.

.

.

July 4, 2011

K.I.A နဲ့ အပစ်ရပ်ရေးအပေါ် ဗိုလ်ချုပ်များအတွင်း သဘောထားကွဲလွဲ


(photo - http://jinghpawkasa.blogspot.com)

K.I.A နှင့် စစ်တပ် အပစ်ရပ်ရေးအပေါ် အစိုးရအသစ်အတွင်း အရပ်ဝတ်ဗိုလ်ချုပ်များနှင့် စစ်တပ်ဗိုလ်ချုပ်များအကြား သဘောထားကွဲလွဲနေတဲ့ သတင်းအား စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီးတော့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်အနေဖြင့် စောစောပိုင်း အချိန်ကာလပိုင်းကပင် နအဖအစိုးရက K.I.A ကို စစ်တိုက်ရန် ကြိုတင်ပြင်ဆင်ထားမူ ရှိခဲ့ကြောင်းကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ဟာ လုံခြုံမူမရှိလို့ စစ်ဆင်ရေးကြိုတင် စီမံဆောင်ရွက်မူများကို ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်သို့ ပြောင်းရွေ့ခဲ့တယ်လို့ သတင်းတွေ ဖေါ်ပြခဲ့ပါတယ်။ K.I.A ဟာ အမျိုးသားညီလာခံ တက်ရောက်ခဲ့စဉ်က နအဖနဲ့ ပထမဦးဆုံး ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ရမခ တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်လက်ထက်က K.I.A တပ်စခန်းတစ်ခုအား စစ်တပ်က ဝင်ရောက်စီးနှင်းမူနဲ့ပတ်သက်ပြီး K.I.A နှင့်မကျေမနပ်ဖြစ်ခဲ့ရကာ K.I.A မှ ဒေါက်တာတူးဂျာတို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်မြင့်ဆွေနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရပါသေးတယ်။

နောက်ဆက်တွဲ ဘဝင်မကျတဲ့ ဖြစ်စဉ်လေးတစ်ခုကတော့ အမျိုးသားညီလာခံကျင်းပစဉ်အတွင်း K.I.A က ကချင်ပြည်နယ်နေ့ တိုက်ဆိုင်နေလို့ ညောင်နှစ်ပင်ညီလာခံ ကိုယ်စားလှယ်များအား ဧည့်ခံကျွေးမွေးပြီး ပွဲတော်ကျင်းပခွင့် တောင်းခြင်းအပေါ် ထုံးစံမရှိဘူး ဟု ဆိုကာ ငြင်းပယ်ခံရပါတယ်။ နောက်ဒုတိယ ဖြစ်စဉ်တစ်ခုမှာ နအဖက K.I.A ကို အများသိတဲ့အတိုင်း နယ်ခြားစောင့်တပ်အဖြစ် စည်းရုံးတာကို လက်မခံသောကြောင့် ဖြစ်ပါတယ်။ တတိယ ဖြစ်စဉ်အနေနဲ့ နအဖက မကျေနပ်ရာမှာ ရွေးကောက်ပွဲတွင် ဒေါက်တာတူးဂျာ ဦးစီးသော ကချင်ပါတီအား ကြံ့ဖွတ်ပါတီထဲသို့ အတင်းဝင်ရောက်ခိုင်းတဲ့အပေါ် ငြင်းဆန်လို့ မကျေနပ်ခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဝန်ကြီးဦးအောင်သောင်းနဲ့ ဝန်ကြီးဦးသိန်းဇော်တို့ သွားရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ဒေါက်တာတူးဂျာအား K.I.A နဲ့ အဆက်အသွယ်ရှိသည်ဟု ဆိုကာ ပါတီဖွဲ့စည်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ နောက်ဆုံး နအဖရဲ့အပြင်းထန်ဆုံး မကျေနပ်ချက်မှာ K.I.A အနေနဲ့ K.N.U နဲ့သွားရောက်ပူပေါင်းတဲ့ ကိစ္စအပေါ် ဒေါသူပုန်ထပါတယ်။ ထို့အပြင် မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းနေရာမှာ ဗုံးကွဲတာနဲ့ပါတ်သက်ပြီ တရုတ်အစိုးရနဲ့ မျက်နှာပျက်ခဲ့ရတဲ့ နအဖဟာ K.I.A လို့ မတရား စွပ်စွဲခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာတော့ မူလက အကြိတ်အခဲများ စုစည်းလာလို့ သီးမခံနိုင်တော့ဘဲ တာပိန်ရေကာတာ ရေအားလျှပ်စစ်စီမံကိန်း လုံခြုံရေးနှင့် စပ်လျဉ်းပြီး K.I.A နှင့် အစိုးရအဖွဲ့သစ်တို့ ပဋိပက္ခဖြစ်ပွားကာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အစိုးရအဖွဲ့သစ်အတွင်း ဒုသမ္မတ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ခက်ထန်ပြီး K.I.A ကို တိုက်ခိုက်ချေမှုန်းရန် စိတ်ဆန္ဒပြင်းထန်သူဖြစ်တယ်။ ကာကွယ်ရေးကို ကိုင်တွယ်ထားသူဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို စစ်ရေးအရ ပြင်ဆင်ထားဖို့ အမိန့်ပေးထားပြီး ဖြစ်တယ်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်နေတဲ့ ဗိုလ်ချုပ်စိုးဝင်းဟာ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးမှ လာခဲ့သူဖြစ်ပြီး ကချင်ပြည်နယ် နေရာဒေသကျွမ်းကျင်ပြီး တိုက်ရိုက်အနီးကပ် ကိုင်တွယ်နေသူဖြစ်ပါတယ်။ သူတိုင်းမှူးဘဝတုံးက မြစ်ဆုံရေကာတာ လျှပ်စစ်စီမံကိန်းမှာ ဗုံးကွဲဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လက်သည်မပေါ်လို့ ကကကြည်းရဲ့ ထုထောင်းမှုကို ခံခဲ့ရကာ K.I.A အပေါ် ကျေနပ်မှုမရှိကြောင်း သိရှိရပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းအပါအဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း တို့ကတော့ စစ်ရေးအရ တိုက်ခိုက်မှုအပေါ် လိုလားမှု မရှိကြကြောင်း သိရှိရပါတယ်။


ဒီသဘောထားကွဲလွဲမှုကို သက်သေဖြစ်စဉ်အနေနဲ့ ထောက်ပြရရင် မြစ်ကြီးနား ကြံ့ဖွတ်ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ စေလွှတ်ရာမှာ အပစ်ရပ်ရန် အထောက်အထားစာ (သို့) ကြေးနန်း တစ်ခုခုကို ကချင်ပြည်နယ်အစိုးရသော်လည်းကောင်း၊ တိုင်းမှူးကသော်လည်းကောင်း မည်သူမှ မပေးရဲသေးကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်က တရုတ်သမ္မတဟူကျင်တောင်ရဲ့ ဖိအားပေးမူကြောင့် K.I.A အရေးကို ကိုင်တွယ်ဖို့ တွန့်ဆုတ်နေရကြောင်း၊ တရုတ်သမ္မတက ယူနန်ပြည်နယ် အစိုးရရဲ့တင်ပြချက်အရ ကချင်ပြည်နယ်ရှိကချင်လူမျိုးများဟာ တရုတ်နိုင်ငံအတွင်း K.I.A ထောက်ခံချက်ဖြင့် ပြည်နယ် ၄ ခုအထိ လွတ်လပ်စွာ သွားလာနိုင်သောကြောင့် ရင်းနှီးကျွင်းဝင်ဆွေမျိုးများ ရှိနေပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ် သယံဇာတများဖြစ်တဲ့ ကျွန်းကဲ့သို့သော သစ်တောများ၊ ဖါးကန့်ကဲ့သို့ ကျေက်စိမ်းများ တရုတ်ပြည်သို့ တရားမဝင် တင်သွင်းနေလို့ စစ်ပွဲဖြစ်ဖို့ တရုတ်က ဆန္ဒမရှိကြောင်း သိရှိလာရတဲ့အတွက် သမ္မတဦးသိန်းစိန် ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် (စရဖ) ဗိုလ်ချုပ်ကျော်ဆွေတို့က သမ္မတရဲ့အပစ်ရပ်ရေး သဘောထားကို ထောက်ခံလိုက်လို့ K.I.A နှင့် အပစ်ရပ်တဲ့ကိစ္စ စတင်လိုက်ရခြင်း ဖြစ်တယ်။ ဒါတောင်မှ အပစ်ရပ်ဆွေးနွေးရန်သွားတဲ့အဖွဲ့တွင် (မပခ)မှ အရေးပါတဲ့ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းအုန်း နဲ့ (စရဖ)မှ ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး နိုင်လင်း တို့ ပြုတ်ကျန်ခဲ့တာကို ကြည့်ခြင်းဖြင့် သဘောထားကွဲလွဲမှု ရှိနေကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ K.I.A အနေနဲ့ နောက်ပိုင်း ဆွေးနွေးမှုများအပေါ် သတိတရားထားပြီး ချိင့်ချိန်သွားနိုင်ရန်နှင့် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်အား တွေ့ဆုံခွင့် တောင်းဆိုသွားရေး လိုအပ်ကြောင်း စစ်ဖက်နီးစပ်သူများက အကြံပြုထားပါတယ်။

No comments: