.

.

.

December 10, 2008

အာဏာရူးတဲ့ ကြံ့ဖွံ့အတွင်းရေးမှူး

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း အကြောင်းကို ဗိုလ်ထက်မင်းက ဆောင်းပါး အဖြစ် ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှာ ထုတ်ဖော် တင်ပြထားတာကို စာဖတ်ပရိသတ်များအတွက် ကျွန်တော် ကိုဖိုးတရုတ်မှ ထပ်ဆင့် ကူးယူ ဖော်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးထဲက ကောက်နှုတ်ချက်တစ်ခုကို တင်ပြရရင် သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ သူရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ် ယူခဲ့ပါတယ်။ ဒီ့အပြင် အခြား အောင်သောင်းရဲ့  လုပ်ဆောင်ချက်များကို ဒီဆောင်းပါးမှာ ထုတ်ဖော် ရေးသား တင်ပြထားပါတယ်။ ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်အား ကျေးဇူးတင်ရှိပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှုကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်းနေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။

စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။

အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှု လုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေ အမျိုးမျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။

“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမအတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။

သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက်လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။

စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့စဉ်ဝါးတွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေပျောက်သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊

အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အတွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေးနိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင် နဲ့ အထည်စက်ရုံမှူးအား အထူးတာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင်သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည် ကို ဖြုတ်ချရာမှာ လည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင်သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်းမကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှုဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင်နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင်ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ်လ်ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများ အား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်းများအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည်ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေတဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည်နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက် ဖော်ပြပေးလိုက်ရပါတယ်။

1 comment:

မာတလိ said...

ဗြောင်တောင်းတဲ့ ......... ဆိုရင်အကုန်သိပါတယ်
သိပ်ပြောလွန်းတော့လဲတစ်ခါတစ်ရံအတင်းဖြစ်သွားတတ်ပါတယ်
ဘာမှလဲလုပ်နိုင်တာမဟုတ်တော့လွှတ်သာထားလိုက်ပါ
တရားတော်အရသေသွားရင်ဘာမှပါမသွားဘူးဆိုတာ
သင်ခန်းစာတွေရှိပါတယ်