.

.

.

September 23, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၃)

ပြည်တွင်းမှ အထူးသတင်းများ - အပိုင်း(၃)

စာဖတ်သူများရဲ့ တောင်းဆိုချက်အရ ပြည်တွင်းက စစ်ဖက်နဲ့ နီးစပ်သူများက ဒီအပိုင်းမှာ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးအကြောင်းကို ရေးသားပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်က ကျေးဇူးတင်စွာနဲ့ စာဖတ်သူများ လေ့လာနိုင်ဖို့ ဆက်လက်တင်ပြထားပါတယ်။

န၀တရဲ့  အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးဟာ ဗိုလ်သင်တန်းကျောင်းဆင်း အပတ်စဉ်(၂၂) ကဖြစ်ပါတယ်။ သူဟာမဆလခေတ်ကတည်းက ခမရ (၁၀၆) တပ်ရင်းမှူး၊ တပ်မ(၅၅) ဗျူဟာမှူး၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး (စစ်ဆင်ရေး) ထိ အဆင့်ဆင့် ရာထူးကို ရယူခဲ့တာမို့ ယခင်တိုင်းမှူး တပ်မမှူးအတော်များများက ဆရာတစ်ဆူလို သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ န၀တ တက်လာခါစမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးရယူကာ အတွင်းရေးမှူး (၁) ဖြစ်နေတဲ့ ဗိုလ်ခင်ညွန့် နှင့် အပြိုင်ဖြစ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ န၀တ လုပ်ငန်းစဉ်တလျောက် မကြာခဏ လုပ်ငန်းသဘော ပြဿနာများ ဆက်တိုက် ဖြစ်ခဲ့ရပြီး ၂၀၀၀ ခုနှစ်မှာတော့ ပဋိပက္ခ ပြင်းထန်ခဲ့ရပါတယ်။ ကက (ကြည်း) လေးလပါတ် အစည်းအဝေးတစ်ခုမှာ ဗိုလ်ခင်ညွှန့်နှင့် ဗိုလ်တင်ဦး စကားများခဲ့ရာ အစည်းအဝေးပြီးဆုံးချိန်တွင် တပ်ထုံးစံအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အစည်းအဝေးခန်းထဲက ထွက်ခွာပြီးမှ ကျန်သူများ ထွက်ခွာရတဲ့ ထုံးစံရှိရာ အဲဒီနေ့မှာတော့ ဗိုလ်တင်ဦးက အလေးပြုပြီး ခပ်မာမာ အရင် ထွက်သွားခဲ့ပါတယ်။

ဒါကိုသိတော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးက စစ်ရုံးဆင်ဝင်အောက် ကားအထိ လိုက်လံပြီး ဖြန်ဖြေချိန်မှာတော့ ဗိုလ်တင်ဦးက သူဟာ စစ်သားစစ်စစ် ဖြစ်ကြောင်း သူ့ပခုံးက အပွင့်တွေကို “ညှစ်” လိုက်ရင် ချွေးနဲ့သွေးတွေ ထွက်လာရစေမယ်လို့ မကျေမနပ် ပြောဆိုကာ အလေးပြု ထွက်ခွာသွားခဲ့ပါတယ်။ ဒီကြားထဲ ဦးနေ၀င်းရဲ့  မြေးတွေ ကိစ္စနဲ့ စပ်လျဉ်းပြီး အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးက အစည်းအဝေးမှာ ပြစ်တင်ဝေဖန်ခဲ့တာမို့ န၀တအတွင်းမှာ အချင်းချင်း မကျေနပ်မှုများ အုပ်စုအတွင်း ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးဟာ မော်လမြိုင်-ဖားအံ ခရီးစဉ်မှာ ရတခတိုင်းမှူး ဗိုလ်ချုပ်စစ်မောင်က ရဟတ်ယာဉ် ပိုင်းလော့ (Pilot) အနေနဲ့ ရဟတ်ယာဉ် မကောင်းကြောင်း သတင်းပို့ထားလို့ ယာဉ်တန်းနဲ့ ဖားအံကို သွားဖို့ စီစဉ်ထားကြောင်း တင်ပြခဲ့ပေမဲ့ ဗိုလ်တင်ဦးက ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းမောင် ရန်ကုန်မှာ အစည်းအဝေးရှိသေးလို့ မမှီမှာ စိုးရိမ်လို့ ဖားအံကို ရဟတ်ယာဉ်ဖြင့်သာသွားဖို့ ဇွတ်မောင်းခိုင်းခဲ့ရာမှ ပျက်ကျ သေဆုံးခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး အတွင်းရေးမှူး(၂) စီးတဲ့ MI (17) ရဟတ်ယာဉ်ဟာ ရုရှားလုပ် ခေတ်မှီရဟတ်ယာဉ်ဖြစ်ပြီး ရုရှားပါရဂူများ မြန်မာပြည်သို့ ဆင်းလာကာ သူတို့ရဟတ်ယာဉ် ဒီလောက်ထိ အဆင့်အတန်း မနိမ့်ကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ရဟတ်ယာဉ် Pilot အနေနဲ့ မြူနှင်းများ အုပ်ဆိုင်းနေတာကို စိုးရိမ်လွန်ပြီး သံလွင်မြစ်ကြောင်းကို ဆင်းလိုက်ခါမှ ဖားအံ တံတားကြီးကို ဘွားကနဲ မြင်လိုက်တဲ့ အချိန်မှာ အရှိန်ယူပြီး အမြင့်သို့ ဆွဲတင်လိုက်တဲ့ အတွက် ရဟတ်ယာဉ် အမြီးနဲ့ ရေစီးသန်သော လှိုင်းနဲ့ ပုတ်မိကာ ပျက်ကျသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သေဆုံးသွားသူ ရဟတ်ယာဉ်မှူး ကိုသာ အပြစ်ပုံချကြကာ အမှန်တကယ် လုပ်ကြံမှု ရှိ မရှိလည်း သေဆုံးသူ Pilot သာလျှင် အသိဆုံး ဖြစ်နေပါတယ်။

No comments: