.

.

.

November 17, 2008

ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း (၂)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့) အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၂)

ဆောင်းပါးရှင် - Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

အကြမ်းဖက် အဖွဲ့ဝင်များကို ဗိုလ်သန်းရွှေမှ တိုက်ရိုက် ကွပ်ကဲခြင်းဖြစ်ပြီး ထောက်လှမ်းရေးအဖွဲ့များထက် လုပ်ပိုင်ခွင့်များစွာ ပေးထားပါတယ်။ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များဟာ စစ်ရုံးထဲသို့ သေနတ် ကိုင်ဆောင်ပြီး လွတ်လပ်စွာ သွားလာခွင့်ကို ရရှိထားကြပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကျောင်းသို့ရောက်တာနဲ့ သင်တန်းသားများ အားလုံးရဲ့  ဆံပင်များဟာ စစ်တပ်ထုံးစံ အတိုင်း ရှေ့ ၁ လက်မ နောက်ပြောင် ညှပ်ခြင်းမှ စတင် ရပါတယ်။ ထို့နောက် သင်တန်းဖွင့်တဲ့ ညပိုင်းအိပ်ချိန် ၁ နာရီ ကျော်မှာ သင်တန်းသားများနေတဲ့ ညအိပ်ဆောင်ရဲ့ မျက်နှာကျက်ပေါ်မှ သေနတ် ကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ်လူများ ဆင်းလာပါတော့တယ်။ အဲဒီနောက် “မင်းတို့ သင်တန်းကျောင်းအား ငါတို့အဖွဲ့မှ သိမ်းပိုက်လိုက်တယ်” ဆိုတဲ့ စကားနဲ့အတူ သေနတ်များကို တရစပ် ပစ်ခတ်ပါတော့တယ်။ ပစ်ခတ်တယ် ဆိုရာမှာ မျက်နှာကျက်ပေါ်သို့ ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သင်တန်းသားတို့ရဲ့  လက်များအား မိမိတို့၏ ခေါင်းပေါ်သို့ တင်ထားရန် ပြောပါတယ်။ သင်တန်းသားအချို့မှာ မယုံကြည်သဖြင့် မျက်နှာဖုံးစွပ် လူများရဲ့  ခိုင်းစေချက်များကို မလုပ်သူများလည်း ရှိပါတယ်။ အဲဒီလို မလုပ်သူများရဲ့  မျက်နှာအား ခြေထောက်ဖြင့် ကန်ခြင်းများလည်း ရှိပါတယ်။ ပြောမည်ဆိုလျှင် အပြင်မှာ တကယ့်ကို အနုကြမ်းဝင်စီးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီလို လုပ်ရခြင်းမှာ နအဖတို့ရဲ့  brain wash လုပ်ခြင်း ခေါ် ဦးနှောက် ဆေးကြောမှု တစ်ခုပင် ဖြစ်ပါတယ်။ အဲဒီ သင်တန်းတက်ရောက်တဲ့ သူများရဲ့  အနိမ့်ဆုံး အဆင့်မှာ ဗိုလ်ကြီး ဖြစ်ပါတယ်။ သင်တန်း ကာလမှာ ၄ လ ဖြစ်ပြီး သင်တန်း ကာလအတွင်း အခက်အခဲများစွာ ရှိပါတယ်။ ကီလိုမီတာ ၆၀ နှင့် မောင်းနေသော ဟိုင်းလတ်ကားပေါ်မှ နောက်ကျွမ်းထိုးပြီးတော့ မြေပြင်ပေါ်သို့ ဆင်းသော သင်ခန်းစာများ၊ ကီလိုမီတာ ၈၀ နှင့် မောင်းနေသော ကားပေါ်မှ ခုန်ချရသော သင်ခန်းစာများ၊ ရဟတ်ယာဉ်သည် အနိမ့်ပျံသန်းစဉ် အလွတ်တန်း (ဘာမှမပါဘဲ) ခုန်ချရသော သင်ခန်းစာများ စသဖြင့် သာမန်ထက် ခက်ခဲသော သင်ခန်းစာများကို သင်ကြားကြရပါတယ်။ သင်တန်းသား ၅၀ ခန့် ရွေးချယ်ခေါ်ယူ သင်တန်းပေးပြီးနောက် သင်တန်းကာလ ၄ လ ပြီးဆုံးချိန်မှာတော့ သင်တန်းကို အောင်မြင်စွာပြီးဆုံးတဲ့ သင်တန်းသားဦးရေမှာ ၂၀ ပင် မပြည့်တော့ပါ။ အဲဒီလို ခက်ခဲတဲ့ သင်တန်းကို တက်ရောက်ပြီးစီးရင် ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော် တပ်မှူးဘ၀သို့ ရောက်ရှိပါ တော့တယ်။သို့သော်လည်း အဲဒီတပ်ဖွဲ့ဝင်တွေရဲ့  ခံယူချက်နဲ့ သစ္စာရှိမူကို အမြဲမပြတ် စောင့်ကြည့်နေတတ်ပြီး သူတို့ရဲ့  ဟန်ပန်အမူအရာဟာ သံပတ်ပေးထားတဲ့ စက်ရုပ်ပမာ ခက်ထန်မာကြောနေတာလည်း လေ့ကျင့်ထားမူရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  ပါဝင်မှု အခန်းကဏ္ဍဟာ ဗိုလ်သန်းရွှေရဲ့  လုံခြုံရေး ဖြစ်တာနဲ့ အညီ စစ်တပ်ရဲ့  လုံခြုံရေး သတ်မှတ်ချက် စည်း(၃) စည်း ဖြစ်တဲ့ အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း ထက် ပိုပြီး အနီးကပ် ဆောင်ရွက်ရတာမို့ စစ်တပ်မှ ပုန်ကန်မှု ဖြစ်ရင် တောင် အဲဒီ တပ်ဖွဲ့ကို ချေမှုန်းပြီးမှ ဗိုလ်သန်းရွှေကို ကပ်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် သူတို့ကို သူမတူတဲ့ ခံစားခွင့်တွေကို ပေးထားတာမျိုးတွေ့ရပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေရဲ့  တာဝန်ဟာ (၂၄) နာရီ နေ့စဉ် ရက်ဆက် နှစ်နဲ့ ချီပြီး ထမ်းဆောင်ရတာမို့ ထောက်လှမ်းရေး တပ်ဖွဲ့များ ရှိစဉ်ကပင် တပ်ဖွဲ့ဝင် တော်တော်များများဟာ မိသားစု Family Life မရှိတာကြောင့် တပ်ပြောင်း လိုခြင်း၊ ထွက်ခွင့်တင်လိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ အမှန်တကယ်တော့ အကြမ်းဖက်ခံရမှု ဖြစ်စဉ်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းလာတဲ့ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဟာ လက်တွေ့ နယ်ပယ်မှာ ဗိုလ်သန်းရွှေရဲ့  လက်ကိုင်တုတ် အနီးကပ် တပ်သာ ဖြစ်လာပြီး ရန်ကုန်တွင် ရှိတုန်းက တပ်ရဲ့  ဖွဲ့စည်းပုံအရ မူလက တာဝန်ရှိထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနစခန်းရုံး တပ်ဖွဲ့များနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ခမရ(၃၀၃) လို တပ်များကို မယုံကြည်တော့တဲ့ အသွင်သဘောမျိုး ဆောင်နေပြန်တာမို့ ကျန်တပ်မတော်သားများ အနေနဲ့တော့ သူတို့ကို အခွင့်ထူးခံ တပ်ဖွဲ့ အနေနဲ့သာ ရှုမြင်နေကြကြောင်း တင်ပြလိုက်ရပါတယ်။

No comments: