နအဖနဲ့ အပေါင်းအပါ DKBA တို့ကို တိုက်ခိုက်ရတဲ့ ကိုယ်တွေ့တိုက်ပွဲဖြစ်စဉ်များ
ပေးပို့သူ- ကိုမိုးအေး
KNU တပ်မဟာ(၆) တပ်ရင်းတွင် တပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ကိုမိုးအေးရဲ့  တိုက်ပွဲ အတွေ့အကြုံများကို ပေးပို့လာရာ စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြ ပေးလိုက် ပါတယ်။ ယခုလို ပေးပို့လာတဲ့ ကိုမိုးအေးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
သရက်ပင် စခန်းတိုက်ပွဲကို KNUတပ်မဟာ (၆) အထူး တပ်ရင်း အဖြစ် ကျွန်တော် တို့ ပါဝင်ဆောင်ရွက်ခဲ့ပုံကို ပြောပြချင်တယ်။ ကျွန်တော်တို့ရဲ့  စခန်းက တော့ ကျောက်ခတ်မှာ ဖြစ်တယ်။ ကျောက်ခတ်စခန်းကနေပြီး တိုက်ကင်းထွက်တဲ့ အခါမှာ သာအုတ်ထရွာမှာ စခန်းချရတယ်။ ယာယီစခန်းပေါ့။ အဲဒီက တဆင့် တောလမ်းကနေပြီး ကျားသစ်ဂူတို့ သရက်ပင်စခန်းနားတို့ကို ရောက်တယ်။
သရက်ပင်စခန်းက ခမရ (၁၀၈) ထိုင်တဲ့ တပ်ခွဲစခန်းပေါ့။ အချိန်ကတော့ သင်္ကြန်ကာလ April လဖြစ်တယ် ။ ၁၉၉၉-၂၀၀၀ မှာ ကျွန်တော် အဲဒီမှာ ရိက္ခာ သွားသယ်တယ်။ ရွာကိုတော့ မသွားဘူး။ အဲဒီနားမှာ သစ်စက်တွေ ရှိတယ်။ ဒါပေမဲ့ နအဖရဲ့  ညံ့ကွက်တွေကြောင့် သူတို့ခံလိုက်ရတာကို ပြောပြချင်တယ်။ ကျွန်တော်တို့ အဲဒီတောင် နှစ်လုံးကြားက ဖြတ်သွားတဲ့အချိန် သေနတ်သံ တစ်ချက် ကြားလိုက်တယ်။ သူတို့စခန်းက တောင်ကုန်းလေး ဘေးမှာ နေကြတယ်။ ကျွန်တော်တို့က အဲဒီလမ်းကြားထဲက ဖြတ်ကြတယ်။ စခန်းရှိမှန်းလည်း မသိဘူး။ အဲဒီ ကြားလမ်းရောက်တဲ့အချိန်မှာ တောင်ထိပ်ပေါ်က သေနတ်သံ တစ်ချက် ကြားရတယ်။ ကျွန်တော်က အရှေ့ မှာ ရန်သူရှိလား မသိဘူးလို့ ပြောတယ်။ ကျွန်တော့် တပ်စု တက်ကြည့်တယ်။ စုစုပေါင်း (၇) ယောက်ဘဲ ရှိတယ်။
အဲဒီတောင်ကုန်းကတော့ သိပ်မမြင့်ပါဘူး။ (၅) မိနစ် လောက်ပဲ သွားရပါတယ်။ အဲဒီအချိန်မှာ နအဖ ဘက်က လူ (၇) ယောက် (၈) ယောက်လောက် တွေ့တော့တာဘဲ။ တစ်ယောက်က ကင်းတဲမှာ ထိုင်နေတယ်။ တစ်ယောက်က ရေခပ်ဆင်းနေတယ်။ တစ်ယောက်က ကျွန်တော်တို့ ဘေးနားက ဖြတ်သွားတယ်။ ကျန်တဲ့ (၃) ယောက်က ပုခက်ထဲမှာ ထိုင်နေတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက်လည်း တွေ့တယ်။
အမျိုးသမီးက ရွာသားလား.. သူတို့ရဲ့ အမျိုးသမီးလားတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော့် စိတ်ထဲမှာ တော့ သူ့မိန်းမဘဲ ထင်တယ်။ သူတို့ ပြောနေကြတာကတော့ တပ်ကြပ်တစ်ယောက်ရဲ့  မိန်းမလို့ ပြောတယ်။ ဒီသင်္ကြန် မဲဆောက် တက်သွားမယ်။ သွားလည်မယ်လို့ ပြောနေသံကို ကြားရတယ်။ အဲဒါနဲ့ ကျွန်တော်တို့ (၇) ယောက်က နေရာယူလိုက်တယ်။ ၀ိုင်းလိုက်တယ်။ အဲဒီမှာ တပ်ကြပ် စောဌေးဆိုတာ တစ်ယောက်ရှိတယ်။ ကျွန်တော့်တပ်ကို သူကနေပြီး စပစ်တာပေါ့။ တိုက်ပွဲက ဘယ်လောက်ကြာလဲဆိုတော့ (၁၂) မိနစ်လောက် ကြာတယ်။ အဲဒီမှာ နအဖ ဘက်က (၅) ယောက် ကျသွားတယ်။ ကျွန်တော်တို့ဘက်က MA - 4, MA - 1 တစ်လက်ရတယ်။ ကျွန်တော် လက်နက်ယူပြီး အတင်းပြန်ဆုတ်ဆင်းလာတယ်။ ကျွန်တော်တို့ အင်အား မရှိဘူး။ (၇) ယောက်ဘဲ ရှိတယ်လေ။ (၇) ယောက်နဲ့ဘဲ တိုက်တာ။ နောက်တစ်ခါကျတော့ ရက် (၂၀) လောက် အကွာမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်။
သရက်ပင်စခန်း နေရာမှာတော့ မဟုတ်တော့ဘူး။ နောက်တစ် နေရာမှာ၊ ကျွန်တော်တို့က သာအုပ်ထ ရွာဘက်က နေပြီး ဝေလီဝေလင်းမှာ ကျောက်ခတ်ဘက်ကို အဆင်းမှာ တောလမ်းလေ စမ်းချောင်းလမ်းလေး တန်းတန်းဆင်း သွားတော့ ကျွန်တော်တို့က (၅) မိနစ်လောက် ကြိုရောက်တယ်။ ကျွန်တော်တို့ နောက်မှာ ကတော့ သူတို့ စခန်း ချိန်းတဲ့ တပ်ခွဲက နယ်မြေလိုက်ပြနေတဲ့ အချိန် ဖြစ်ပြီး သူတို့ နောက်က လိုက်လာနေမှန်းလည်း ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ ရှေ့ က သွားမှန်းလည်း သူတို့ မသိဘူး။ အဲဒီနေရာ ရောက်တော့ တောင်ကုန်း တစ်ကုန်း ရှိတယ်။ အဲဒီနားမှာ ကွမ်းသီးပင် လေးငါးဆယ်ပင်လည်း ရှိတယ်။ ကွမ်းသီးခြောက် တွေ့တော့ ကျွန်တော်တို့ ကောက်ရော.. နောက်ဘက်က ကျွန်တော့် လူနှစ်ယောက်ကတော့ “ဟေ့ကောင်တွေ မင်းတို့ တောင်ကုန်းပေါ် တချက် တက်ကြည့်လိုက်... ဒါ ရန်သူစခန်းဟောင်း နေရာ ဖြစ်နိုင်တယ်လို့ ပြောပြီး သူတို့ အပေါ် တက်သွားကြတယ်။ တက်ပြီး ပြန်အဆင်း ရန်သူနဲ့ (၁၀) ကိုက် လောက်အကွာမှာ တွေ့ကြပါလေရော။ မျက်နှာချင်းဆိုင် ထိပ်တိုက်ကို တွေ့ကြတာ။ ဟိုကလည်း ကြောက်နေတယ်။ ဒီကလည်း ကြောင်နေတယ်။ မပစ်ဘူး၊ ကျွန်တော်တို့ ဘက်က လူက စပြောတယ်။ ခဏနေဦး ခဏနေဦး ပြန်ဆုတ် ပြန်ဆုတ်လို့ ပြောပြီး ပြေးဆုတ်ရင်း နေရာယူတယ်။ အဲဒီတော့မှ ဟိုဘက်က နှစ်ရစ်နဲ့ ကောင်က အဲဒီ မင်း ပထွေးတွေ ပစ်ပစ် လို့ သူ့လူတွေကို အော်တော့တာဘဲ။ သူတို့ဘက်က သေနတ် နှစ်ချက် အရင်ဖောက်တယ်။ ကျွန်တော်က ပြောတယ်။ ဘယ်ကောင် ပစ်တာလဲပေါ့။ အဲဒါ ဘယ်ကောင်မှ မဟုတ်ဘူး။ ရန်သူပစ်နေတာလို့ သိတာနဲ့ ကျွန်တော်တို့လည်း နေရာယူကြတယ်။ လက်နက်ကြီးတွေ ပြိုင်ပစ်ကြတယ်။ အနီးကပ် တိုက်ပွဲလေးပဲ၊စုစုပေါင်း ပေ ၂၀၊ ၃၀ လောက်ဘဲ ကွာတယ်။ သူတို့က ငှက်ပျောတောမှာ နေရာရတယ်။ ကျွန်တော်တို့က သစ်ပင်တွေ ကြားထဲမှာ နေရာယူတယ်။ကျွန်တော်တို့ဘက်က RPJ 7, M40 တို့နဲ့ သုံးတာပေါ့။ ပြီးတော့ စက်လတ် နှစ်လက်ပါတယ်။ MA-4 နဲ့ M40 တွဲထားတဲ့ဟာကတော့ သုံးလက်ပါတယ်။ ကျွန်တော့် အဖွဲ့ အားလုံး (၁၄) ယောက်ရှိတယ်။
အဲဒီလို ထိပ်တိုက်တွေ့တော့ သူတို့ဘက်က နာရီဝက်လောက် ထိပ်တိုက်ဖြစ်ပြီးတော့ သူတို့က စစ်ကူ လှမ်းတောင်းပြီး သရက်ပင်စခန်းမှ ကျွန်တော်တို့ နေရာကို “၈၀”မမ စိန်ပြောင်း ၊“၆၀” မမစိန်ပြောင်းနဲ့ပစ်ခိုင်းရာ ကျွန်တော်တို့လည်း လစ်ပါလေရော၊ ကျွန်တော်တို့ တစ်ကွက် ကံကောင်းတာကတော့သူတို့က နည်းနည်း ညံ့သွားတယ်။ ကျွန်တော်ထင်တာက သူတို့မှာ အယောက် (၃၀) ကျော်ကျော်လောက်ရှိတယ်။ သူတို့ အနောက် နားလေးကဘဲကပ်ပြီး ဖြတ်သွားတယ်။ ကျွန်တော် ဆုတ်တဲ့အချိန်မှာ သူတို့ အင်အား အရမ်းများလာပြီလေ။ သူတို့က အရမ်းထိုးဖောက်လာလို့ တောင်ကျောလေး အနောက်က ကွေ့ပြီးတော့ သူတို့နဲ့ ကျွန်တော်တို့ ဆုတ်တဲ့ နေရာဟာ (၁၀) ပေလောက်ပဲ ဝေးတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ကျွန်တော်က သူတို့ကို ပစ်မယ်ဆိုရင် နောက်ထပ် လေးငါးယောက်လောက်တော့ လဲနိုင်ပါသေးတယ်။ ဒါပေမဲ့ မပစ်ရဲတော့ဘူး၊ဘာဖြစ် လို့လည်း ဆိုတော့ ကိုယ့်လူက ရှိသေးတယ်။ ကိုယ့်လူ နာမှာကြောက်လို့ အသာလေး ပြန်ဆုတ်လိုက်ရတယ်။ သူတို့ မဲပြီးတော့ အရှေ့  ကို ထိုးတက်လာတော့ လူမရှိတော့ဘူးလေ။ အဲဒါက တစ်ပွဲ။ ကျွန်တော် ရှိတဲ့အချိန် ကျွန်တော်တို့ရဲ့ တပ်ရင်းမှူးကတော့ တပ်ရင်းမှူး ရွှေမောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ရန်နိုင်၊ ခွဲမှူးတွေကတော့ ဗိုလ်ဥာဏ်တို့ အောင်တင့်လွင်တို့ ဖြစ်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မူးယစ်ဆေးဝါး အထူးအဖွဲ့လေ။ ကျွန်တော်သိတာက နအဖ တပ်အနေနဲ့ ခမရ(၁၀၈), (၁၀၉) ချိန်းတယ်လို့ သိရတယ်။
No comments:
Post a Comment