.

.

.

October 10, 2008

ဘေလာ့ဂ္ဂါ ကိုဖိုးတရုတ် မှ နှုတ်ခွန်းဆက်လွှာ

အားလုံး မင်္ဂလာပါခင်ဗျား။ ဒီကနေ့ ဟာ ကျွန်တော် ကိုဖိုးတရုတ်က မွေးဖွားခဲ့တဲ့ စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ် သက်တမ်း (၅)လပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအချိန် လွန်ခဲ့တဲ့ (၅)လတုန်းကဆိုရင် ကျွန်တော်ဟာ ဒီဘလော့ဂ်ဖြစ်ဖို့ အခက်အခဲ အကြပ်အတည်းကနေ စတင်တည်ထောင် ခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။ ဘလော့ဂ်စတင် တည်ထောင်ပြီးတဲ့ နောက်ပိုင်းမှာ မိတ်ဆွေသူငယ်ချင်းများ လာရောက်လည်ပတ် လေ့လာ အားပေးဖတ်ရှုကြလို့ ကျွန်တော့်အနေနဲ့ ၀မ်းသာအားရပီတိ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော့် ဘာလော့ဂ်ကို အားပေးကူညီ ဆောင်းပါးများ ရေးသား ပေးပို့ခဲ့ကြတဲ့ ဆရာတော် ဦးသြဘာသ၊ ဆရာဂါမဏိ၊ ဗိုလ်မှူးအောင်လင်းထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ အမေ ဒေါ်နုနုအေး၊ ဗိုလ်ထက်မင်း၊ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ကြပ်ကြီး ကပ္ပိယ ဦးတင့်၊ ပြည်တွင်းမှတပ်မတော် အရာရှိဟောင်း စစ်မင်းနိုင်၊ တပ်မတော် အရာရှိ Lt.Comet၊ ခြေလျင်တပ်ရင်း တစ်ခုမှ တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတစ်ဦး၊ ၁၉၈၈ အရေးအခင်းတွင် တာဝန်ထမ်းဆောင် ခဲ့သော တပ်မ(၂၂) မှ ဆရာကံ၊ အမှတ်(၅၀၂) လေတပ်စခန်းမှ ဆရာဘုန်းမြင့်၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် တပ်ရင်းတစ်ရင်းမှ ဆေးတပ်ကြပ်ကြီးတစ်ဦး တို့နဲ့တကွ ပြည်တွင်းမှ သတင်းပေးပို့ခဲ့ကြသော လုံခြုံရေးအရ အမည်မဖော်လိုသော စစ်ဖက်ဆိုင်ရာ အသိုင်းအ၀ိုင်းနှင့် အရာရှိများ၊ ထောက်လှမ်းရေးဟောင်းများကို ကျွန်တော် ကိုဖိုးတရုတ်မှ ဘာလော့ဂ်သက်တမ်း (၅) လပြည့် မွေးနေ့တွင် ရည်မှန်းချက်များ အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းလျှက် ဂါရ၀ပြု မေတ္တာပို့သလိုက်ပါတယ်။

ဒီကနေ့ စာဖတ်မိတ်ဆွေ သူငယ်ချင်းတွေကို တင်ပြချင်တာက နအဖရဲ့  ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၁၀ ခုနှစ်ဟာ နီးကပ်လို့ လာပါပြီ။ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ရေလိုက်ငါးလိုက် ဒီအတိုင်းဘဲ ဆက်သွားတော့မှာလား။ ကျွန်တော်ကတော့ တခုခု လုပ်ဖို့၊ ဆုံးဖြတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ National Reconciliation အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာဟာ အပြောလွယ်သလောက် ဖြစ်ဖို့ရာ မလွယ်ပါ။ နိုင်ငံရေး ကစားကွက်ထဲမှာ တဖက်သတ် အနိုင်ယူနေတဲ့ နအဖကို National Reconciliation ဖြစ်ဖို့ တောင်းဆိုနေကြတာဟာ လမင်းကို လိုချင်လို့ ငိုနေတဲ့ ကလေးလို ဖြစ်နေပါတယ်။ အဲဒီလို National Reconciliation ဖြစ်ဖို့က နအဖကို တခုခု ဖိအား၊ တွန်းအားပေးမှ တုန်လှုပ်ချောက်ချားအောင် လုပ်နိုင်မှ သူတို့အနေနဲ့ ဒီလမ်းကြောင်းကို လိုက်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်တွင်းက လူတွေ အနေနဲ့ ဖိအားပေးဖို့ တောင်းဆိုဖို့ ဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို အန္တရာယ်များ တာကြောင့်ရယ်၊ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ မလှုပ်သာအောင် နအဖက ဖမ်းချုပ်ထားတာရယ်ကြောင့် မလုပ်နိုင်တော့လို့ ပြည်တွင်းအားကို ထိုက်သင့်သလောက် မရနိုင်တော့တာ တွေ့ရပါတယ်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို သုံးသပ်ကြည့်မယ်ဆိုရင် အဲဒီလို ကြီးကျယ်တဲ့ တော်လှန်ရေးမျိုးမှာ ပြည်သူလူထုနဲ့ ဘုန်းတော်ကြီးများဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြပေမဲ့ နောက်ဆုံးတော့ လက်နက်အားကိုး အင်အားသုံး ချေမှုန်း နှိပ်ကွပ်တာ ခံလိုက်ရပါတယ်။ ဒါ့အပြင် နအဖက လူထုအားကို သိလို့ လူထုကို နှစ်ပိုင်း ခွဲခြားထားလိုက်ပြီ ဖြစ်ပါတယ်။ သာမန်ပြည်သူလူထု၊ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူလူထုနဲ့ နအဖ အလိုကျ လှုပ်ရှားကြမဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ လက်သပ်မွေးထားတဲ့ လူမိုက်များ ဆိုပြီး စုစုပေါင်း (၃) မျိုး ရှိနေကြပါတယ်။

နိုင်ငံတကာ တွန်းအား၊ ဖိအားကို ကြည့်မယ်ဆိုရင်လည်း နာဂစ်ကိစ္စမှာတောင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ယနေ့အထိ လျှောက်ပြန် သံပေး အဆင့်က မကျော်သေးတာ တွေ့ရပါတယ်။ နအဖဟာ နိုင်ငံတကာဖိအားတွေ တန်ပြန်ဖို့ တရုတ်နဲ့ ရုရှားကို ခါးပိုက်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအား၊ နိုင်ငံတကာဖိအားတွေနဲ့ နအဖကို ပြိုကွဲစေမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ကျွန်တော်မြင်တာက နောက်ထပ် အား တစ်ခု လိုနေပါတယ်။ အဲဒါကတော့ မျိုးချစ်တပ်မတော်သားတွေရဲ့  အား ဖြစ်ပါတယ်။ နောက်တစ်နည်း လက်နက်ကိုင် တော်လှန်ရေးကို စဉ်းစား ကြည့်တော့လည်း အချိန်တွေ သာကုန်သွားတယ်။ တောထဲမှာဘဲ ခေါင်းချသွားခဲ့ရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ များနေတာကို တွေ့ရပြန်တယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ ရွေးစရာ လမ်းမရှိတော့ဘူးလား။ စဉ်းစားကြည့်ရင် ရှိပါသေးတယ်။

လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်လို့ နအဖရဲ့  သတင်းမီဒီယာတွေမှာ ပါနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘာကြောင့် နအဖနဲ့ ပူးပေါင်းသွားရတာလဲ။ တချိန်က တစ်ယောက်ကို တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေပြီးမှ ဘာဖြစ်လို့ နအဖကို ပူးပေါင်းသွားရတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ နအဖအနေနဲ့ “စည်းရုံးရေး ကောင်း” လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမယ်” ဆိုတဲ့ စကားအတိုင်း နအဖက အတုယူ လိုက်နာလို့ဘဲ ဖြစ်ပါတယ်။


"
တချိန်က တစ်ယောက်ကို တစ်ယောက် အပြင်းအထန် တိုက်ခိုက် နေပြီးမှ ဘာဖြစ်လို့ နအဖကို ပူးပေါင်း သွားရ တာလဲ။ အဖြေက ရှင်းရှင်း လေးပါ။ နအဖအနေနဲ့ စည်းရုံးရေး ကောင်း လို့ဘဲ ပြောရမှာ ဖြစ်ပါ တယ်။
"


တချိန်က ရန်ကုန်မြို့ တော် အထိ ခြိမ်းခြောက်နိုင်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့  စစ်ဌာနချုပ် ဖြစ်တဲ့ မာနယ်ပလောဟာ နအဖက ဘယ်လိုမှ တိုက်လို့ မရအောင် ဒီမိုကရေစီ ဘက်တော်သားတွေရဲ့  အားကိုးအားထားရာ တစ်ခုတည်းသော စစ်ဌာနချုပ်ကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နအဖက ရအောင် တိုက်သွားခဲ့ပါတယ်။ DKBA လို့ ခေါ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံးအဖြစ် KNU မှ အင်အားကောင်းသော လက်နက်ကိုင် အင်အားစုများကို စည်းရုံး သိမ်းသွင်း နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး KNU မှ တပ်ရင်းမှူးအဆင့် အရာရှိများမှသည် ဗဟိုကော်မတီဝင်အထိ တပ်မဟာမှူးအဆုံး ဆက်လက် စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပါတယ်။ အရင်က တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်နေပေမဲ့ KNU မှ အရာရှိ တပ်သားတွေဟာ ဘာလို့ DKBA အဖြစ် ခွဲထွက်သွားရတာလဲ။ နအဖက စည်းရုံးရေး ကောင်း လို့ဘဲ ဖြစ်ပါတယ်။

ကျွန်တော် ကိုဖိုးတရုတ်ကို KNU ကနေ DKBA အဖြစ် ခွဲထွက်အောင် လုပ်ဖို့ အမိန့်ရထားတဲ့ စစ်တပ်အရာရှိ တစ်ယောက်က ပြောဆိုရာမှာ “ကိုဖိုးတရုတ်.... ကျွန်တော်တို့က DKBA အရာရှိတွေနဲ့ ထမင်း အတူတူ စားတာပါ။ အိပ်ရင်လည်း အတူတူပါဘဲ။ အပြင်သွားရင်လည်း ကျွန်တော် တစ်ယောက်တည်း မသွားဘူး... သူ့တို့ကို ခေါ်တယ်” လို့ အဲဒီအရာရှိက ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ဘယ်လောက်ထိ တချိန်တခါက ရန်သူတွေ ဖြစ်ခဲ့ပါစေ၊ ပူးပေါင်းသွားခဲ့တဲ့ DKBA ဟာ နအဖအပေါ်မှာ ယုံကြည်ပြီး နအဖပြောတဲ့အတိုင်း KNU မာနယ်ပလော စစ်ဌာနချုပ်ကြီးကို ဘယ်လို တိုက်ရမလဲဆိုတာ လမ်းညွှန်ပြသခဲ့တာ ဖြစ်ပါတယ်။ နအဖကလည်း DKBA ကို အစွမ်းကုန် မြှောက်စားထားတာမို့ နအဖ ဘယ်လိုဘဲ ဆိုးဆိုး နိုင်ငံတကာ အဆင့်အထိ မျက်စိမှိတ် ထောက်ခံပေးနေရပါတယ်။

ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေကို သင်ခန်းစာအဖြစ် အကြီးအကျယ် ပေးပါတယ်။ ဒီနည်းလမ်းအတိုင်း ကျွန်တော်တို့ဟာလည်း စတင် လုပ်ဆောင်ဖို့ လိုပါတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကို လေးစားမြတ်နိုး ကြည်ညိုတယ်ဆိုရင် ဆရာကြီးပြောခဲ့တဲ့ စကားတွေကိုလည်း လေးစား မြတ်နိုး ကြည်ညိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” ရမှာ ဖြစ်ပါတယ်။ ဆောင်းပါးရှင် ကိုရင်ဒေါင်းရေးသားတဲ့ “ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ” ဆိုတဲ့ ဆောင်းပါးကိုလည်း စာဖတ်ပရိသတ်များ ပိုမိုရှင်းလင်း သိရှိစေရန် ဖတ်စေချင်ပါတယ်။ ကျွန်တော့် ဘာလော့ဂ်မှာ နေ့စဉ် ၀င်ရောက်ကြည့်ရှုတဲ့ ရုရှားမှ အရေအတွက်ဟာ တခြား ဘာလော့ဂ်မှာ ကြည့်ရှူတဲ့ ရုရှားမှ ဦးရေထက် ပိုမိုများနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရုရှားက ညီနောင် စစ်ဗိုလ်အရာရှိများကို နည်းနည်းလောက် ပြောချင်ပါတယ်။ တပ်မတော်မှာ “တော်သုံးတော်” ရှိတဲ့အနက် ကိုယ်ဟာ ဘယ်လို အမျိုးအစားထဲမှာ ပါဝင်နေတယ် ဆိုတာရယ်၊ ကိုယ့်အနေနဲ့ ရုရှားကို စစ်ပညာတော်သင် သွားရခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်နဲ့ လူမျိုးအတွက် ဖြစ်ရဲ့ လား ဆိုတာရယ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ မျိုးဆက်သစ် တပ်မတော် အရာရှိတွေအနေနဲ့ လက်တဆုပ်စာ နအဖအတွက် မဖြစ်စေ လိုဘဲ တိုင်းပြည်နဲ့ လူမျိုး အကျိုးကိုသာ ရှေးရှုစေချင်ပါတယ်။ နအဖက တပ်မတော်ဟာ အမျိုးသားရေးကဏ္ဍမှာ ဦးဆောင်ရမယ်ဆိုပေမဲ့ တပ်မတော်ကြောင့် မြန်မာပြည်ဟာ တိုးတက်ဖွံ့ဖြိုးခြင်း မရှိဘဲ ဆင်းရဲမွဲတေနေတာကို အရင်ဆုံး ပြုပြင်ရမယ်ဆိုတာ သိရှိစေလိုပါတယ်။

ယနေ့ စက်မှုခေတ်ဖြစ်နေတဲ့ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ တပ်မတော် အရာရှိတွေ အုပ်ချုပ်နေတဲ့ စက်မှု(၁)နဲ့ စက်မှု(၂) အနေနဲ့ အရှုံးပေါ် နေတဲ့ ဖြစ်စဉ်ကို ကြည့်ရင် စစ်မှန်တဲ့ ဒီမိုကရေစီအရပ်သား အစိုးရလက်ထဲကိုသာ တိုင်းပြည်ကို အပ်နှံပြီး ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲဆို တာဟာလည်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့အတိုင်း ဒီမိုကရေစီနည်းလမ်း မဟုတ်ဘဲ လူထုကို လက်နက်အားကိုးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်အောင် အသက်သွင်းနေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံး ယခင်ကထက် ပိုမိုညီညွတ်စွာနဲ့ ဘုရားသား၊ စစ်သား၊ ကျောင်းသားတွေရဲ့ စည်းလုံးခြင်းဖြင့် အင်အားယူကာ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းကြဖို့ သစ္စာပြုကြပါလို့ အမှတ်တရ ရေးသားတင်ပြလိုက်ရပါတယ်။

“စည်းလုံးခြင်းရဲ့ အင်အား”

3 comments:

Zin+Aye's peaceful square said...

လေးစားခြင်းများဖြင့် မင်္ဂလာပါ။ ကျွန်ူပ်တို့၏ ရှေ့အနာဂတ်များတွင် ကောင်းခြင်းမင်္ဂလာအပေါင်းအား မြန်မာနိုင်ငံသူနိုင်ငံသား အပေါင်းတို့ ရရှိပါစေသောဝ်။ မွန်မြတ်၍ အနစ်နာခံသော စိတ်ရင်းစေတနာအပေါင်းဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။

Canada Myanmar Group said...

နိုင်ငံရေးအားအင်ပြည့် ဝတဲ့ မြန်မာဘလော့ ဂါ တဦး၏
သတင်းများမှသည် တော်လှန်ရေး တွန်းအားများဖြစ်
လာပါစေ ဘာတွေလုပ်သင့် ကြသလဲလက်ရှိအခြေအနေ
မျိုးမှာ ဘယ်နည်းနဲ့ မဆိုတရားပါတယ်..ဘာတွေလုပ်နိုင်
ကြသလဲလို့ ကိုယ်ကိုကိုယ်မေးမိရင်လည်း စိတ်မကောင်း
ပါဘူး..ကျုပ်တို့ ဇတ်မျောပြီလား..
အားပေးလျှက်

ပွကြီး said...

ကိုဖိုးတရုတ်ရဲ့ဘလော့ဂ် ငါးလပြည့်မှာ တိုက်တွန်းပြောကြားချက်တွေဟာ နိုင်ငံရေးအတွက် အင်မတန် တန်ဖိုးရှိလှပါတယ်။ စာထဲမှ ရင်ထဲထိ ပေါက်သွား အောင် အားအင်ရှိလှပါတယ်။
၁၉၈၈မတိုင်ခင် ကိုသူရ(ဇာဂနာ)ရဲ့ ပျက်လုံး(ထောက်ကွက်) များသဖွယ် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ အဲဒီအတွက် ကျနော် ကျေးဇူးတင်ပါတယ်။ (၅)လမှသည် ခေတ်စနစ်များဘယ်လို ပြောင်းပြောင်း ကိုဖိုးတရုတ်၏ဘလော့ဂ်သည် ဤယနေ့ကဲ့သို့ အမြဲထောက်ပြ၊ တည့်မတ်၊ ထိန်းကြောင်း နိုင်ပါစေ။