ဒီမိုကရေစီ နဲ့ တပ်မတော် - အပိုင်း (၁၂)
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်
နိုင်ငံတော် အစိုးရ ဖွဲ့စည်းရာတွင် သမ္မတ ဦးဆောင်သော အစိုးရ (သမ္မတ ဦးဆောင် ဒီမိုကရေစီ) နှင့် ၀န်ကြီးချုပ် ဦးဆောင်သော အစိုးရ (၀န်ကြီးချုပ် ဦးဆောင် ဒီမိုကရေစီ) ဟူ၍ ကမ္ဘာ၌ နှစ်မျိုး ကျင့်သုံးလျှက် ရှိသည်။ စနစ်အလိုက် အားသာချက်၊ အားနည်းချက် အမျိုးမျိုး ရှိကြဆဲ ဖြစ်ပြီး၊ အချို့ နိုင်ငံများက ကိုယ့်နိုင်ငံနှင့် လျှော်ညီအောင် ပုံစံ ပြောင်းလဲ တီထွင်ပေါင်းစပ် ကျင့်သုံးမှုများ လုပ်ကြသည်။
အများအားဖြင့် သမ္မတ စနစ်၌ သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ပြီး၊ အမေရိကန်၌ သမ္မတ ရွေးချယ်ရေးအဖွဲ့ ကြားခံထားကာ၊ အာဏာသုံးရပ် သီးခြားစီ ပြုပြီး အုပ်ချုပ်ရေး အာဏာကိုသာ သမ္မတကို ပေးအပ်ထားလေသည်။ အာဏာရှင် မဖြစ်စေရေးအတွက် ထိန်းညှိမှု (Check and Balance) စနစ် လုပ်ထားခြင်း ဖြစ်၏။
ဝန်ကြီးချုပ် စနစ်၌ ပါလီမန် (လွှတ်တော်) က ၀န်ကြီးချုပ်ကို ရွေးချယ်ပြီး၊ ၀န်ကြီးချုပ်က ပါလီမန်ထဲက အစိုးရ အဖွဲ့တွင် ပါမည့် ၀န်ကြီးများကို ရွေးသည်။ ပါလီမန်သည် အစိုးရ အဖွဲ့ကို ရွေးချယ်နိုင်ပြီး အယုံအကြည် မရှိ အဆိုတင်သွင်း ဖြုတ်ချနိုင်သည်။ ထို့ကြောင့် ပြည်သူလူထုသည် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အရေးကြီးသည်။
မှန်ကန်စွာ ရွေးချယ်နိုင်ရန်မှာ ပြည်သူလူထု ဘက်ကလည်း နိုင်ငံရေး အသိအမြင် ကျယ်ပြန့်၍ ဗဟုသုတ များပြားမှု၊ နိုင်ငံရေး အသိ စိတ်ဓာတ် နိုးကြားမှုများ ရှိနေကြရမည် ဖြစ်သည်။ စစ်အာဏာရှင်များက နိုင်ငံရေး အမြင်များကို ပိတ်ပင်ထားခြင်း၊ မီဒီယာ၊ စာပေ နယ်များ၌ ချုပ်ချယ်ထားခြင်းများ၊ နိုင်ငံရေး လှုပ်ရှား တက်ကြွ သူများကို ကြောက်လန့်၍ မတရား ပြစ်ဒဏ်များ ချမှတ်နေခြင်းမှာ နိုင်ငံကို ကမ္ဘာ့အလယ်၌ ၀င်မဆန့်စေပဲ ချောက်ထဲ တွန်းချနေခြင်းသာ ဖြစ်ပေတော့သည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာများကို ပြည်သူလူထု ကိုယ်စားကျင့်သုံး၍ ဥပဒေ ပြုခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ နိုင်ငံအတွက်၊ ပြည်သူလူထု အတွက် ကိုယ်စားလှယ် ရွေးချယ်ခြင်းသည် အလွန်အရေးကြီးသည် မဟုတ်ပါလော။
အခြေခံ ဥပဒေ ရေးဆွဲရာတွင် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခု၊ လက်နက် အားကိုး အကြောက်တရားဖြင့် ရေးဆွဲမှုများသည် တရားမ၀င်ချေ။ ပြည်သူလူထု၏ လိုလားချက် ဆန္ဒများသည် ဖွဲ့စည်းပုံ ဥပဒေ၌ အပြည့်အ၀ ပါဝင်ရမည် ဖြစ်သည်။ သို့မှသာ ပြည်သူလူထုမှ အာဏာ အမှန်တကယ် ဆင်းသက် လာမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရသာ ပြည်သူလူထုက ရွေးချယ်ပေးလိုက်သော အုပ်ချုပ်ရေး အာဏာ ကျင့်သုံးနိုင်သူများ (အစိုးရ)က လိုက်နာ ကျင့်သုံးပေးရပေမည်။ အစိုးရ ဟူသည် အာဏာပိုင် မဟုတ်ချေ။ အာဏာပိုင်သည် ပြည်သူလူထုသာ ဖြစ်ရမည်။ ဤသည်မှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ ရေးဆွဲပြီးပါကလည်း ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရန် ရှင်းလင်းတင်ပြခြင်း၊ ကြေညာခြင်း၊ မီဒီယာများမှ ထုတ်လွှင့် တင်ပြခြင်း၊ ဘာသာစကား အသီးသီးဖြင့် ရေးသားပြန်ဆို ဖြန့်ချိခြင်း စသည်တို့ကို မပျက်မကွက် ပြုလုပ်ပေးကြမှ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန် မှန်ကန်ပေမည်။ သို့မှသာ ပြည်သူလူထုက အကြံပြု တင်ပြပြင်ဆင်ခြင်း၊ ပယ်ဖျက်ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်နိုင် ကြပေမည်။
ဤမျှဆိုလျှင် နအဖ စစ်အာဏာရှင်များ ဘာကြောင့် ဒီမိုကရေစီကို ကြောက်ရွံ့ မျက်မုန်းကျိုး နေရသလဲ၊ ပြည်သူလူထု အတွက် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းမှာ ဘယ်လောက်အရေးကြီးသလဲ၊ ပြည်သူလူထု အတွက် နိုင်ငံရေး အသိဥာဏ် မြင့်မား ရင့်ကျက်မှု အဘယ်မျှ အရေးပါသလဲ၊ လွတ်လပ်စွာ ရေးသား ပြောဆို ဖေါ်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့် ၊ဆန္ဒပြခွင့်၊ ရေးသားထုတ်ဝေခွင့် စသည့် အခွင့်အရေးများ၊ ပြည်သူလူထု၌ ရှိသင့်၊ မရှိသင့်ဆိုတာကို တပ်မတော်သားတို့ အနေနှင့် အကြောင်းအကျိုး ဆက်စပ် မြင်နိုင်ပေပြီ။ တပ်မတော်သားတို့ အနေဖြင့် အမှန်တကယ် တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်ရှိပါလျှင် ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်သင့်ပါပြီ။ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးကူညီ သင့်ပေပြီ။ ယနေ့ စစ်အာဏာရှင်တို့၏ ဒီမိုကရေစီကို လှည့်ဖျားနေမှုအား နားလည်ရပေမည်။
နိုင်ငံတော် ဖွဲ့စည်းမှု ပုံစံ (State Formation) မှာ နိုင်ငံတော် စတင် ပုံစံချရန် အခြေခံ အုတ်မြစ်အဆင့် ဖြစ်၏။ ပုံစံ နှစ်မျိုးသာ ရှိသည်။ တပြည်ထောင် စနစ် (Unitary) နှင့် ပြည်ထောင်စု စနစ် (Federal) ဆိုပြီး ဖွဲ့စည်းကြသည်။ တပြည်ထောင် စနစ်ကို အဓိကအားဖြင့် လူမျိုးတစ်မျိုးတည်းသာ ရှိသည့် နိုင်ငံများက သုံးစွဲ၏။ ဗဟို အစိုးရ၌သာ အချုပ်အခြာ အာဏာ အပြည့်အ၀ ရှိသည်။ အဆင့်ဆင့်သော ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များက လိုက်လံ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရပြီး၊ အာဏာ သုံးစွဲမှု လွန်ကဲပါက အာဏာရှင်များ ပေါ်ပေါက်လာ နိုင်သည်။
သို့သော် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ (သို့) ဒေသဆိုင်ရာ အစိုးရများသို့ ကောင်းမွန်မျှတသော အာဏာများ ခွဲဝေပေးထားပါက တပြည်ထောင်စနစ်ဟု ဆိုသော်လည်း ပြည်ထောင်စု သဘော သက်ဝင်ပါသည်။
လူမျိုးစုများ များပြားစွာရှိသော နိုင်ငံများ၌မူ ပြည်ထောင်စု စနစ်ကို သုံးစွဲကြသည်။ ဥပမာ သြစတြေးလျ နိုင်ငံ၏ အစိုးရ ပုံစံ (Government Type) မှာ Federal Parliamentary Democracy ဖြစ်၍ အမေရိကန် (Government Type) မှာ Constitution-based federal republic, strong democratic tradition ဖြစ်ပြီး၊ ရုရှား (Government Type) မှာ Russian Federation ဖြစ်သည်။
ပြည်ထောင်စု စနစ်ကို Union (သို့) United States (သို့) Federal (သို့) Federation စသည်ဖြင့် စုပေါင်း ဖွဲ့စည်းထားသော/ ပြည်ထောင်စု အဓိပ္ပာယ် ရယူကာ အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲကြသည်။ အဓိပ္ပာယ်မှာ ပြည်ထောင်စုပင် ဖြစ်၍ (Union) ယူနီယံ ခေါ်ခေါ် (Federal) ဖက်ဒရယ် ခေါ်ခေါ် အခေါ်အဝေါ်သည် အဓိက မဟုတ်၊ သာမညသာ ဖြစ်သည်။ ဤစကားလုံးများကို ရဲရဲတွေး ရဲရဲပြောနိုင်ရမည်။ ဖက်ဒရယ်ကို မကြားရဲ၊ မသုံးရဲ ဖြစ်နေသည်မှာ စစ်အာဏာရှင်များပင် ဖြစ်သည်။ အကြောင်းရင်း ရှာဖွေသည့်အခါ ဖက်ဒရယ်ကို ပြည်ထောင်စု ပြိုကွဲရေးမူ အဖြစ် အကြောင်းပြပြီး၊ ပါလီမန် အစိုးရခေတ် ၀န်ကြီးချုပ် ဦးနုဆီမှ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်ကောင်စီက အာဏာသိမ်းခဲ့ဖူးသောကြောင့် ဖြစ်သည်။
ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ ဆိုသလို နအဖ စစ်အာဏာရှင်များကလည်း မျက်နှာ ပြောင်ပြောင်၊ အရှက်မဲ့စွာ ပြည်သူလူထု၏ အာဏာကို ဆက်လက် သိမ်းပိုက်ထား၍ ယနေ့ထက်တိုင် ဖက်ဒရယ်ဆိုသော စကားကို မသုံးစွဲရဲချေ။ ဒီမိုကရေစီ ကျင့်စဉ်နှင့် ပြည်ထောင်စုမှာလည်း မြန်မာပြည်အဖို့ အကြောင်းအကျိုး ဆက်နွယ်နေသည်။ တပ်မတော် အတွင်း၌ ဖက်ဒရယ်ဟူသည် ပြည်ထောင်စု ပြိုကွဲရေးဟူသော အမြင်ကို ရိုက်သွင်းထားသည်မှာ အလွန် မှားယွင်းသည်။
No comments:
Post a Comment