.

.

.

December 20, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

ဆောင်းပါးရှင် - တပ်မတော်အရာရှိ တဦး (ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

မြန်မာစစ်တပ် အမှိုက်ရှင်းနည်းကို တပ်မတော် အရာရှိတစ်ဦးက ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှာ ဆောင်းပါး ရေးသားတင်ပြလာပါတယ်။ ယခုလို ကူးယူခွင့်ရတဲ့အတွက်လည်း ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်အား ကျေးဇူးတင် ရှိပါတယ်။

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်း ဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူ စစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေး တိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်း ရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။

ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲ ခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘို ဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ် ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။


ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ

ဆောင်းပါးရှင် - အေးချမ်းမြေ့ (ဧရာဝတီ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)

အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။

မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။



၎င်းမိသားစု ထိုင်နေသောပုံမှာ ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးနေစဉ် (သို့မဟုတ်) မိန့်ခွန်း ပြောကြားနေစဉ် ရိုက်ထားသော ပုံဖြစ်ပြီး အလယ်ခုံရှည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ၏ တဘက် တချက်၌ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မြေးဖြစ်သူ နေရွှေသွေးအောင်တို့ အသီးသီး ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတပ်ရင်း၏ အလေးပြုမှု ခံယူနေပုံပြီးလျှင် ၎င်း မိသားစု ဓာတ်ပုံက အပေါ်ဆုံးတွင်ဖြစ်သည်။ အောက်တွင်မှ စစ်အစိုးရ၏ တတိယခေါင်းဆောင် နေရာတွင် ရှိသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦးတို့၏ ပုံများကို တွေ့ရသည်။

ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီ မောင်အေးကမူ ၎င်းအခမ်းအနားသို့ တက်ရောက် ခြင်းမရှိကြောင်း သတင်းစာက ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ၎င်း၏ မိသားစုကို လူထုရှေ့သို့ ထုတ်ပြခြင်းမှာ ယခုတကြိမ်က ပထမဆုံး မဟုတ်ဘဲ ယခင်နှစ်များကလည်း ဗိုလ်သင်တန်းဆင်းပွဲတိုင်းတွင် ၎င်း၏မိသားစုတို့ အုပ်စုလိုက် တက်ရောက် လေ့ရှိပြီး မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကို ငယ်စဉ်ကတည်းက သွားလေရာ ခေါ်သွားလေ့ရှိ ကြောင်းတွေ့ရသည်။

စစ်အစိုးရ၏ ပွဲလမ်းသဘင်များတွင် ၎င်း၏ မိသားစုဝင်များကို မြင်တွေ့ရသည်မှာ မဆန်းလှသော်လည်း စစ်တပ်၏ အရေးကြီးလှသော ယခုကဲ့သို့ အခမ်းအနား၌ ဇနီး၊ သမီးများနှင့် မြေးကို စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် နေရာချထားသည်မှာ ပဒေသရာဇ်ခေတ် ဘုရင်များ မင်းခမ်းမင်းနား အပြည့်အစုံနှင့် ပွဲတက်သည်ကို မြင်ရသည်နှင့် တူနေသည်။ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော ဗိုလ်ချုပ်ကြီးများကို ယခုကဲ့သို့ မမြင်ရဘူးပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပဒေသရာဇ်စနစ်ကို အားကျသူ၊ ဘုရင်မင်းတြားကြီးကဲ့သို့ ၎င်း၏ လက်အောက် ငယ်သားများက ဆက်ဆံသည်ကို နှစ်သက်သူအဖြစ် သတင်းကြီးသည်။

မြန်မာစစ်တပ်အရေး လေ့လာသူတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဆက်ခံ လိမ့်မည်ဟု ဆိုကြသော်လည်း ယခု စစ်အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်ကို ကြည့်ကာ “ဟုတ်ပါ့မလား” ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။

မြန်မာနိုင်ငံတွင် အုပ်စိုးဗိုလ်ကျခဲ့သော စစ်အာဏာရှင် အဆက်ဆက်ကို ကြည့်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ မိသားစုကို ရှေ့တန်းတင်၍ ထုတ်ဖော် ပြသခဲ့သူတို့ မရှိခဲ့ပေ။ သက်ဆိုးအရှည်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းပင်လျှင် ၎င်း၏မိသားစုကို သတင်းစာမျက်နှာထက် ယခုလောက် ဖော်ပြခြင်း မရှိခဲ့။

“ဗိုလ်ချုပ်မှူးကြီးက သန်းရွှေမင်းဆက်ကို ထူထောင်ဖို့ စဉ်းစားနေတာ” ဟု ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း ပြောသည်။ သခင်ချန်ထွန်းပြောသည့်အတိုင်းကလည်း ဖြစ်နိုင်စရာ ရှိသည်။

သတင်းဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို သူ၏ မြေးဖြစ်သူကပင် ဆက်ခံမည်လားဟု ထင်စရာရှိနေ၏။

စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမရှိတော့လျှင် စစ်တပ်အတွင်း၌ လှိုက်စား နေသော အတွင်းကြိတ်ပြဿနာများ ပေါ်ထွက်လာကာ ဗိုလ်ချုပ်ကြီးများ အချင်းချင်း အပြိုင်အဆိုင် နေရာလုကြရင်း အကွဲအပြဲများ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများထဲတွင်တော့ မင်းတြားကြီးက ပုဂံရွှေမြို့တော်ကြီးကိုလှည့်လည်ကာ ဘုရားများဖူးရင်း အလှူပြုနေသည်ကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့်မြင်တွေ့ရသည်။ ယမန်နှစ်ကလည်း ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီး ယခုခရီးစဉ်အတိုင်းပင် တိုင်းခန်းလှည့်လှည်ခဲ့၏။

မကြာသေးမီကလည်း သတင်းစာများတွင် ဗိုလ်ချုပ်ကြီးမောင်အေး ဂေါက်သီးရိုက်နေပုံကို မျက်နှာဖုံး၌ ပုံကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးက တိုင်းရေးပြည်ရာ ကိစ္စများ၊ ဘာသာရေး အလှူအတန်းကိစ္စများဖြင့် အလုပ်များနေစဉ် ဒုတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးမောင်အေးက အပျော်အပါး ကိစ္စများဖြင့် ရှုပ်နေသည်ကို ဖော်ပြချင်သည်လားမသိ။

ထို့ကြောင့် မင်းတြားကြီးအနေနှင့် ၎င်းနတ်ရွာမစံမီ အရိုက်အရာလွှဲပေးရမည့်သူကို မတွေ့သေးခြင်း ဖြစ်နိုင်သည်။ ရာဇဝင်ထဲမှ ဘုရင် မင်းမြတ်များလို သားတော်၊ မြေးတော်များကို လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိသည်လားတော့ မဆိုနိုင်ပေ။ ၎င်းနှင့် အနီးစပ်ဆုံးသူများပင် ၎င်း၏ စိတ်တွင်း မည်သို့ ကြံစည်နေ သည်ကို မသိရှိရဟု ကြားဖူး၏။

မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ မြန်မာပြည်၌ ခေတ်အဆက်ဆက် ကြုံကြရဖူးသော အတွေ့အကြုံ၊ အဖြစ် အပျက်များကို ထောက်ရှုစဉ်းစားပါက တဗိုလ်ကျလျှင် ၎င်းတဗိုလ်၏ မိသားစုဝင် အသိုင်းအဝန်းအားလုံး အနိစ္စသဘောဖြင့် ကိစ္စချောမြဲ ဖြစ်သည်။

ရာဇပလ္လင်ပေါ်သို့ ပုခုံးထမ်းတင်၍ ရရိုးထုံးစံမရှိပါချေ။

No comments: