.

.

.

December 18, 2008

စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့်

သတင်း - ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်

မြန်မာစစ်အစိုးရသည် စစ်တိုင်းမှူး (၃) ဦးအား ၎င်းတို့နယ်မြေများ၌ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများကို စစ်အစိုးရကိုယ်စား စီမံခန့်ခွဲအုပ်ချုပ်နိုင်ရန်အတွက်ဆိုပြီး နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်းဝန်ကြီးများအဖြစ် ခန့်အပ်လိုက်သည်။

ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်းဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ၀န်ကြီး (၃) ဦးမှာ (မန္တလေး) လပခတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ (ပုသိမ်) နတခတိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် (မုံရွာ) နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ ဖြစ်သည်ဟု နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။

ထိုအမိန့်စာကို နအဖအတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု အမိန့်စာ ဖတ်ရှုရသည့် နေပြည်တော် အရာရှိများက ပြောသည်။

ပုသိမ်အခြေစိုက် လပခ တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကို နိုဝင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ကြီးခန့်အပ်ခြင်းဖြစ်ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေကို နိုဝင်ဘာ (၇) ရက်နှင့် နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးကို နိုဝင်ဘာ (၁၄) ရက်နေ့စွဲအသီးသီးဖြင့် ၀န်ကြီးများ ခန့်အပ်ခဲ့သည်။ ၀န်ကြီးခန့်သည့် အမိန့်စာပါ အဆိုပါ တိုင်းမှူး (၃) ဦး၏ ရာထူးများကို မူလ ဗိုလ်မှူးချုပ်ရာထူးဖြင့် မဟုတ်ဘဲ ဗိုလ်ချုပ်ရာထူးတိုးပြီး ၀န်ကြီးပေးခဲ့ခြင်းဖြစ်သည်။

စစ်တိုင်းမှူးများကို ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများ ခန့်အပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တပ်ထဲမှ ပထုတ်လိုသည့် အရာရှိအချို့ကို အချိုသပ် ဘေးထုတ်လိုက်ခြင်း ဖြစ်နိုင်သလို အရပ်ဘက်အုပ်ချုပ်ရေးကို အဆိုပါစစ်တိုင်းမှူးများနှင့် စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံခြား သတင်းထောက်အချို့က ယူဆသည်။

အဆိုပါ တိုင်းမှူးများအား ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်းကို မည်သည့်အတွက် တိုင်းပြည်သို့ မကြေညာသေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စစ်သား နှစ်ဦး ကရင်နီတပ်သို့ ထွက်ပြေး

သတင်း - မဇ္ဈိမ

ကယားပြည်နယ် ဖရူးဆိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း - ခမရ ၅၃၁ တပ်မှ တပ်သား ၂ ဦးသည် ကရင်နီ လက်နက်ကိုင်တပ် ထိန်းချုပ်ရာ နယ်မြေသို့ ပြီးခဲ့သည့် တပတ်က ရောက်လာသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်နေသည့် မြန်မာနယ်စပ်ရှိ ကရင်နီတပ်မတော် ထိန်းချုပ်ရာ ဒေသအတွင်းသို့ တပ်သား ၀င်းထွန်းနှင့် ၀င်းမိုးတို့ ယခုလ ၁၁ ရက်နေ့က ရောက်ရှိသည်။

စစ်တပ်အတွက် ထိုင်းနယ်မြေအတွင်း ရိက္ခာဝယ်ယူရန် အခြားတပ်သား ၇ ဦးနှင့် လိုက်ပါလာကာ ၂ ရက်အကြာတွင် ထွက်ပြေးလာကြခြင်း ဖြစ်သည်။

တပ်တွင်း၌ အရာရှိအရာခံနှင့် အကြပ်တပ်သားများအကြား ခွဲခြားဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်သဖြင့် ယခုလို ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ - KSWDC မှ သတင်း ပြန်ကြားရေး တာဝန်ခံ ကိုခူးဂေ က မဇ္ဈိမကို ပြောပြသည်။

သူက "သူတို့ ထွက်ပြေးလာတဲ့ အကြောင်းရင်းက သူတို့က ရှေ့တန်းစစ်မြေပြင်မှာ လှုပ်ရှားနေတယ်ဆိုတော့ သူတို့ရဲ့ ဗိုလ်ကြီး မင်းမင်းအောင်ကနေပြီးတော့ သူတို့ရဲ့အပေါ်မှာ ရတဲ့ လစာတွေကိုလည်း ဖြတ်စားတာတွေ ရှိတယ်၊ တပ်လုံခြုံရေးအတွက် ခြံစည်းရိုး ကာခိုင်းတယ်။ အဲဒီလို လုပ်ခိုင်းတာတွေကို မလုပ်နိုင်လို့ ထွက်ပြေးလာတာ ဖြစ်တယ်လို့ ထွက်ပြေးလာသူက ပြောပြတယ်" ဟု ပြောသည်။

ထွက်ပြေးလာသူ ၂ ဦးသည် ကရင်နီတပ်မတော်တွင် ရောက်ရှိနေပြီး နအဖ စစ်တပ်အား ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောဆိုထားကြောင်း သိရသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP အတွင်းရေးမှူး (၂) ခူးဦးရယ်က ''သူတို့ တကယ် နှစ်နှစ်ကာကာ လုပ်မယ်၊ မလုပ်ဘူးဆိုတာ သူတို့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ကျနော်တို့ဘက်က အခြေအနေအပေါ်မှာ မူတည်ပြီး လက်ခံနိုင်တဲ့ အခြေအနေရှိတယ်ဆိုလို့ရှိရင် လက်ခံတာပါပဲ။ လက်မခံနိုင်ဘူး ဆိုရင်လည်း သူတို့ ဆန္ဒအလိုက် နေနိုင်တဲ့နေရာမှာ နေနိုင်ဖို့ပဲ ကျနော်တို့ ကူညီပေးဖို့ တာဝန်ရှိပါတယ်'' ဟု ပြောသည်။

No comments: