.

.

.

November 16, 2008

ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့) အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)

ဆောင်းပါးရှင် - Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

စာဖတ်သူများခင်ဗျား

ယနေ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့  လုံခြုံရေးကို ကြောက်ရွံ့ကြတဲ့နေရာမှာ ရန်သူတွေထက် မိမိအချင်းချင်း နောက်ကျော ဓားနဲ့ ထိုးခံရမှာကို ပိုမိုပြီးသေမလောက် ကြောက်နေကြပါတယ်။ တပ်မတော်သားချင်း တူရင်တောင် တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးတို့က စစ်သည်များကို အတွင်းစည်းထိ ကပ်ခွင့်ပေးပေမဲ့ အနီးကပ် ကိုတော့ မရရှိသေးတာမို့ ဗိုလ်သန်းရွှေက ယုံကြည်မှု နည်းနေသေးကြောင်းထင်ရှားနေပါတယ်။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို သနက (၄)ကဲ့သို့အနီးကပ်တပ်မျိုး မထားပေမဲ့ စိတ်ကြိုက် ရွေးချယ် လေ့ကျင့်ထားတဲ့ ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ ထားရှိကြောင်းကို သင်တန်းတွေမှာ ထူးချွန်စွာ ဆင်းလာခဲ့တဲ့ ပင်တိုင် ဆောင်းပါးရှင် တပ်မတော် အရာရှိ Lt.Comet က ကျွန်တော် ကိုဖိုးတရုတ် ထံ ရေးသားပေးပို့လာပါတယ်။ ယခုလို ဆောင်းပါး ပေးပို့လာတဲ့ Lt.Comet အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ဒီဆောင်းပါးကို အခန်းဆက် အထူးကဏ္ဍအနေနဲ့ ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

မြန်မာနိုင်ငံမှာ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေတို့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်သော အကြမ်းဖက် နှိမ်နင်းရေး လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပုံဟာ ဗိုလ်ခင်ညွှန့်ကနေ စရမယ်လို့ ပြောရပါမယ်။ န၀တ စဖွဲ့ခါစမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားလာရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က ဖွဲ့စည်းဖို့ အမိန့်ပေးလာခဲ့ပါတယ်။အဲဒီအခါ ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေး အကူ(၁) မှ ဗိုလ်မှူးသူရ တင့်ရွှေအား ဦးစီးခိုင်းကာ ရဲမွန်တပ်မြို့ မှာ အခြေပြုပြီး ပထမဦးဆုံး အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တပ်ဖွဲ့ဝင်များကို ကျည်ကာ အင်္ကျီများ ၀တ်ဆင်စေပြီး ဆက်သွယ်ရေး အိုင်ကွန်စက်များ၊ လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင်စေကာ အသေခံ ကွန်မန်ဒို တပ်ဖွဲ့များ သဖွယ် လှုပ်ရှားဆောင်ရွက် စေခဲ့ပါတယ်။ ယနေ့အခါမှာ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ အဓိက တာဝန်ကတော့ ဗိုလ်သန်းရွှေရဲ့  အနီးကပ် လုံခြုံရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ခရီးစဉ်များတွင်ပါ လိုက်ပါ ဆောင်ရွက်သွားစေရေးဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့်ရှိစဉ်ကသူ့ရဲ့  အနီးကပ် လုံခြုံရေးကိုလည်း သွယ်ဝိုက် ဆောင်ရွက် စေခဲ့ပါတယ်။အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးမှာ လည်းပါဝင် လေ့ကျင့်စေခဲ့ပါတယ်။ ကျွန်း တစ်ကျွန်းမှာ ပြန်ပေးဆွဲ အနုကြမ်း စီးခံရတဲ့ အရေးကြီး ပုဂ္ဂိုလ်များ ကို ရဟတ်ယာဉ်ဖြင့် ဆိုင်းကြိုးများနဲ့ ဆင်းကာ ကယ်ထုတ်ရတဲ့ နိုင်ငံတကာ အဆင့်မှီ အကြမ်းဖက် ခံရမှု မှ ကယ်တင်ရေး စစ်ဆင်ရေး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဒီတော့ကာ အဲဒီတပ်ဖွဲ့ပါ အရာရှိထဲမှာ ဗိုလ်ခင်ညွှန့်ရဲ့ သား ဗိုလ်မှူးတစ်ဦး အပါအ၀င် ထောက်လှမ်းရေး အများစု ပါရှိ ခဲ့တာမို့ ဗိုလ်သန်းရွှေ သွားတဲ့နေရာ မှန်သမျှ ၊လုပ်ဆောင်မှု မှန်သမျှကိုနောက်ယောင်ခံ လိုက်ပြီးသား ဖြစ်နေတာမို့ ဗိုလ်သန်းရွှေ အနေနဲ့ လက်မခံတော့ဘဲ ပြင်ဆင်ဖွဲ့စည်းခိုင်းပါတော့တယ်။ ဟိုအရင် ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေးအဖွဲ့ကို အသုံးပြုပြီး မိမိရာထူး တည်တန့်ရေးကို လုပ်ဆောင်ခဲ့ပေမဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့် ရဲ့ အကွက်ကို ကြိုမြင်တော့ ဗိုလ်သန်းရွှေက မင်းတို့ လိုချင်တဲ့ အရာတော့ မရဘူး မင်းတို့ မသွားချင်တဲ့ အင်းစိန်တော့ ပို့မယ်ဆိုပြီးတော့ အင်းစိန်ကိုပို့လိုက်ပါတယ်။ ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်သန်းရွှေက စဉ်းစားမိလာပါတယ်။ ငါသာ ဗိုလ်ခင်ညွှန့်လို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားရင် ဘယ်လိုနေမလဲ ဆိုတဲ့ စဉ်းစားချက်နဲ့အတူ အကောင်အထည် ဖော်လာခဲ့ပါတယ်။


အကြမ်းဖက် နှိမ်နင်းရေး သင်တန်းဆိုတာကို တက်ချင်တိုင်းတက်လို့မရပါဘူး။ အကြမ်းဖက် နှိမ်နင်းရေး သင်တန်း တက်ချင်ပါက စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းနှင့် တန်ပြန်ထောက်လှမ်းရေး သင်တန်းများကို တက်ရောက်ပြီးစီးပြီးဖြစ်ရမဲ့အပြင် ထူးချွန်သူ သင်တန်းသားများ ကိုသာ ရွေးချယ်ခေါ်ယူသော သင်တန်းဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို တက်ရောက်ဖို့ မပြောပါနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းကိုပင် တက်ရောက်ဖို့ အတွက် ပိုက်ဆံတွေ အမြောက်အမြား အကုန်ခံပြီး တက်ရောက်ခွင့် ရဖို့ကို လုပ်နေကြသူတွေ အများကြီးဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ခက်ခက်ခဲခဲတက်ရတဲ့သင်တန်းများတွင်လည်း အထူးချွန်ဆုံးဖြစ်မှသာ အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအ၀န်းတွင် တပ်ခွဲမှူးသင်တန်းမှာ အရေးကြီးသော သင်တန်းဟုအများက လက်ခံထားပြီး တပ်ခွဲမှူး သင်တန်း ခေါ်ယူကြောင်း သိရှိရသည်နှင့် အခြားမည်သည့် သင်တန်းကိုမှ တက်ရောက်ခွင့်မရှိဘဲ တပ်ခွဲမှူး သင်တန်း ဖွင့်တဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ တကယ်လို့ အခြားသင်တန်းနဲ့ တိုက်ဆိုင်နေရင် အခြား သင်တန်းများကို ဖျက်ပြီး တပ်ခွဲမှူး သင်တန်းကိုသာ ဦးစားပေး တက်ရောက်ကြရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်ခွဲမှူးသင်တန်းမှာ ကက(ကြည်း) ညွှန်ကြားချက်နဲ့ ခေါ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူး သင်တန်းတက်ရောက်ဖို့အတွက် ဗထူးမြို့သို့ ရောက်ရှိပြီး ဖြစ်ပေမဲ့ အကြမ်းဖက် သင်တန်းမှာ ထပ်မံ အရွေးခံရရင်တော့ အကြမ်းဖက်သင်တန်းကို သွားရောက်တက်ဖို့ ပြန်လည် စေလွှတ်ခြင်းများလည်း ရှိပါတယ်။ ဒါကိုကြည့်ရင် အကြမ်းဖက်သင်တန်းမှာ သင်တန်းအားလုံးထက် အရမ်းကို အရေးကြီးကြောင်း သိရှိနိုင်ပြီး ဦးသန်းရွှေ ကို်ယ်တိုင်ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီ ထူးထူးရှယ် သင်တန်းအကြောင်းကို မနက်ဖန် စောင့်မျှော် ဖတ်ရှူနိုင်ကြပါတယ်ခင်ဗျား။

No comments: