.

.

.

July 18, 2009

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်

စာဖတ်ပရိသတ်များ ခင်ဗျား

စည်းလုံးခြင်းရဲ့ အင်အား စာဖတ်ပရိသတ် တစ်ဦးဖြစ်တဲ့ ပင်တိုင် ဆောင်းပါးရှင် ကိုရဲသူနိုင် ရေးသားပေးပို့ လာတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဒီကနေ့ စာဖတ် ပရိသတ်များအား တင်ပြ ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ အပြုသဘောနဲ့ အခုလို အင်တိုက်အားတိုက် ရေးသားပေးပို့လာသော ဆောင်းပါးရှင်များနဲ့ တကွ ယာယီ ဘာလော့ဂ်တွင် ကြည့်ရူအားပေးကြသူ ချစ်စွာသော စာဖတ်ပရိသတ် ရဲဘော် ရဲဘက် အပေါင်းတို့ကို အထူး ကျေးဇူးတင်ရှိ ပါကြောင်း လေးစားစွာ ပြန်ကြားအပ်ပါတယ် ခင်ဗျား။

ငါးကြင်းဆီဖြင့်ငါးကြင်းကြော်၍နအဖဖက်ဆစ်အာဏာရှင်များအား တော်လှန်ကြပါစို့

ဆောင်းပါးရှင် - ရဲသူနိုင်

ယနေ့ မြန်မာပြည်မှာ S.P.D.C နအဖ တစ်ဖွဲ့လုံးကို မည်သူမှ လက်မခံလိုကြပါ။ အင်မတန် မုန်းတီး သော အဆင့်ကို ရောက်ရှိနေပါပြီ၊ T.V သတင်း လာချိန်မှာ ပိတ်ထား တာတွေ သတင်း စာတွေ ဖတ်မယ့်သူမရှိ ဖြစ်လာတာတွေ (အကျိုးစီးပွား ဖြစ်ထွန်း နေသူ အသိုင်းအ၀ိုင်းနှင့် အဆင်ပြေ သာကူး နေကြသူ အချို့ကလွဲရင်ပေါ့) ။ S.P.D.C တစ်ဖွဲ့လုံး ထဲမှာ တောင်မှ အချင်းချင်းလည်း ပုံစံအမျိုးမျိုးနှင့် ညီညွတ် နေတာတော့ မဟုတ် ပါဘူး။

အာဏာ တည်မြဲရေး အခွင့်အရေးများ ရရှိရေး တို့အတွက် တစ်ဦးနှင့်တစ်ဦး မတည့်၊ အဆင်မပြေ မာန်စေါင်နေကြပေမယ့် အာဏာ လက်မလွှတ်ရေး ဆိုတဲ့ နေရာမှာတော့ ညီညွတ် နေရုံမက တိုင်းပြည်ကို ဘယ်လိုဖိစီး နှိပ်စက်မလဲ၊ ရက်ရက် စက်စက် ဘယ်လို ရိုက်နှက် သတ်ဖြတ်မလဲဆိုတဲ့ နေရာတွေမှာ ငါးမူးဖိုး လောက်ရှိတဲ့ အာဏာလေးကို တောင်မှ စွမ်းအားရှင် ဆိုတဲ့ ၀ရမ်းပြေးကအစ အာဏာကို ပြချင် သုံးချင်တဲ့ နေရာမှာတော့ အားလုံးဟာ တသမတ်တည်း သွားတူနေကြတာ တွေ့ရပါတယ်။

ဒီလောက်တောင်မှ အာဏာပြဖို့အတွက် ရသလောက်လေး သုံးဖို့အတွက် အောက် ဆုံးအဆင့် စွမ်းအားရှင် ၀ရမ်းပြေးတွေကနေ ရဲတွေကအစ စစ်သည်တွေက အလယ် ဗိုလ်ချုပ်တွေက အဆုံး တညီတညွတ်တည်း လုပ်ကိုင်နေကြချိန်မှာ ကျွန်တော်တို့ စစ်ကျွန် သဘောက် ဘ၀ကနေ လွတ်မြောက်ဖို့ စဉ်းစားလုပ်ကိုင်ကြတဲ့ နေရာမှာ ဒီအတိုင်း ဆက် သွားလို့ ဖြစ်ပါ့မလား။ အောင်မြင်ပါ့မလား၊ ဘယ်လို ဆက်လုပ် ကြမလဲ ဆိုတဲ့ မေးခွန်း တွေမေးဖို့ လိုအပ်လာပါတယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။

ကျွန်တော့်အနေနှင့်တော့ အကောင်းဆုံးနည်းနှင့် အဖြစ်နိုင်ဆုံးနည်းကို စဉ်းစား ကြမယ်ဆိုရင် ငါးကြင်းဆီနှင့် ငါးကြင်းကြော်တဲ့နည်းကိုပဲ ဗျူဟာမြောက် ဘုံလမ်းစဉ် ချမှတ်ပြီး လုပ်ကိုင်သင့်တယ်လို့ ရိုးသားစွာ မြင်မိပါတယ်။ လူအများစုလည်း စစ်အာဏာရှင်တွေကို ဆန့်ကျင် ချင်ကြပါတယ်။ တာဝန်လည်း ကျေခဲ့ကြပါတယ်။ အဆင်သင့်လည်း ရှိနေကြတယ် ဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့် ဒီ People Power ဆိုတဲ့ လူထု စီးပွားရေး အင်အား အကြီးဆုံး အမေရိကန်တောင်မှ ဇွန်လမှာ အလုပ်လက်မဲ့ဟာ ခန့်မှန်းထားတာထက် ပိုပြီး ၅သိန်း နီးပါးလောက် အလုပ်ပြုတ်ကြရလို့ President Mr OBERMA တောင်မှ ကယ်ဆယ်ရေး စီမံကိန်းတွေကို ဂရုစိုက်ကြည့်ရတဲ့ အခြေအနေ ရောက်နေပါတယ်။

ဒါပေမယ့် နာဂစ် ဒုက္ခသည်များဟာ မှိုနတိုကို စားလည်း အသက်ရှင်နိုင်တယ်ဆိုတဲ့ အာဏာရှင် အတ္တ၀ါဒီတွေ အုပ်ချုပ်ကြီးစိုးတဲ့ တရုတ်ပြည်ကြီးရဲ့ ယူနန်ပြည်နယ် လက် အောက်ခံ အဆင့်သာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိခင်မြန်မာပြည်ကြီးကတော့ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို (10.4%) တိုးတက်ခဲ့တယ်ဆိုပြီး မစားရ၀ခမန်း အားလုံးကို လိမ်ညာ ပြောဆိုခဲ့ပါတယ်။ လူတစ်ဦးရဲ့ ပျမ်းမျှဝင်ငွေကိုလည်း ငါးသိန်းနီးပါး ရှိတယ်လို့ ထပ်ဆင့် လိမ်လိုက်ပါသေးတယ်။ ၀င်ငွေကိုသာပြောပြီး ဆန်တစ်ပြည် ဘယ် လောက်၊ ဘတ်စ်ကားခ ဘယ်လောက်၊ ပညာရေး၊ ကျန်းမာရေးတွေက ဘယ်လောက် ဆိုတာတွေတော့ ထပ်ပြီး မလိမ်ပြတာပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။

ကမ္ဘာပေါ်မှာ ၂၀၀၈-၂၀၀၉ မှာ ဘယ်တိုင်းပြည်မှ ၁၀% ကျော် စီးပွားရေးတိုးတက်တဲ့ တိုင်းပြည် မရှိပါဘူး။ ကမ္ဘာ့ဘဏ်ကလည်း ၂% ရောက်အောင် မနည်းလုပ်ရမယ်လို့ပဲ ပြောနေတာပါ။ စီးပွားရေးကပ်ကြီးကြောင့် အာရှတိုက်မှာ လူသန်းပေါင်း မြောက်များစွာ ပိုမိုပြီး ဆင်းရဲတွင်းထဲကို ကျရောက် ကုန်တယ်လို့ တွက်ပြထားပါတယ်။

ဒါပေမယ့် အတ္တ၀ါဒီ ဖက်ဆစ်ထက် ပိုဆိုးတဲ့ နအဖ ဗိုလ်ချုပ်တွေ ကြီးစိုးတဲ့ မြန်မာပြည် ကတော့ ထူးထူးခြားခြား အားလုံးထက်ကို ကျော်ပြီး ၁၀.၄ % တိုးတက်ခဲ့ပါ တယ် ဆိုပြီး ဗြောင်လိမ်ဗြောင်စား ကြေညာခဲ့ပါတယ်။ တိုင်းပြည်မှာ လူအများစု ဆင်းရဲမွဲ တေ ငတ်ပြတ်ပြီး လူအနည်းစု ချမ်းသာနေကြတာကိုပဲ ၁၀.၄ % တိုးတယ်လို့ ပြော တာလား၊ ဒါမှမဟုတ် နအဖ စစ်ဗိုလ်ချုပ် အတ္တ၀ါဒီတွေရဲ့ စီးပွားရေး တိုးတက်မှု နှုန်းကိုပဲ ၁၀.၄% ကို တိုင်းပြည်ရဲ့ တိုးတက်မှုနှုန်းလို့ လိမ်တာလားတော့ စာဖတ်သူများ ဦးနှောက် နှင့်သာ စဉ်းစားကြစေချင်ပါတော့တယ်။

အဲဒီတော့ ယနေ့ အခြေအနေမှာ နအဖဟာ ပိုပြီးကြာလာတာနှင့်အမျှ တော်လှန် မှုတွေနှင့် ရင်ဆိုင်လာရတာနှင့်အမျှ ပြည်သူ အများစုကြီးက စစ်ကျွန်သဘောက် ဘ၀မှ လွတ်မြောက်ရေး အတွက် ကြိုးစားနေကြတာကို သိလာသည်နှင့်အမျှ မိမိတို့ စိတ်တိုင်းကျ ရေးဆွဲထားသော တသက်တာလုံး ကျွန်သဘောက်ဘ၀မှ မလွတ်မြောက်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ “ချုပ်” မှ “ဦး” သို့ ကူးပြောင်းနိုင်ရေးအတွက် ပိုမိုလိမ်ညာ ၀ါဒဖြန့် ကြဦးမည်သာ ဖြစ်ပါတယ်။

ပြည်တွင်း Media အားလုံးကလည်း S.P.D.C စိတ်တိုင်းကျ ထိန်းချုပ်ထားတဲ့ အတွက် ၀ါဒဖြန့် လိမ်ညာတဲ့ နေရာတွေမှာ ပြိုင်ဘက်ကင်းတဲ့အဆင့်ကို ရောက်ရှိလို့ နေပါပြီ။

ပုံမှန်လက်လုပ်လက်စား အလုပ်သမား တောင်သူလယ်သမား အများစုကြီး ကတော့ နအဖရဲ့ ၀ါဒဖြန့် လိမ်ညာနေကြတာတွေကို သိလည်း မသိကြပါဘူး၊ သိလည်း မယုံကြည် ကြပါဘူး၊ မိမိတို့ရဲ့ တစ်နေ့လုပ်မှ တစ်နပ်မှန်အောင် စားရဖို့ အရေးကိုပဲ ပိုပြီး အာရုံစိုက်ကြပါတယ်။ စစ်သည်တွေ ရဲတပ်ဖွဲ့ဝင်တွေ အနေနှင့်လည်း အကြွေး ပတ်ချာလည် ၀ိုင်းပြီး စစ်ဆင်ရေး၊ လုံခြုံရေး၊ လုပ်အားပေး စတာတွေနှင့် လုံးလည် ချာလည် လိုက်နေကြ တော့ စီးပွားရေးတိုးတက်မှုနှုန်း ၁၀.၄% ဆိုတာတွေကိုလည်း အာရုံစိုက်နိုင်ကြမှာ မဟုတ် ပါဘူး။

အခြေခံကြံ့ဖွံ့တွေ စွမ်းအားရှင်ဝရမ်းပြေး လူတန်းစားကတော့ သိမှာတောင် မဟုတ် ပါဘူး။ ဒါပေမယ့် နအဖရဲ့ လိမ်ညာဝါဒဖြန့်မှုတွေ မှိုင်းတိုက်မှုတွေကြားမှာ ယုံကြည် နေကြတဲ့ ကိုးကွယ်နေကြတဲ့ သာကူးအုပ်စု (or) အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဦးနှောက်ဆေးခြင်း ခံထားရတဲ့ အလယ်အလတ်နှင့် အထက်တန်း အရာရှိကြီး ဆိုသူတွေကတော့ ယုံကြည်နေကြတာကို တွေ့ကြရမှာပါ။ ဒါကြောင့်မို့လို့လဲ ၎င်းတို့ဆီက နေပဲ မည်ကဲ့သို့ အောင်မြင်တိုးတက်နေကြောင်းများကို မစားရ၀ခမန်း နေ့စဉ် ပြောဆို ဟောပြော ရေးသားနေကြတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။

S.P.D.C ထိပ်ပိုင်းအဖွဲ့ဟာ ၎င်းတို့ရဲ့ အခြေခံဒေါက်တိုင်အသီးသီးဟာ ၎င်းတို့ အပေါ် အယုံအကြည်မရှိဘူး ဆိုတာကို သဘောပေါက်နေကြပါတယ်။ အထူးသဖြင့် Armed Forces တွေထဲမှာ ဆင်းရဲမွဲတေမှု၊ တပ်ပြေးများ များစွာ ထွက်ပြေးမှု၊ ပျက်စီး ယိုယွင်း နေမှုတွေကို ကောင်းကောင်းသိနေပါတယ်။ ဒါကြောင့်မို့လို့လည်း Psychological War, Brain Wash ၀ါဒဖြန့် အလိမ်အညာ စတာတွေအားလုံးကို မီးကုန် ယမ်းကုန် သုံးပြီး လုပ်ဆောင် နေကြခြင်းပဲ ဖြစ်ပါတယ်။

အဲဒီတော့ S.P.D.C ဘာတွေလုပ်ခဲ့လဲ လုပ်နေလဲ လုပ်ဦးမလဲ ဆိုတဲ့ အတိတ်နှင့် ပစ္စုပ္ပန် အခြေအနေတွေကို Armed Forces တွေနှင့်တကွ ဒေါက်တိုင် အသီးသီး ပြည်သူ အများစု သိမြင်နားလည်လာအောင် S.P.D.C အဆင့်ဆင့်ရဲ့ စွမ်းအားရှင် ၀ရမ်းပြေးပါ မကျန် လုပ်ဆောင်ချက် ဦးတည်ချက် ရည်ရွယ်ချက် အသုံးချခံနေရမှုတွေကို ပြည်ပ Media တွေကနေ ဖော်ပြနိုင်မယ်၊ ရှင်းရှင်းလင်းလင်း နားလည်လွယ်အောင် ဆွေးနွေး နိုင်ကြမယ်ဆိုရင် ဒါဟာအကောင်းဆုံး ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်တဲ့ နည်းတစ်ခု ဖြစ်လာလိမ့်မည်လို့ ကျွန်တော် မြင်မိပါတယ်။

ပြည်သူတွေဟာ ဒီအချိန်မှာ ကြောက်နေတယ်လို့ နအဖ ကြိုးဆွဲရာ နောက်လိုက် နေတယ်တို့ ဆိုတာတွေဟာ မဖြစ်နိုင်ပါဘူး။ မှန်မှန်ကန်ကန် ခိုင်မာတဲ့ ဦးဆောင်မှု အားနည်းနေသလို အလိမ်အညာ ၀ါဒဖြန့်မှု တွေဟာလည်း ကြီးစိုးပြီး အမှောင်ဖုံးသလိုမျိုး ဖြစ်နေတာကို တွေကြရမှာပါ။ ဒီအမှောင်ထုကြီးကို ပြည်တွင်းကနေ ဖွင့်ရမှာ အင်မတန် ခက်သလို တန်ဖိုးလည်း များစွာ ပေးဆပ်ရပါတယ်။ ပြည်ပ Media တွေကနေတော့ လွယ် လွယ်ကူကူနှင့် လျင်လျင်မြန်မြန် ပြုလုပ် နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Media တွေမှ ပူးပေါင်းပြီး ဘုံရည်မှန်းချက်နှင့် လုပ်ကိုင် ကြမယ် ဆိုရင် ပိုမို အကျိုး သက်ရောက်မှု ရှိလိမ့် မည်လို့ ထင်မိပါတယ်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ဖို့အတွက် အားလုံးဟာ အဆင်သင့် ရှိကြပါတယ်။ ကြော်ပုံကြော်နည်းနှင့် ကြော်ဖို့အတွက် ဦးဆောင် မယ့် အမှန်တကယ် အဖွဲ့တွေကိုသာ အလိုရှိတာပါ။ ဒီသုံးခုသာ ပြည့်စုံခဲ့မယ်ဆိုရင် S.P.D.C ရဲ့ နောက်ဆုံး ရက်တွေ ဟာ အနှေးနှင့်အမြန် ရောက်လာမှာ ဖြစ်ပါကြောင်း ဒီမိုကရေစီ ဘက်တော်သားများ အားလုံးကို လေးစားစွာ တင်ပြ အပ်ပါတယ်။





No comments: