားတွေ အနေနဲ့ တပ်မတော်ရဲ့  ဖခင် အစစ်အမှန်ကို သိရှိနားလည်စေလိုတဲ့ ဆန္ဒနဲ့ ဒီပန်ကြားချက်ကို ကျွန်တော် ကိုဖိုးတရုတ်က ရေးသားတင်ဆက် လိုက်ရပါတယ်။


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်



တပ်မတော်သားဟောင်းများရဲ့  ထုတ်ပြန်ကြေညာချက်

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကို ဂုဏ်ပြုကြိုဆိုရင်း အရေးကြီးတဲ့ စက်တင်ဘာလရဲ့ နေ့ရက်တွေမှာ သားသုံးသား ပူးပေါင်းကြဖို့ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) အဖွဲ့က တပ်လှန့်ထုတ်ပြန် လိုက်တဲ့ ကြေညာချက်ကို ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ ပြောကြားလိုပါတယ်။

No comments: