.

.

.

September 10, 2011

မရောက်စဖူး အရောက်ထူးသော မဲဇာတပ်များသို့ ဗိုလ်ချုပ်ခင်အောင်မြင့်

ဟုမ္မလင်းလေတပ် စခန်းဌာနချုပ် ( ပုံ - google map )

လေတပ်ရဲ့ မဲဇာတပ်များဖြစ်ကြတဲ့ မြိတ် လေတပ်စခန်း ဌာနချုပ် (မလခ) နှင့် ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ် (ဟလခ) တွေကို အထက်ဌာန ဗိုလ်ချုပ်များက မရောက်စဖူး အရောက်ထူး လာရောက်စစ်ဆေးတဲ့ သတင်းအား ကက (လေ) နှင့် နီးစပ်တဲ့ အသိုင်းအဝိုင်း က စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့်ဟာ ကိုယ်ရေး အရာရှိ PSO နှင့် ဦးစီး အရာရှိ (၂) ဦးသာ ခေါ်ဆောင်ပြီး ၁၅-၈-၂၀၁၁ ရက်နေ့တွင် မြိတ် လေတပ်စခန်း ဌာနချုပ် (မလခ) နှင့် ၃၁-၈-၂၀၁၁ ရက်နေ့တွင် ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ် (ဟလခ) သို့ ရောက်ရှိလာကာ တပ်မှ မိသားစုများ အဆင့်အတန်းများအား တွေ့ဆုံ သြ၀ါဒ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဗိုလ်ချုပ် ခင်အောင်မြင့်က မိန့်ကြားရာမှာ လေတပ်မှ အရာရှိ စစ်သည်များ အနေဖြင့် စည်းလုံး ညီညွတ်စွာ ချစ်ချစ်ခင်ခင် နေကြရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်၊ နာကြည်းမှု မကျေနပ်မှုများ မထားကြပဲ မကျေနပ်မှုများအား မိမိထံ ပွင့်ပွင့်လင်းလင်း တင်ပြရန်၊ တပ်တွင်း အခြေအနေများအား ပြင်ပ အထူးသဖြင့် အင်တာနက်ပေါ် တင်လိုက်ပါက တပ်မတော် သိက္ခာ ကျစေပြီး သစ္စာမဲ့သော လုပ်ရပ်ဖြစ်သဖြင့် မလုပ်ကြရန် စသောအချက်များအား ဩဝါဒ မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လေတပ်စခန်း ဌာနချုပ် တွေရဲ့ မိသားစုများကတော့ အထက်ကို တင်ပြရင်လည်း ယခင်က ထိထိရောက်ရောက် လုပ်ပေးခဲ့တာ မရှိတာမို့ သူ့အား ကျေးဇူးတင်သည်ထက် အင်တာနက်ပေါ် ရောက်ရှိအောင် ကြိုးစား ပေးပို့နေတဲ့ အရာရှိစစ်သည်များကို ကျေးဇူးတင်နေတယ်လို့လည်း သိရပါတယ်။


တဆက်တည်း ဆက်တိုက်ဝင်လာတဲ့ သတင်းများအရ DSA - ၄၁ နှင့် ၄၂ မှ လေသူရဲ အရာရှိ ဗိုလ်မှူး အယောက် (၄၀၀) ကျော်အား ဒုမှူးကြီး တပြိုင်နက် မပေးနိုင်ခြင်း ပြသနာဖြေရှင်းရန် အချို့အား ပို့ဆောင်ရေး ၀န်ကြီးဌာနသို့ ရာထူး အမျိုးမျိုးဖြင့် ပြောင်းပေးရန် စီမံချက် ရေးဆွဲနေကြောင်း သတင်းရရှိခဲ့ပါတယ်။

No comments: