.

.

.

October 7, 2008

ဒုတိယ ရေကြည်အိုင် - အပိုင်း(၁)

ဖက်ဆစ်ဝါဒ နအဖ - အပိုင်း(၁)

ဆောင်းပါးရှင် - L.t Comet

တပ်မတော်အရာရှိ တစ်ဦးက L.t Comet ဆိုတဲ့ကလောင် နံမည်နဲ့ ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်းအရာတွေကို ပေးပို့လာပါတယ်။ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရူး နအဖတွေ ရဲ့  လုပ်ရပ်တွေကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ အခုလို ပေးပို့လာတဲ့ L.t Comet ကိုလည်း ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

နိုင်ငံရေး လှုပ်ရှားနေသူတွေ အားလုံးကို သိစေချင်တဲ့ စေတနာ နဲ့ ဒီစာကို ရေးလိုက်တာပါ။ ပြီးတော့ နအဖရဲ့ လုပ်ကွက်တွေကိုလည်း နိုင်ငံရေး လှုပ်ရှားနေကြတဲ့ မျိုးချစ်တွေအနေနဲ့ မသိသေးတဲ့ အရာတစ်ခုကို သိဖို့အတွက် စေတနာနဲ့ရေးသားလိုက်တာလည်းဖြစ်ပါတယ်။

နအဖတွေဟာ နိုင်ငံရေးလှုပ်ရှားသူ အဓိက ခေါင်းပိုင်းတွေကို မိပြီဆိုရင် အင်းစိန်မှာ ရှိတဲ့ ဘုရင့်နောင် စစ်ကြောရေးကို အရင်ပို့ပါတယ်။ ဘုရင့်နောင် စစ်ကြောရေးကိုရောက်တာနဲ့ အဲဒီလူကို ဘေးပတ်ပတ်လည် မှာ မှန်တွေဘဲရှိတဲ့ အခန်းထဲကို အရင်ထည့်ထားပါတယ်။ အခန်းထဲမှာ စားပွဲ ၁ လုံးနဲ့ ကုလားထိုင် ၂ လုံး ရှိပါတယ်။ ပြီးရင် စစ်မေးမဲ့သူက တစ်ယောက်ဝင်လာပါတယ်။ စစ်မေးမဲ့သူရဲ့ အရှေ့မှာ နိုင်ငံရေးလှုပ်ရှားသူက ထိုင်ရပါတယ်။ သူတို့တွေ မေးမြန်းနေတာတွေကို ဘေးပတ်လည် မှန်တွေနဲ့ ကာထားတဲ့ အခန်းထဲကနေပြီးတော့ အနိမ့်ဆုံး ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အရာရှိကြီးတစ်ဦးက ကြည့်နေပါတယ်။ အဲ့ဒီ ဒုမှူးကြီး အဆင့်ကို ဘာလို့ ကြည့်ခိုင်းတာလည်းဆိုတော့ နအဖ စစ်တပ်ရဲ့ ထုံးစံအရ ဒုမှူးကြီး အဆင့်ရှိ သူတွေအားလုံးကို VIP လို့ခေါ်ဆိုကြပြီး သူတို့တွေဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သင်တန်းတွေကိုပါ တက်ရောက်ပြီးတဲ့ အတွက် သူတို့တွေကို ကြီးကြပ်ကွပ်ကဲခိုင်းတာဖြစ်ပါတယ်။

ဒုမှူးကြီး ဦးစီးတယ်ဆိုပေမဲ့ နိုင်ငံရေးသမားများကို တွေ့တိုင်း ဒုမှူးကြီးအား ကွပ်ကဲခိုင်းတာ မဟုတ်ဘဲ နအဖ အစိုးရရဲ့ စနစ်တကျ ရွေးချယ်ထားတဲ့အရေးကြီးမယ်ထင်တဲ့ သူတွေကို စစ်မေးတဲ့ အခါမှာသာ ကြီးကြပ်ကွပ်ကဲခိုင်းတာဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားသူကို စစ်တဲ့ နေရာမှာ စစ်တဲ့ အရာရှိတွေဟာ လုံးဝကို သွေးအေးတဲ့ လူတွေကိုဘဲ စစ်မေးခိုင်းပါတယ်။ စစ်မေးသူ အရာရှိဟာ ဘယ်တော့မှ ဒေါသလည်း မထွက်ပါဘူး။ ဒေါသမထွက်ဖို့ကို လည်းပြောထားပြီးသားပါ။ ပြီးတော့ ဒုမှူးကြီးလည်း ရှိနေတာ့ ဒေါသ မထွက်အောင် ထိန်းချုပ်ထားရတာပေါ့။ နိုင်ငံရေးလှုပ်ရှားသူကို စစ်မေးသူ အရာရှိက ဒေါသလုံးဝ မထွက်ဘဲ အေးအေးဆေးဆေးနဲ့ နအဖတို့ သိချင်တဲ့ အချက်အလက်များကို မေးပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာလည်း ဘယ်တော့မှ မပြောပါဘူး။ စစ်မေးသူအရာရှိက သွေးအေးအေးနဲ့ ခင်ဗျားသေမှာ မကြောက်ဘူးလားလို့ မေးလိုက်ရင် နိုင်ငံရေးလှုပ်ရှားသူကလည်း မကြောက်ကြောင်းပြန်ပြောပါတယ်... စစ်မေးသူ အရာရှိက သုံးကြိမ်မေးပါတယ်။

ပြီးမှ ခင်ဗျားသေမှာ တကယ်မကြောက်ရင် ခင်ဗျားကို ကျွန်တော် ပြောပြမယ်။ ခင်ဗျား နောက်ကိုလှည့်ပြီးရင် ခြေလှမ်း ၁၅ လှမ်းလျှောက်လိုက်ပါ... အဲ့ဒီမှာ ချောက်ကြီး တစ်ခုရှိတယ်.... အဲဒီချောက်ထဲကို ကျသွားရင် ခင်ဗျားသေပြီဆိုပြီး ပြောပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို လမ်းလျှောက်ခိုင်းပါတယ်။ တကယ်ဘဲ ခြေလှမ်း ၁၅ လှမ်းပြည့်တော့ ချောက်တစ်ခုကို ကျသွားပါတယ်... ပေ၅၀ လောက်တော့ မြင့်မှာပါ... ဒါပေမဲ့ အောက်မှာက အပျော့စားလေး ( ဖော့လို ) တစ်ခုခုနဲ့ အောက်မှာ ခင်းထားပါတယ်... ဒီနည်းဟာ လူတစ်ယောက်ကို စိတ်ဓာတ် စစ်ဆင်ရေးနည်း တစ်မျိုးပါဘဲ...ဘယ်လို စိတ်ဓါတ်စစ်ဆင်ရေးလဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ကြောက်စိတ်သွင်းလိုက်တဲ့ သဘောမျိုးကိုဆောင်ပါတယ်။ အဲ့ဒီလို သဘောမျိုးကို အခြေခံထားတဲ့ စိတ်ဓါတ် စစ်ဆင်ရေးပါ။ နိုင်ငံရေးလှုပ်ရှားသူက အဲဒီလို ပေ (၅၀) မြင့်တဲ့ ချောက်ထဲ ကျပြီး အောက်ရောက်သွားပြီးရင် အပေါ်ကို ပြန်ခေါ်လိုက်ပြန်ပါတယ်။ တချို့  ရောဂါအခံ ရှိတဲ့ လူ ကတော့ အဲဒီလို လုပ်တာ ခံရပြီး နှလုံးသွေး ရပ်ကာ သေဆုံးသွားရတာမျိုးလည်း ရှိပါတယ်။

နောက်နေ့မှာတော့  ဖက်ဆစ်ထက်ဆိုးတဲ့ နအဖရဲ့  စစ်ကြောရေးနည်းလမ်းတွေကို တင်ပြပေးသွားပါမယ်။

No comments: