.

.

.

November 28, 2008

ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူအများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲ့ဘူး၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က် အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲကခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်း ခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ “ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ် တယ်ဆိုတာ ကျမ သဘောပေါက်သွားတယ်” လို့ မူစတာဖာက ပြောတယ်။

လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြ ပါတယ်။ စိန်ခေါ်မှုတခုကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေ ရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့ အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ဆော်စာတွေ ရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူးသဖြင့် ဆင်းရဲသားပြည်သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုး လည်း လုပ်ကြပါတယ်။

မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင် နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမတော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါတယ်။ မူစတာဖာကတော့ ကိုင်ရိုမြေ အောက်ရထား ဘူတာရုံ ထဲဝင်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာဟာမိမိရဲ့  လေးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။

ကိုင်ရို တက္ကသိုလ်

ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော် သြတာကို ပျက်ရယ်ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက် မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မ တက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။

မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ် သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာ တွေလုပ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင် တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ် ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမားတဦးကိုလည်း တရားစွဲခဲ့ပါတယ်။

မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော် ငြာဘုတ်အသစ်ကြီး တွေ့မြင်ရပါတယ်။ “လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။” “တွေးခေါ်တတ်သော ပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။” လို့ ရေးထားပါတယ်။

မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါ တယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့် နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည်က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုးရိမ် ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြ တယ်။

အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူ ထားပါတယ်။ အဲဒီမှာ အနက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာ ရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံ တွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အခါ ရဲ တွေက တွန်းထုတ် ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ ဆော်ထားတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။

ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာ ဘာ ဆင်းရဲသားရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ “အင်တာနက် တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး” လို့ သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က်အကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်ကလူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါ မှမကြားဖူးပါဘူး။

ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အား ထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။

မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ် ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။ “ငါ ဘာလုပ်ရမလဲ။”

“အိမ်ဘဲပြန်လိုက်ပါ” လို့ မာဟာက ပြောလိုက်တယ်။ ညနေစောင်းတဲ့ အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်း ခါးသီးစွာနဲ့ သူမ နာမည်ကို ဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နာရီ အနည်းငယ် ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။

နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အ သွားမှာ ရဲတွေဖမ်းတာကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့ လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ ကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက်နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါတယ်။ သူတို့က ဖေ့စ်ဘွတ်က် အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမည်ရင်းတွေ တောင်းတယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။

မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသျှိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါ တယ်။

“ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ” လို့ လုံထိန်း အရာရှိတယောက်က မာဟာကို ပြောလိုက်ပါသတဲ့။

No comments: