.

.

.

August 9, 2009

ရေတပ် အရာရှိတစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ – အပိုင်း (၉)



တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၉)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဆောင်းပါးရှင် မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ အပိုင်း(၉)ကို ဒီကနေ့ ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဆောင်းပါးရှင်ဟာ မြန်မာ့တပ်မတော် ရေတပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သောကြောင့် စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရကာ ထောင်တွင်း မှာပင် ကျဆုံးခဲ့ရသော မျိုးချစ်ပြည်သူ့တပ်မတော်သား တစ်ဦး ဖြစ်ပါတယ်။ ဆောင်းပါးရှင် အား ဂုဏ်ပြုသောအားဖြင့် ကိုယ်တွေ့ကြုံခဲ့ရပုံ တိုက်ရေယာဉ် ၁၀၃ ကို ဂုဏ်ပြု တင်ဆက် ပေးလိုက်ရပါတယ်။


ဆောင်းပါးရှင် - မောင်သော်က ( မြန်မာ့တပ်မတော် (ရေ) မှ ဗိုလ်မှူးတစ်ဦး )


ကျွန်တော်သည် ဒေါသဖြစ်လျက် ၀ိုင်ယာလက်စက်ကို ကျောခိုင်းကာ ပဲ့စင်ထက် ပြန်တက် လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ ဗိုလ်စောဦး”

“အခြေအနေက မကောင်းဘူး စီအို၊ နောက်ခံရင် နာရီဝက် တစ်နာရီလောက်ပဲ ခံမယ် ၊စီအို အက်စ်အိုအက်စ် ပို့နိုင်ခဲ့သေးလား”

ဗိုလ်စောဦးက မျှော်လင့်တကြီး မေးသည်။

“မေးမနေနဲ့ ဗိုလ်စောဦး ၊ အက်စ်အိုအက်စ်လဲ မပို့နိုင်ဘူး၊ ညကလဲ Message တစ်စောင်မှ မပို့နိုင်ခဲ့ဘူး၊ စက်ကလဲ ရှော့(တ) ဆာကတ်ဖြစ်လို့ ပျက်သွားပြီ၊ ရေစုပ်စက်ပန့် နှိုးလို့ရသလား”

“မရဘူး စီအို၊ လက်နဲ့စုပ်တဲ့ ချဲလင့်ပန့် (Challenge Pump) နဲ့ပဲ စက်ခန်းမှာ စုတ်ထုတ်နေရတယ်။ စက်ခန်းလဲ ရေတော်တော် ၀င်နေပြီလို့ သတင်းပို့လာတယ်”

သင်္ဘောဝမ်းခေါင်းအတွင်းမှ တောက်လျှောက် စီးဝင်သော ရေသည် သင်္ဘော၏ ပဲ့ဘက် စက်ခန်းတွင်းသို့ ၀င်ရောက်စ ပြုနေပြီဖြစ်သည်။ သင်္ဘောဦးမှာ လုံးဝ ပြန်မထောင်နိုင်တော့ဘဲ စိုက်နေပြီ။ ရာသီဥတုမှာ ကြည်လင်လာသည် ဖြစ်ခြင်းကြောင့် မော့(စ)ကော့(စ) ကျွန်းများကို မိုးကုပ်စက်ဝိုင်းတွင် ညို့မှိုင်းမှိုင်းအုပ်ဆိုင်းစွာ တွေ့ရသည်။ ၁၅ မိုင်၊ မိုင် ၂၀ မျှသာလျှင် ဝေး၏၊ ကျွန်တော့် သင်္ဘောသည် တောင်အစွန်ဆုံး မော့(စ)ကော့(စ) ကျွန်းကြီး၏ အနောက်ဘက်တည့်တည့် မိုင်၂၀ အကွာ၌ ဒုက္ခ တွေ့ကြုံနေရခြင်း ဖြစ်သည်။

“ဗိုလ်စောဦး ပဲ့ပိုင်း အမြောက်ကို ပစ်ဖောက်ဗျာ၊ နောက်ဘက်ကို ဗိုလ်သန်းလွင်ကို ကြည့်ခိုင်း (Distress Signal) အဖောက်ခိုင်း”

ပင်လယ်ပြင်တွင် သင်္ဘောများ အန္တရာယ် တွေ့ကြုံခဲ့သော် အကူအညီတောင်းခံသည့် နည်းလမ်းများအနက် ပေါက်ကွဲစေတတ်သည့် လက်နက်တစုံတရာကို အချက်မှန်မှန် ပစ်ဖောက်၍ အကူအညီတောင်းခံခြင်းမှာ နည်းလမ်းတစ်လမ်းဖြစ်သည်။ ကျွန်တော်တို့ ၀န်းကျင်တွင် သင်္ဘောတစ်စင်းမျှ မတွေ့ရသော်လည်း မိုးကုပ်စက်ဝိုင်း တဖက်မှ အသံကြားလိုကြားငြား သင်္ဘောတစ်စင်းတလေ ရှိလိုရှိငြား ပစ်ဖောက်ခိုင်းခြင်း ဖြစ်၏။ ခဏကြာသော် ပဲ့ဘက်ရှိ ၄၀ မမ ဘိုဖာ အမြောက်သံသည် မြည်ဟည်းလျက် ထွက်ပေါ်လာသည်။ ခဏကြာသော် “ထိုင်း၊ ထိုင်း၊ ထိုင်း၊ ထိုင်း” ဟူ၍ ချက်မှန်ညီစွာ ပစ်ဖောက်လျက် ရှိ၏။ ယမ်းထောင့်တစ်ကပ်ပြီး တစ်ကပ် ထည့်၍ ပစ်ဖောက်နေကြသည်။ ထိုအချိန်၌ သင်္ဘောဦးပိုင်းတွင် လူနေရန် မဆိုထား၊ သွား၍ပင် မရသည်ကြောင့် သင်္ဘောရှိ လူအားလုံးသည် ပဲ့စင်၏ နောက်ဘက် တ၀ိုက်နှင့် ပဲ့ဘက် အမြောက်စင် အနီးတွင်သာ တွယ်ကပ်ခိုကပ်နေကြရသည်။ လေမှာ အတန်ငြိမ်သွားပြီ ဖြစ်သော်လည်း လှိုင်းလုံးများမှာ တစ်လုံးပြီးတစ်လုံး အရှိန်မဟုန်ပြင်းစွာ ဆင့်ကဲ လာနေဆဲဖြစ်သည်။

“ဗိုလ်စောဦး၊ လူတွေအားလုံး အသက်ကယ် အင်္ကျီဝတ်ထားခိုင်းဗျာ၊ နောက်ပြီး (Abandon Ship) (သင်္ဘောစွန့်ခွာခြင်း) လုပ်ရရင် အသင့်ဖြစ်နေအောင် အသက် ကယ်ဖောင်တွေကို ဖွင့်ထားဗျာ”

ဗိုလ်စောဦးသည် အသက်ကယ် ဖောင်များ ဖွင့်ရန် ပဲ့စင်ထက်မှ ဆင်းသွားသည်။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် အသက်ကယ်လှေဟူ၍ မပါရှိချေ၊ သင်္ဘောမှာ သေးငယ်သည်ကြောင့် အသက်ကယ်လှေတင်ရန် နေရာမရှိသည့်အတွက် အသက်ကယ် လှေအစား ရော်ဘာဖြင့် ပြုလုပ်ထားသည့် အသက်ကယ်ဖောင်များကို ထုတ်ပေးထား သည်။ ခရီးသည်တင် လေယာဉ်များတွင် အသုံးပြုသည့် အလိုအလျောက် လေသွင်းခြင်း ပြုနိုင်သည့် ရော်ဘာ အသက်ကယ်ဖောင် အမျိုးအစားဖြစ်သည်။ ထိုဖောင်ကို ပတ္တူစဖြင့် ထုပ်ပိုးထားကာ အရေးကြုံမှ ချ၍ အသုံးပြုရခြင်းဖြစ်သည်။ ထို အသက်ကယ်ဖောင်မျိုး နှစ်ခု ပါရှိ၏။

ပဲ့စင်ထက်မှနေကာ ဗိုလ်စောဦး ဖောင်ဖွင့်ရန် ကြိုးစားနေသည့် ၀ဲဘက်ပဲ့ပိုင်း ကုန်းပတ်ဆီ ကြည့်နေသည်။ သင်္ဘောမှာ နောက်စက်ကိုသာလျှင် ခုတ်မောင်းနိုင်သည်။ ရှေ့သို့ မမောင်းရဲ မမောင်းဝံ့၊ ရေတိုးသည့် အရှိန်နှင့် ရေလုံတံခါးနှင့် နံရံများ ပြိုကျမည်ကို စိုးရသည်။ ယခုပင် ရေသည် စက်ခန်းတွင်းသို့ စတင် ၀င်ရောက်ခဲ့ပြီဖြစ်သည်။ ဗိုလ်သန်းလွင်မှာ ပဲ့ပိုင်းစက်အမြောက် ဖောက်ခြင်းကို ကြီးကြပ်နေဆဲဖြစ်၏။

သင်္ဘောနစ်တော့မည်မှာ သေချာသည်။ အချိန်ပိုင်းမျှသာလျှင် ကျန်တော့သည်။ ကျွန်တော် ကြံရွယ်သည်မှာ အသက်ကယ် ဖောင်နှစ်စင်းကို ၀ဲဘက်တွင် တစ်စင်း၊ ယာဘက်တွင် တစ်စင်း အဆင်သင့် ဖွင့်ထားလျက် လူအများကမူ နောက်ဆုံးအချိန်အထိ သင်္ဘောပေါ်တွင် နေကြရန် ဖြစ်သည်။ ပင်လယ်ဟူသည်မှာ မပြောနိုင်၊ ထို့အတူ သဘောင်္နစ်ခြင်း ဟူသည်မှာလည်း အတပ် မပြောနိုင်၊ ပင်လယ်ပြင်သည် တခဏတွင်း လှိုင်းလေ ငြိမ်သက်သွားလျှင်လည်း သွားနိုင်သည်။

သို့ဆိုလျှင် တစ်နည်းတစ်လမ်းဖြင့် ကျွန်တော်တို့ သင်္ဘောကို မနစ်မြုပ်စေရန် ပြုကောင်းပြုနိုင်မည်။ ထို့ပြင် သင်္ဘောသည် လုံးဝစုံးစုံးမြုပ်သော်မှ မြုပ်မည်။ သင်္ဘောတစ်နေရာတွင် လေခိုနေခြင်းကြောင့် ရက်ပေါင်း အတန်ကြာ ရေပေါ်တစ်ပိုင်းပေါ်၍ မျောနေတတ်သည့် သင်္ဘောများ အကြောင်းကို ကျွန်တော်ကြားဖူးနားဝ ရှိခဲ့သည်။ သို့ဖြစ်ခဲ့လျှင် ကျွန်တော်တို့လူစုသည် ဖောင်ပေါ်တွင် နေကြကာ ဖောင်နှစ်စင်းကို သင်္ဘောနှင့် တွဲချည်ထားခြင်းအားဖြင့် အခြားသင်္ဘောများက မြင်နိုင်ခွင့် အသက်ရှင်ခွင့် ပိုများမည်။ ထိုအကြံနှင့် ဖောင်တစ်စင်းကို ကျွန်တော်က ၀ဲဘက် ပဲ့ပိုင်းတွင် စမ်းသပ် အဖွင့်ခိုင်းခြင်းဖြစ်သည်။ “စမ်းသပ်အဖွင့်ခိုင်း” ဟု ဆိုခြင်းမှာ ဤ အသက်ကယ်ဖောင်မျိုးကို ယခင်က ကျွန်တော် အသုံးမပြုခဲ့ဖူးသည် သာမက မြင်ပင် မမြင်ဖူးခဲ့ချေ။

ကျွန်တော်သာမဟုတ် ဗိုလ်စောဦးလည်း ဖွင့်၍ မကြည့်ဖူးပေ၊ သူသည် အသက်ကယ်ဖောင် ဖွင့်သည့်အညွှန်းကို ဖောင်ရစ်ပတ်ထုတ်ထားသည့် ပတ္တူစပေါ်တွင် ဖတ်ရှုပြီးနောက် ဖောင်ကြိုးစ သေးသေးတစ်ချောင်းကိုယူကာ သင်္ဘောလက်ရန်းတိုင်တွင် ရစ်ပတ် ချည်နှောင် လိုက်သည်။ ထို့နောက် အနီးတွင်ရှိသော ရဲဘော်များ၏ အကူအညီဖြင့် ဖောင်ထုပ်ကိုမကာ ပင်လယ်တွင်းသို့ ပစ်ချလိုက်တော့၏

“ဖုန်း” ခနဲ အသံမြည်သံ ကြားရပြီးသည့်နောက်တွင် “ရူး” ဟူသော အသံရှည်ကြီး တမိနစ်ခန့် မြည်သံ ကြားရပြီးသည့်နောက် ကျွန်တော်တို့၏ မျက်စိရှေ့တွင်ပင် လိမ္မော်ရောင်ရှိသည့် ရော်ဘာဖောင်တစ်ခုသည် ပင်လယ်ပြင်ထက်တွင် မျက်လှည့်ပြလိုက် သည့်အလား ပွင့်ကားထွက်ပေါ်လာတော့သည်။ လိမ္မော်ရင့်ရင့် အရောင် အသက်ကယ်ဖောင် ၀ိုင်းဝိုင်းကလေးသည် အပြာရောင်ရှိသည့် ပင်လယ်ပြင်၏ ဒေါသမာန်ထနေသော လှိုင်းလုံးများကြားတွင် ကိုယ်ဖော့ဝပ်စင်းနေသည့် ငှက်တစ်ကောင်ပမာ ပေါ့ပါးစွာ မြူးထူးကစားနေသည်။ ကျွန်တော်နှင့် ဗိုလ်စောဦးတို့ ရပ်ကြည့်နေစဉ် အခိုက်တွင်ပင် ဖောင်ဖွင့်ရာ အနီးပတ်ဝန်းကျင်တွင် ရှိသည့် ရဲဘော်များသည် ဖောင်တွင်းသို့ ခုန်ချသူက ခုန်ချ၍ ဒိုင်ဗင်ထိုးချသူက ထိုးချကြတော့သည်။ ပဲ့အိမ်တွင်းမှ ကြည့်နေသည့် ရဲဘော်တချို့က ပြေးထွက်လာကြသည်။

“ဟေ့ကောင်တွေ လာကြ၊ မပြေးကြနဲ့ ၊မဆင်းကြနဲ့” ဟု လှမ်းအော်သည်။ အသံ မဆုံးမီပင် သုံးလေးဦး ခုန်ချပြီးနှင့်ကြပြီဖြစ်သည်။

“ဗိုလ်စောဦး ၊ ဘယ်သူမှ မဆင်းစေနဲ့၊ ဟေ့…… မင်းတို့ကို ဘယ်သူက Abandon Ship အမိန့်ပေးလို့ ဆင်းတာလဲ၊ ငါက ဖောင်ဖွင့်ကြည့်ခိုင်းတာပဲ ရှိသေးတယ်”

ကျွန်တော်က သင်္ဘောစွန့်ခွာရန် အမိန့်မပေးပါဘဲလျက် သင်္ဘောပေါ်မှ မဆင်းကြရသည်ကို သူတို့ သိရှိကြပြီးသားဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်အောက်တွင် ရှိနေသည်က နစ်မြုပ်နေသည့် ရေယာဉ်တစင်း၏ ကုန်းပတ်၊ ပင်လယ်တွင် မြင်ရသည်က ရေယာဉ်ထက် ပို၍ စိတ်ချရမည်ထင်သော အသက်ကယ်ဖောင်တစ်ခု၊ သူတို့၏ အသက်ရှင်နေထိုင်လိုမှု အသိသည် စည်းကမ်းကို မေ့လျော့သွားစေခဲ့သည်။ ကြောက်စိတ်က လွှမ်းမိုးနေသည်။

“ဟေ့ကောင်တွေ ပြန်တက်လာခဲ့ကြ၊ ဗိုလ်စောဦး သူတို့ကို သင်္ဘောပေါ် ပြန်တက်ခိုင်း”

ကျွန်တော်သည် မဖြစ်နိုင်သည်ကို ဗိုလ်စောဦးအား ခိုင်းမိလျက်သား ဖြစ်နေတော့၏။ လှိုင်းလုံးများက အသက်ကယ်ဖောင်ကလေးကို ငှက်မွေးပမာ၊ ဖော့ပမာ ဆော့ကစား နေတော့၏။ ဖောင်သည် သင်္ဘော၏ နောက်ဘက်တွင် ရှိနေခိုက် လှိုင်းတစ်လုံးက ပင့်တင်လိုက်သည်နှင့် သင်္ဘောကုန်းပတ်ထက် မြင့်စွာသော လှိုင်းထိပ်ဖျားသို့ တမုဟုတ်ချင်း ရောက်သွားသည်။ လှိုင်းထိပ်ဖျားတွင် ခေတ္တမျှ တန့်နေခိုက် ကြည့်လိုက်ရာ ဖောင်တွင်းရှိ ရဲဘော်တစ်စု၏မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသည်။ ကျွန်တော် မြင်တွေ့ရသည်နှင့် မှတ်မိလိုက်သည့် မျက်နှာတစ်ခုမှာ တလျှောက်လုံး လှိုင်းမူးနေ၍ အလုပ်တာဝန်ကိုပင် မထမ်းဆောင်နိုင်သည့် ခင်မောင်လတ်ပင် ဖြစ်နေတော့သည်။

စောစောက ပဲ့အိမ်တွင်းမှ ထွက်ပြေးခုန်ဆင်း သွားသူများအနက် တစ်ယောက်ဖြစ်သည်။ ကျန်ရှိသည့် ရဲဘော်များသည် အခိုက်အတန့်အားဖြင့်သာ သတိလစ်ဟင်း ကြမည်ဖြစ်သော်လည်း တာဝန်ရှိသည့် စစ်ရေယာဉ်မှူးက မည်သူမျှ မဆင်းကြရန် တိကျသော အမိန့်ကို ပေးလိုက်သည်နှင့် တပြိုင်နက် သူတို့ဆက်ဆင်းရန် မကြိုးစားကြတော့ပေ။ သူတို့ စိတ်တွင် အမိန့်နှင့် တာဝန် ၀တ္တရားကို ချက်ချင်းသတိရကြ စေသည်။


No comments: