.

.

.

November 25, 2008

မျိုးဆက်သစ်တပ်မှူးများရဲ့ သမိုင်းပေးတာဝန်

သားသုံးသား - အပိုင်း(၂)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

RFA မှာ အသံလွှင့်ခဲ့တဲ့ ဗိုလ်ထက်မင်းရဲ့ ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ်သူများအတွက် အပိုင်း(၂)ကို ဒီကနေ့မှာ ဆက်လက် တင်ပြပေးလိုက်ရပါတယ်။

ဗိုလ်ခင်ညွန့်အနေနဲ့ လမ်းခွဲကို ရောက်နေပြီဖြစ်လို့ တစ်ခုခုကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့အင်အားဟာ ခိုင်မာတောင့်တင်းနေပေမယ့် အာဏာသိမ်း မယ်ဆိုရင် အစာမကြေ ဖြစ်နေတဲ့ တိုင်းမှူး အများစုရှိနေလို့ တိုင်းပြည်မှာ သွေးထွက်သံယို ပြည်တွင်းစစ် မလွဲမသွေဖြစ်မယ်လို့ ယုံကြည်ချိန်ဆ နေဟန် ရှိပါတယ်။ ဆက်ပြီးနေရင်လည်း နိုင်ငံရေးမှာ အောင်မြင်မှုရှိနေတဲ့ မိမိအပေါ် မကျေနပ်တဲ့ ထိပ်ပိုင်း စစ်အာဏာရှင်တွေရဲ့ နှိပ်ကွပ်မှုကို ခံရမှာဖြစ်ပါတယ်။ အဲဒီလို ဘေးကျပ်နံကျပ် ဖြစ်နေစဉ် ထောက်လှမ်းရေး မှူးချုပ်ရုံး အစည်း အဝေးမှာ ဗိုလ်ခင်ညွန့်က လက်အောက်ငယ်သားတွေကို “မင်းတို့အချင်းချင်း မညီညွတ်လို့ ဖြစ် တာ” လို့ပြောမိတဲ့စကားအပေါ် ကောက်ချက်ချပြီး နအဖ အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်ဟာ ဗိုလ်ခင်ညွှန့်ကို အမိန့်မနာခံမှု၊ အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ကာ မန္တလေးကအပြန် ၂ဝဝ၄ ခုနှစ် အောက်တိုဘာ (၁၈) ရက်နေ့တွင် ဖမ်းဆီးပြီး ဆိုင်းငံ့ထောင်ဒဏ် (၄၄) နှစ် ချမှတ် အရေးယူလိုက်ပါ တယ်။ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း ကို စစ်ကားအစီး (၁ဝဝ) ကျော် ကားတန်းရှည်ကြီးနဲ့ စစ်တပ်အလုံးအရင်း ဝင်ရောက်လာကတည်းက စစ်အာဏာရှင်တွေဟာ သွေးထွက်သံယိုထိမျှော်မှန်းပြီး ကြောက်လန့်တကြား ဖြစ်နေကြပါတယ်။ (၈) မိုင် လမ်းဆုံမှာ ရှိတဲ့ ထောက်လှမ်းရေးဌာနချုပ် ရုံးချုပ်ကို တပ်မ (၁၁) မှ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အကြောင်း သိနေတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ရန်အန္တရာယ်ကြောင့် ထိပ်ပိုင်းအာဏာပိုင် နှစ်ဦးရဲ့မိသားစုတွေကို မူလအိမ်တော်ကြီးမှ အမြန်ဆုံး ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ ဖြုတ်၊ ထုတ်၊ ချ စနစ်နဲ့ ကျူပင်ခုတ် ကျူငုတ်ပါမကျန် မျက်မှန်တင်ဦးရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေကို နှိပ်ကွပ်တာထက်တောင် ပိုမိုပြင်းထန်စွာ နှိပ်ကွပ်ခဲ့ပါတယ်။ ပြန်လည်ဖွဲ့စည်းထားတဲ့ စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးကို ထောက် လှမ်းရေး နာမည်ကိုပင် ဆက်သုံးခွင့်မပြုအောင် အငြိုးကြီးခဲ့ပါတယ်။ နယ်ဘက်ရှိ ဌာန ဆိုင်ရာ တွေမှာ သွတ်သွင်းထားတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကိုလည်း အရေးယူ ဖြုတ်၊ ထုတ်၊ ချ ခဲ့ပါတယ်။ ထောက်လှမ်းရေးက ထောက်ခံချက်ပေးခဲ့တဲ့ ဗိုလ်လောင်းတွေကိုပါ မကျန် ဆွေ ခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် ထောက်လှမ်းရေးနဲ့ ပတ်သက်သမျှ အားလုံးကို အရေးယူခဲ့ပါတယ်။

ဗိုလ်ခင်ညွန့်အပေါ် တချို့က ပြုပြင်ပြောင်းလဲရေးသမားလို့ မြင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို “ညီမလေးတစ်ဦးလို ခင်မင်ပါတယ်” လို့ စကားလုံးပစ်သွင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် လမ်းခင်းပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ‘တပ်မတော်သားတွေဟာ ဖေဖေ့ရဲ့ သားသမီးများ ဖြစ်တယ်’ လို့အပြုသဘော တုန့်ပြန်ကြတဲ့အတွက် ပြည်သူလူထုအားလုံးက တခဲနက် ၀မ်းသာအားရ ကြိုဆိုခဲ့ကြပြီး နိုင်ငံတကာကတောင် အံ့သြနေရပါတယ်။ ဗိုလ်ခင်ညွန့်ဟာ အာဆီယံကို စည်းရုံးနိုင်ပြီး အီးယူကဲ့သို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အထိုက်အလျောက် လျော့ပါးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊၊ သို့သော် လည်း သေနတ်ပြောင်းဝမှာ အာဏာရှိတယ်ဆိုတဲ့ မော်စီတုန်းရဲ့ စကားအတိုင်း စစ်အာဏာရှင်နှစ်ဦး ဟာ သေနတ်ပြောင်း ‘ပြောင်းပြန်’ လှည့်မှာစိုးရိမ်လွန်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ဗိုလ်ခင်ညွှန့်ကို နှိပ်ကွပ်ခဲ့ပါတယ်၊၊


ယနေ့ ထိပ်ပိုင်းအာဏာရှင်မှာ နဝတခေတ်က တက်လာသူနှစ်ဦးသာ ကျန်တော့လို့ ‘ဘယ်သူခွဲခွဲ၊ ဒို့မခွဲ အမြဲစည်းရုံးမယ်’ ဆောင်ပုဒ်အစား ‘ဘယ်သူ့ဘယ်သူမှ တပ်ကိုမခွဲ၊ ဒို့ အချင်းချင်းဘဲ ခွဲနေမယ်’ ဆိုတာ သက်သေပြနေပါတယ်။ ‘ဘေးပြောတာကို မယုံနဲ့၊ သွေးပြော တာကိုယုံ’ ဆောင်ပုဒ်ဟာလည်း ပြောင်းပြန် ဖြစ်နေကာ ‘‘ဘေးကမိန်းမတွေ ပြောတာကို ယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက်တွေက အချင်းချင်းသင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေး ပြောနေတာကိုတော့ မယုံဘူး’’ ဖြစ်နေပါတယ်။ ဒါ့အပြင် နအဖဟာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ အစား ‘အမျိုးသားပြန်လည်သတ်ဖြတ်ရေး’ ကို လုပ်ဆောင်နေပါတယ်။

ခြုံငုံသုံးသပ်ရရင် ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ ဟာ လုပ်ပိုင်ခွင့်အာဏာရှိ ပေမယ့် အင်အားကောင်းတဲ့ ကြည်းတပ်ရဲ့ မုန်းတီးပြီး ဖြိုခွဲခံခဲ့ရပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့် ကတော့ လုပ်ပိုင်ခွင့်အာဏာနဲ့ ကြည်းတပ် ရှိပေမယ့် အင်အားကောင်းတဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖြိုခွဲခြင်းခံရပါတယ်၊၊ သို့သော် ဗိုလ်ကြီးအုံးကျော်မြင့်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထိုက်အလျောက် တာဝန်ကျေစွာ လုပ်ခဲ့သူများ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ‘တပ်မတော်ရဲ့သမိုင်းကြောင်းကို ကောင်းမွန်အောင် မျိုးဆက်သစ်တပ်မှူးတွေ လုပ်ဆောင်ဖို့ အမျိုးသားရေးတာဝန်’ ကျန်ရှိနေပါသေးတယ်။ တပ်မတော်သားတွေကို ပြောကြားချင်တာက တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေရဲ့ သေနတ် ပြောင်းဝလှည့်လိမ့်မယ်လို့ မျှော်လင့်မိမှာ မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။ မွေးစားဖခင် မဆလ၊ ပထွေး နဝတနဲ့ လင်ပါသား နအဖတို့ကို ကာကွယ်ပေးနေတဲ့ ပြည်သူမုန်းတဲ့ တပ်မတော် ဖြစ်နေတာကို တမလွန်ဘဝက ဗိုလ်ချုပ်သိသွားခဲ့ရင် မလွဲဧကန် ‘ရင်ထုမနာ’ ဖြစ်နေမှာ အသေအချာ ဖြစ်ပါတယ်။ တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှာမဆို ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုလို ပြည်သူလူထု ရဟန်းသံဃာတွေကို သတ်ဖြတ်ပြီး လူတစ်စုအတွက် ကာကွယ်ပေးနေတဲ့ တပ်မတော် မဖြစ်သင့်ပါ။ သားသုံးသားထဲမှာ သားကြီး ဖြစ်တဲ့ စစ်သားတွေဟာ ညီအကို အချင်းချင်းဖြစ်တဲ့ သားလတ်ဘုရားသားနဲ့ သားထွေး ကျောင်းသားတို့ကို နအဖက ရန်တိုက် ပေးနေကြောင်း သဘောပေါက်ပြီး သားသုံးသား ပူးပေါင်းကာ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရင်း အမိမြန်မာနိုင်ငံကို ကယ်တင်ကြရန် တိုက်တွန်း လိုက်ရပါတယ် ခင်ဗျား။

2 comments:

လွင်အောင်စိုး said...

“သား သုံးသား” ညီညွတ်ဖို့ကိစ္စက တိုင်းပြည် ပြန်လည်ကောင်းမွန်လာဖို့ သိပ်အရေးပါသလို၊ “သား သုံးသား” ညီညွတ်ရေးကို လိုက်လံပိတ်ဆို့ ဖျက်ဆီးနေသူတွေကို ရှာဖွေဖော်ထုတ်ပြီး တနိုင်တပိုင် နှိပ်ကွပ်ဖို့ကလည်း အလားတူ အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ပထမကိစ္စကို လုပ်ဖို့ခက်ခဲနေရင် ဒုတိယကိစ္စကို အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ညီညွတ်ရေးကို ဖျက်ဆီးပိတ်ဆို့နေသူတွေ မရှိရင် ညီညွတ်ရေး တည်ဆောက်တာ ပိုမြန်သွားပါမယ်။

Maung Maung said...

I don't think you should rate Bo Gyi Ohn Kyaw Myint and Khin Nyunt at the same category. Khin Nyunt is just one of them. As a matter of fact, he is the one most responsible for all the anti strike activities including beheadings , lootings etc..in 1988. Remember Bogyi Si Thu ( M. I) who was captured by the people ?