.

.

.

November 12, 2008

X-WARRIORS ဆိုသည်မှာ

စာဖတ်ပရိသတ်များခင်ဗျား

ဒီမိုကရေစီ ကို အမှန်တကယ် ချစ်မြတ်နိုးပြီး တပ်မတော်အနေနဲ့ ပြည်သူ့ဘက် ရပ်တည်စေလိုတဲ့ တပ်မတော်သား အစစ်အမှန်များရှိတဲ့အကြောင်းကို တပ်မတော်သား အစစ်အမှန်များ ဆောင်းပါး အမှတ်(၁) နဲ့ အမှတ်(၂) မှာ ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ် ဆိုးယုတ်ပုံကို အနီးကပ် ခံစားသိရှိခဲ့တဲ့ တပ်မတော်သားတွေ ကျွန်တော့်ထံ ဆက်သွယ်လာရာမှာ တချို့ ကို သူတို့ရဲ့  လုံခြုံရေးကို ငဲ့ညှာပြီး နံမည်အရင်းအား ဖော်ပြ ပေးနိုင်ခွင့် မရှိခဲ့သော်လည်း ကျွန်တော်တို့ အနေနဲ့ သူတို့ကို လက်တွဲ ကြိုဆိုရမှာသာ ဖြစ်ပါတယ်။ အခုလို ပြည်တွင်းနဲ့ ပြည်ပ မှာ ရှိတဲ့ တပ်မတော်သားတွေ အနေနဲ့ ကျွန်တော် ကိုဖိုးတရုတ်ထံ ဆက်သွယ်ပြီး အားတတ်သရော အကြံဥာဏ် အကူအညီ များပေးပို့ခြင်း၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်း၊ တက်တက်ကြွကြွ ဖွဲ့စည်း လှုပ်ရှားကြခြင်းတို့အတွက်လည်း ကျွန်တော်မှ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ယခု ကျွန်တော့်ထံ ဆက်သွယ်လာတဲ့ X-WARRIORS ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရဲ့  ထုတ်ပြန်ကြေညာချက်နဲ့ သူတို့ရဲ့  အကြောင်းကို တစွန်းတစ သိရှိစေဖို့ ကျွန်တော့်ထံ ပေးပို့လာတဲ့အတိုင်း ကျွန်တော်မှ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ရပါတယ်။

X-WARRIORS ဆိုသည်မှာ

မပြောင်းလဲသော အကြောင်းတရားဟူ၍ မရှိ ဆိုသော ပြောစမှတ်စကားကို သတိပြုမိချိန်တွင် အပြောင်းအလဲ တစ်ခုက မယုံနိုင်စရာ အကြောင်းတရားတစ်ခုကို ညစ်ထေးနေသော သမိုင်းစာမျက်နှာတွင် စွန်းထင်းပေကျံ စေခဲ့ပြီဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ဖျက်သိမ်းကြောင်း အမိန့်ကြေညာချက်သည် အဖွဲ့စည်းပေါင်းစုံ ၀င်ရောက်မွှေနှောက် လုယက်ခိုးဝှက်ခြင်းခံလိုက်ရသော သိမ်ဖြူလမ်း၊ ၀န်ကြီးများရုံး အတွင်းရှိ၊ အစိုးရအဖွဲ့ရုံး (ယခင် တိုင်းပြုပြည်ပြု လွှတ်တော်နေရာဟောင်း)ဘေးမှ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရုံးကို အရှိန်အ၀ါ ကင်းမဲ့ကာ ဂိုဒေါင်တစ်လုံး အသွင်ဖြင့် သံဝေဂရစရာ မြင်သူတကာ၏ စုပ်သပ်ခြင်း ခံရလောက်အောင် ချိုးနှိမ်လိုသော အာဃာတရှိ မရှိ မည်သူ အတတ်ပြောနိုင်ပါသနည်း။

မဆလ ခေတ်တစ်လျှောက်နှင့် န၀တ၊နအဖ ခေတ်တစ်လျှောက် နိုင်ငံရေး၊ စစ်ရေး ၊ စီးပွားရေးနယ်ပယ် မျက်နှာစာ အသီးသီးမှ အထင်ကရပုဂ္ဂိုလ်များကို အရေခွံချွတ်၊ အစွယ်ချိုး၊ အတောင်ဖြတ်၊ အရောင်ပြောင်း ပေးခဲ့သော အာဏာစက်တို့တည်ခဲ့ရာ အမျိုးသားထောက်လှမ်းရေးအဖွဲ့သည် အဂတိလိုက်စားမှု အကျင့်ပျက်မှု မလျော်သြဇာ ကျင့်သုံးမှုတို့ဖြင့် စုစည်းထားသော ဒုစရိုက်ဂိုဏ်းအဖြစ် အသရေဖျက် ခံလိုက်ရမှု၏ နောက်ကွယ် တွင် လက်ရှိအာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ခေတ်သစ် ကင်ပေတိုင်ရုံး ဖြစ်ခဲ့သည်ကို သတိထားမိသူများ ရှိကောင်း ရှိနိုင်ပေလိမ့်မည်။

မည်သို့ဆိုစေ ....

တပ်မတော်ထောက်လှမ်းရေးဌာနချုပ်နှင့် လက်အောက်ခံ ကြည်း၊ရေ၊လေ ထောက်လှမ်းရေးတပ်များ အကူတပ်များ၊ တပ်မတော် သတင်းစုဆောင်းရေးတပ် အမည်ခံ ဗဟိုထောက်လှမ်းရေးတပ် (ရေကြည်အိုင်) တို့အား မတရား အသင်းသဖွယ် ဖျက်သိမ်းကာ တာဝန်ရှိသူအဆင့်ဆင့်ကို မြေလှန်မျိုးဖြုတ် ရှင်းလင်းသုတ်သင် လိုက်ခြင်းသည် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတစ်သိုက်အတွက် အောင်ပွဲဟု ထင်မြင်ယူဆခဲ့ခြင်းမှာ အဖြေ မထွက်သေးသော အာဏာ အလောင်းအစားပွဲတစ်ခုသာလျှင်ဖြစ်သည်။

နှစ်ရှည်လများ စနစ်တကျ ရွေးချယ်လေ့ကျင့် စုစည်းထားခဲ့သော ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ ၁၉၈၈မှ သည် ၂၀၀၄ ကာလအတွင်း ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံ ရှိသူများအားလုံးကို တစ်ဦးးချင်း၏ အမိန့်နာခံမှု၊ သစ္စာစောင့်သိမှု၊ တာဝန်ကျေပွန်မှုများကို ထောက်ထားညှာတာခြင်းမရှိဘဲ ၀ါးလုံးရှည်ဖြင့် ရမ်းကာ အမြစ်လှန် လိုက်ခြင်းသည် ယခင်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းများ၊ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဝင်ဟောင်းများ၊ အထူး လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ၊ လျှို့ဝှက်အမှုထမ်းများအတွက် စစ်အာဏာရှင်ကြီးများအပေါ် ခံပြင်း နာကျည်းမှု ဖြစ်စရာ မှတစ်ပါး အခြားရွေးစရာလမ်းမရှိတော့ပေ။

ကာလ အတန်ကြာသည်အထိ ၄င်းတို့၏ ခံပြင်းနာကျည်းမှုများကို သိုဝှက် ငုတ်လျှိုးနေခဲ့သော လက်ရွေးစင် အထူးတပ်ဖွဲ့ဝင်ဟောင်းများ စတင်စုစည်းနေပြီ ဖြစ်ကြောင်း သတင်းစကား သဲလွန်စ ပေါ်ထွက်လာမှုသည် စစ်အာဏာရှင်ကြီးများအတွက် စိန်ခေါ်မှု သက်သက်လား၊ အသစ်နှင့်အဟောင်း၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန် အားစမ်းပွဲများ လားဆိုသည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။

(ပဉ္စဂံတိုက်မောင်း)
၁၁-၁၁-၂၀၀၈

No comments: