စာဖတ်သူများခင်ဗျား
လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ အတွက် လူတိုင်းဟာ ကာကွယ်ဖို့ ရှာဖွေဖို့ လိုအပ်ကြောင်း ဆရာတော် ဦးဇောတိကရဲ့  ထိရောက်လှတဲ့ အတွေးနဲ့အရေးကို ဒီကနေ့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြ ပေးလိုက်ပါတယ်။
သူတစ်ပါးကို အားမကိုးပါနဲ့၊ ကိုယ့်ကိုယ်ကို အားကိုးပါလို့ မြတ်စွာဘုရား မှာတဲ့အတိုင်း လုပ်နိုင်ရင် မငြီးငြူ နိုင်တော့ဘူး။ ငြီးငြူရတဲ့ ဘ၀ကနေ လွတ်ပြီ။ အားငယ်နေရတဲ့ ဘ၀က လွတ်ပြီ။ တကယ် လွတ်လပ်ချင်ရင် အဲဒီအတိုင်းဘဲ လုပ်ရမယ်။ တခြားနည်းမရှိဘူး။ အဲဒါ ဘုန်းကြီးက ဒီ အဆုံးအမကို ကြားရကတည်းက ဒီအတိုင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူတစ်ပါးကို မှီခိုရတာ နည်းနေသမျှ နည်းအောင် လုပ်တယ်။ အထူးသဖြင့် အသိဥာဏ်ပိုင်းမှာ ကိုယ့်ကိုယ်ကိုဘဲ အားကိုးတယ်.. တခြား ဘယ်သူ့ကိုမှ အားမကိုးဘူး။
Do not depend upon others.
သူတစ်ပါးကို အားမကိုးပါနဲ့။
ဒီအဆုံးအမဟာ လွတ်လပ်မှုကို ပီပီပြင်ပြင် ပေးလိုက်တဲ့ အဆုံးအမဘဲ။ အဲဒီ လွတ်လပ်မှုက လူတိုင်းရဲ့  မွေးရာပါ အခွင့်အရေး။ ဒီအခွင့်အရေးကို ဘယ်သူမှ ချုပ်ချယ်ခွင့် မရှိဘူး။ အဲဒီ အရှိကို အရှိအတိုင်း လက်ခံတာ၊ အသိအမှတ်ပြုတာ ဒီလိုလူတိုင်းရဲ့  မွေးရာပါ လွတ်လပ်မှုကို အသိအမှတ်ပြုလို့ ဗုဒ္ဓဘာသာ တရားကို The Religion of Freedom လို့ ခေါ်တာ။ တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် တနည်းဘဲ ရှိတယ်။ ကိုယ့် အားကိုယ်ကိုးရမယ်။ ကိုယ့် အသိဥာဏ်ကို ကိုယ် အားကိုးရတယ်။
“ကိုယ့် လွတ်လပ်မှုကို ကိုယ် ရအောင် လုပ်ရမယ်။”
ဒါမျိုး ပြောတာ မကြားဖူးဘူး။ ဘုရားကလွဲလို့ တခြားလူတွေ ဒီလို မပြောဘူး။ ငါ့ကို အားကိုးပါ၊ ငါ့ကို ယုံကြည်ပါ၊ င့ါကို ကိုးကွယ်ပါ လို့ ပြောကြတယ်။ ကိုယ့် ဘ၀ကို သူတို့ လက်ထဲ ရောက်အောင်ဘဲ ကိုယ့်ကို အယုံသွင်းပြီး ကြိုးကြိုးစားစား လုပ်နေတာ၊ မြတ်စွာဘုရားကတော့ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာ။ အဲဒီလို ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာကို မကြိုက်တဲ့သူ ရှိနိုင်တယ်။ ဘယ်သူတွေလည်း.. ကိုယ့်ကိုယ်ကို ကိုယ် အားမကိုးချင်တဲ့လူတွေ၊ အားငယ်တဲ့သူတွေ၊ အားငယ်တတ်တဲ့သူဟာ ကိုယ့်ဘ၀ကိုယ် သူများ တာဝန်ယူတာကို လိုချင်တယ်။ အားလုံး ဆုံးဖြတ်ပြီး ဘာလုပ်ရမလဲ ဆိုတာ ပြောပေး။ ဒါကြောင့် ဗေဒင် ဆရာတွေ ထမင်းစားနေရတာပေါ့။
တခြားဆရာတွေက တပည့်တွေကို ကိုယ့်အားကိုယ်ကိုးကြ လို့ ဘာဖြစ်လို့ မပြောတာလဲ။ တပည့်တွေ အပေါ်မှာ မှီပြီး ဆရာကြီး လုပ်စားချင်လို့ပေါ့။ မြတ်စွာဘုရားဟာ ဘယ်သူ့ ပေါ်မှာမှ မှီခိုမှု မရှိလို့ ကိုယ့်အား ကိုယ် ကိုးလို့ ပြောပါတယ်။ တနည်းနည်းနဲ့ လူတွေ အပေါ်မှာ မှီခိုတဲ့လူတွေဟာ ကိုယ့်အား ကိုယ်ကိုးကြလို့ မပြောနိုင်ဘူး။ ဆရာတွေ တော်တော်များများဟာ တပည့်မွေးစားကြတယ်။ တပည့်ပေါ်မှာ မှီခိုနေကြတယ်။ ဒါပေမဲ့ အဲဒါကို ဖုံး ထားကြတယ်။ သူမှီခိုနေတာကို မပေါ်အောင် ငါ့ကို အားကိုးကြလို့ ပြောတယ်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေတာနော်။ သူက တပည့်တွေကို အားကိုးနေတာ။ ဒါကြောင့် င့ါကို အားကိုးလို့ ပြောရင် အဓိပ္ပာယ်ကို ပြောင်းပြန် ကောက်လိုက်။ ငါ နင်တို့ကို အားကိုးတယ်လို့ အဓိပ္ပာယ် ကောက်လိုက်။
နောက်တချက်ကတော့ မြတ်စွာဘုရားရဲ့  လွတ်လပ်မှုကို ပီပီပြင်ပြင် ဖေါ်ပြတဲ့ အချက်ပဲ။
“တုမှေဟိ ကိစံ္စ အာတပံ အက္ခာတာရော တထာဂတာ” - တမ္မပဒ
"Things have to be performed by yourselves, the Tathagatas are only showing the way (to emancipation)."
သင်တို့က လုပ်သင့်တာကို လုပ်ရမှာ။ တထာဂတ တို့ဟာ လွတ်မြောက်ရာ လမ်းကိုဘဲ ညွှန်ပြတယ်။ မြတ်စွာဘုရားဟာ လမ်းကို ညွှန်ပြတဲ့ သူဖြစ်တယ်။ ကယ်တင်ရှင် မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်တာကို လိုချင်တဲ့သူ မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲ ကိုးကွယ်နေကြတယ်။ ဒီ ဆင်းတုတော်ကို ဘယ်လို အကျိုးများတယ်၊ ဒီဆင်းတုတော်က တန်ခိုးကြီးတယ်လို့ ပြောနေကြတာဟာ ဘုရားဟောနဲ့ ဘယ်လောက် ဝေးကွာသွားပြီးလဲ။ ဒီဆင်းတုတော်က ဟို ဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ ပြောတာဟာ ဗုဒ္ဓတရားကို ဘာမှ မသိတဲ့ သူတွေရဲ့  အတွေးအခေါ်ပါ။ Idol Worship ရုပ်တု ကိုးကွယ်မှု ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာ တရားဟာ ရုပ်တု ကိုးကွယ်မှုကို အားပေးတဲ့ ဘာသာတရား မဟုတ်ပါဘူး။
ဝက္ကလိမထေရ် အကြောင်း ကြားဖူးသလား။
အကျဉ်းချုပ်ပြောမယ်။ ၀က္ကလိမထေရ်ဟာ ဘုရားကို သိပ် ကြည်ညိုတယ်။ ဖူးလို့ အားမရနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့ နေရာမှာ ထိုင်ပြီးတော့ ဖူး နေတတ်တယ်။ အေးချမ်းတဲ့ သူကို ဖူးရတဲ့သူဟာ အေးချမ်းမှာဘဲနော်။ “သမဏာနဉ္စ ဒဿနံ” ဆိုတဲ့ မင်္ဂလာတရားလည်း ညီပါတယ်။ အကျိုှးရှိပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက ၀က္ကလိမထေရ်ကို မိန့်တော်မူတယ်။
“ကိံတေ ၀က္ကလိ က္ကမိနာ ပူတိကာယေန ဒိဋ္ဌေန။”
“ယော ဓမံ္မ ပဿတိ သော မံ ပဿတိ။” --- ဓမ္မပဒ
What does it bring to you, Vakkali; by looking at this physical body of filth? He who sees the Dhamma sees me.
မြတ်စွာဘုရားဟာ လွတ်လပ်သူ ဖြစ်တယ်။ ၀က္ကလိမထေရ်ကိုလည်း လွတ်လပ်စေချင်တယ်။ ဒါကြောင့် “ဒီ ခန္ဓာကိုယ် အပုပ်ကောင်ကို ဖူးနေတာ ဘာအကျိုး ရှိသလဲ ၀က္ကလိ။ တရားကို မြင်တဲ့သူဟာ ငါ ဘုရားကို မြင်တယ်။ တရားကို မမြင်ရင် ဘုရားကို မမြင်ဘူးလို့ ”မိန့်တော်မူလိုက်တယ်။ တရားကို မြင်ပြီး လွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကို ဖူးနေရုံနဲ့ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ သက်တော်ထင်ရှား ဘုရားကို် ဖူးနေတာတောင် အားမပေးဘူး။ ရုပ်ရည်ကို ဦးစားပေးတာကို အားမပေးဘူးလို့ လည်း ဆိုနိုင်တယ်။ ဒီ ရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကို သိတော်မူတဲ့ ဥာဏ်တော်ကသာ ဘုရားအစစ်၊ ရုပ်ရည်က အဲဒီ ဥာဏ်တော်ရဲ့  နေရာ ဖြစ်တယ်။ အဲဒီတော့ အခုခေတ် ဆင်းတုတော်တွေကို ကိုးကွယ်တာကို ဘုရား ဘယ်လို မိန့်တော်မူမလဲ။ ဆင်းတုတော် ဆိုတာ Symbol ဖြစ်ပါတယ်။ ရည်မှန်းစရာ သင်္ကေတ တစ်ခု... ကိုယ့်မိဘရဲ့  ဓာတ်ပုံဟာ မိဘ အစစ်မဟုတ်ဘူး။ ဒါပေမဲ့ မိဘ ကိုယ်စား ကြည့်စရာ ရည်မှန်းစရာဘဲ။
He who sees the Dhamma sees me.
တရားကို မြင်တဲ့သူမှ ဘုရားကို မြင်တယ်။ အမှန်တရားကို သိပြီး မြင်ပြီး လွတ်လပ်တဲ့အခါမှာ ဘုရားကို ကြည်ညိုတတ်လာတယ်။ ထူးထူးဆန်းဆန်း ပုံတော် ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုရုံနဲ့ ဘုရားကို ကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူး.နော်။
"The Tathagatas are only showing the way."
ဘုရားဟာ လမ်းကို ညွှန်ပြလိုက်တာဘဲ။ ညွှန်ပြတဲ့လက်ကို ကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုး ဘယ်ကို ညွှန်သလဲဆိုတာကို ကြည့်ပြီး အဲဒီ လက်ညှိုး ညွှန်ရာကို ရောက်အောင် သွားရမယ်။
မြတ်စွာ ဘုရားဟာ ချမ်းသာတဲ့ သူတွေ၊ အာဏာရှိတဲ့ သူတွေကို တပည့် ဖြစ်လာအောင် ဦးစားပေးပြီး လုပ်လေ့ မရှိဘူး။ တရားကို သဘောမပေါက်ဘဲနဲ့ တပည့်ခံတာကို အားမပေးဘူးလို့လည်း ဆိုနိုင်တယ်။
ဥပါလိက ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူအဖြစ် အသိအမှတ် ပြုပါလို့ လျှောက်တာကို အလျင်စလို မလုပ်ပါနဲ့။ စဉ်းစဉ်းစားစား လုပ်တာ ကောင်းတယ်လို့ မိန့်တော်မူတာကို သေသေချာချာ စဉ်းစားသင့်တယ်။ တပည့် အရေအတွက်များဖို့၊ ဂုဏ်ရှိဖို့ကို ဦးစားမပေးဘူး။ တရားကိုသာ သိပြီး လွတ်လပ်သွားစေချင်တယ်။ တပည့်မွေးဖို့ ရည်ရွယ်ချက် မရှိဘူး။ သူများ တပည့်ကို ကိုယ့်တပည့်ဖြစ်အောင် လုပ်ဖို့ မရည်ရွယ်ဘူး။ အဲဒါကို ကြည့်ရင်လည်း မြတ်စွာဘုရားဟာ ဘယ်လောက် လွတ်လပ်နေသလဲဆိုတာ တွေ့ရတယ်။ ပြီးတော့ရတနာ သုံးပါးကို ဆည်းကပ်သူ ဖြစ်လာသော်လည်း နိဂဏ္ဍတို့ကို ဆက်ပြီး လှူဖို့ မိန့်တော်မူတာလည်း မြတ်စွာဘုရားရဲ့ ကရုဏာကို ပီပီပြင်ပြင် တွေ့ရတယ်။ နိဂဏ္ဍ တွေမှာ ချို့ တဲ့သွားတာကို မဖြစ်စေချင်ဘူး။ ဒီ ကရုဏာဟာလည်း လွတ်လပ်တဲ့သူရဲ့  ကရုဏာဘဲ။ ပြည့်ဝနေသူရဲ့  ဂရုဏာဘဲ။ မပြည့်ဝတဲ့သူဟာ ကရုဏာ မထားနိုင်ဘူး။
မပြည့်ဝတဲ့ သူဟာ သူ့မှာ ဘယ်လောက် ရှိရှိ လိုသေးတယ်လို့ဘဲ ထင်တယ်။ နည်းသေးတယ်လို့ဘဲ ထင်နေတယ်။ သူများ ရမှာကို မလိုလားဘူး။ အခု ကရုဏာမရှိ တကိုယ်ကောင်းဆန်ဆန် လုပ်နေကြတာဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့။ ချို့ တဲ့နေတဲ့စိတ် ရှိလို့။ ပြည့်စုံတဲ့ စိတ်မရှိလို့၊ လွတ်လပ်တဲ့စိတ် မရှိလို့။ မြတ်စွာဘုရားဟာ ပြည့်ဝနေတယ်။ ပြည့်စုံနေတယ်။ လွတ်လပ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့  ကရုဏာဟာ ပြည့်ဝနေသူ၊ ပြည့်စုံနေသူ၊ လွတ်လပ်နေသူရဲ့  ကရုဏာဖြစ်တယ်။
သတိနဲ့ နေလို့ စိတ်ရှင်သန်လာတဲ့အခါ လူသားရဲ့  မြင့်မြတ်မှုကို သိလာတယ်။ တည်ကြည်မှု အစစ်ကို သိလာတယ်။ ရိုးသားမှု အစစ်ကို သိလာတယ်။ လွတ်လပ်မှု အစစ်ကို သိလာတယ်။ ငါ ဆိုတာ မရှိတော့တဲ့ စင်ကြယ်တဲ့ စိတ်ကို တွေ့တဲ့အခါမှာ ဒီစိတ်ဟာ လမ်းမှန်ကို သွားနေတယ် ဆိုတာ သိလာတယ်။ အမှန်ကို သိတဲ့ စိတ်ကို အားကိုးတယ်။ အရှိကို အရှိတိုင်း သိနေတဲ့ စိတ်ကို အားကိုးတယ်။ လောဘစိတ်ကို အားမကိုးဘူး၊ ဒေါသစိတ်ကို အားမကိုးဘူး။ မာနကို အားမကိုးဘူး။
စိတ်ရဲ့  သဘာဝကို သိတဲ့ ဥာဏ်အလင်းရောင်ကို ရလာတဲ့အခါ လူသား တစ်ဦးအနေနဲ့ ကိုယ့်ဘ၀မှာ ရနိုင်တာတွေ ထဲမှာ အဆင့်အမြင့်ဆုံးဟာ လွတ်လပ်မှု ဆိုတာကို သဘောပေါက်လာတယ်။ စိတ်ကို ချုပ်တည်းထားတဲ့အရာတွေဟာ စိတ်ထဲမှာဘဲ ရှိတယ်ဆိုတာလည်း မြင်လာတယ်။ လွတ်လပ်တဲ့ စိတ်နဲ့ မလွတ်လပ်တဲ့ စိတ်တွေကို သေသေချာချာ မြင်လာတယ်။ အဲဒီအခါ အမြဲတမ်း လွတ်လပ်တဲ့ စိတ်နဲ့ဘဲ နေချင်တယ်။ လွတ်လပ်တဲ့ စိတ်နဲ့ နေနိုင်အောင် သတိကို ပိုပြီး ကပ်တယ်။ ကိုယ့်စိတ်က လွတ်လပ် လာလေလေ၊ ဘုရားရဲ့  လွတ်လပ်မှုကို ပိုပြီး အာရုံပြုလေလေဘဲ။ ဘုရားကိုလည်း ကျေးဇူးတင်လေလေဘဲ။ တန်ဖိုးထားစရာတွေထဲမှာ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံးဘဲ။ လွတ်လပ်မှု အကြောင်း မတွေးတဲ့နေ့၊ မပြောတဲ့နေ့ မရှိဘူး။ လွတ်လပ်နေတယ်လို့ သိတယ်။ မလွတ်လပ်ရင် မလွတ်လပ်ဘူးလို့ သိတယ်။ ဘာကြောင့် မလွတ်လပ်ဘူးလို့ ဆိုတာ မြင်တယ်။ လွတ်လပ်မှုကြောင့် ရလာတဲ့ ပျော်ရွှင်မှုဟာ တခြား နည်းတွေနဲ့ ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ နှိုင်းလို့ မရဘူး။
လွတ်လပ်တဲ့ စိတ်ကို သိလာမှ လူပီသတဲ့ စိတ်ကို သိတယ်။
လွတ်လပ်တဲ့ စိတ်ဟာ ဂုဏ်သိက္ခာ ရှိတယ်။ လွတ်လပ်တဲ့ စိတ်မှာ အထင်ကြီးတာ၊ အထင်သေးတာ မရှိဘူး။ လွတ်လပ်တဲ့ စိတ်ဟာ ကြောက်နေတဲ့ စိတ် မဟုတ်ဘူး။ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်၏ လို့ ဘုရားဟောတာကို တရားအားထုတ်ပြီး အနတ္တ သဘာဝကို သေသေချာချာ မြင်မှပဲ သဘောပေါက်တယ်။ “မိမိ” ဆိုတာ “ငါ” ဆိုတဲ့ အတ္တ စွဲကို ပြောတာ မဟုတ်ဘူး။ တကယ်တော့ မိမိ ဆိုတာ အတ္တ စွဲ ကင်းနေတဲ့ ဥာဏ်ပညာနဲ့ ယှဉ်တဲ့စိတ်ကို ပြောတာ။ ငါ ဆိုတဲ့ အတ္တစွဲဟာ ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ။
စီးပွားဥစ္စာ တိုးတက်ဖို့၊ ရာထူးတိုးဖို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူဟာ ဘာသာတရား အစစ်ဟာ ဘာလဲ ဆိုတာကို လုံးလုံးမသိတဲ့ သူဘဲ။ လွတ်လပ်မှုကို လိုချင်လို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူမှ သာ ဘာသာတရား အစစ်ဆိုတာ ဘာလဲဆိုတာကို သိနိုင်တယ်။
“လွတ်လပ်ပြီး တရားမျှတဲ့ လူ့အသိုင်းအ၀ိုင်းမှာ နေချင်ရင်၊စိတ်ချမ်းသာချင်ရင်၊ဂုဏ်သိက္ခာရှိစွာနေချင်ရင်၊
လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကာကွယ်ရမယ်” ဒါမှ လူပီသမယ်။

1 comment:
please write about general khin nyunt life in army.most of his life passed for nay win family.he is nay win "s pet.
after 88,when nay win control the power behind the curtain,he promoted him as general to control the army.nay win wanted to treatend the army by M.I.khin nyunt made no courruption because nay win put $ to his account behind.So khin nyunt pretend that he do nothing.when nay win family tried to coup,khin nyunt knew that because he is part of the nay win family.when nay win arrested,he knew thst next turn is his turn.so to get the support from public,he made road map for show for democracy,just cheating.then he tried to get the power,.thats what he has to pay for that.
Post a Comment