.

.

.

January 2, 2009

အသားကင် စားချင် သေးလား

တောက်တဲ့ (နံမည်ပြောင်) နှင့် သူငယ်ချင်း ဆားပုလင်းများ ခံခဲ့ရပုံ

ဆောင်းပါးရှင် - အနော်ရထာ (အမျိုးသားထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

စာဖတ်သူများ ခင်ဗျား-

အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်း တပ်မတော် အရာရှိ တစ်ဦးက “အသားကင် စားချင်သေးလား” ဆိုတဲ့ ဆောင်းပါးကို ကလောင်နံမည် အနော်ရထာ ဖြင့် ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့တဲ့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆောင်းပါးရှင် အနော်ရထာအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ အဆိုပါ တပ်မတော် အရာရှိရဲ့  ဆောင်းပါးများ ပေးပို့လာတဲ့အပေါ် မူတည်ပြီး အပတ်စဉ် အလျဉ်းသင့်သလို စာဖတ်သူများအား တင်ပြသွားပါမယ်။ ဒီဆောင်းပါးမှာ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့  အသက်ခန္ဓာ လုံခြုံရေးကို မတော်တဆ ထိခိုက်လာပြီဆိုရင် သူတို့ ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကိုတောင်မှ ခွင့်မလွှတ်ဘဲ အရေးယူတာမို့ တပ်မတော်သားများအနေနဲ့ သတိ သံဝေဂတရား ရရှိဖို့ တင်ပြထားပါတယ်။

မှတ်မှတ်ရရပေါ့ (၅ဝ)နှစ်ပြည့် တမ်မတော်နေ့ မရောက်ခင် တစ်နေ့ (၂၆-၃-၁၉၉၅) ရက်နေ့က ကမ္ဘာအေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲဟာ တပေါင်းလပြည့်နေ့ နှင့်ကြုံနေတော့ ကျွန်တော် တို့ ထောက်လှမ်းရေးတွေ အလုပ် တော်တော်များ နေခဲ့ကြတာပေါ့၊ အဲဒီအထဲ ကျွန်တော်တို့က ကံဆိုးခဲ့တာလား၊ ကံကောင်းခဲ့ တာလားတော့ မသိဘူး ၊ပြောစရာတစ်ခု ချန်ထားခဲ့တယ်လေ၊၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်အာဏာရှင် တော်တော်များများကို ချီးပန်းအောင် လုပ်လိုက်မိလို့ပါ၊၊ ဖြစ်စဉ်ကတော့ ဒီလိုပါ။ တပ်ချုပ်နဲ့ တက်ရောက်လာကြသော ဗိုလ်ချုပ်များကို ကျွန်တော်တို့ ထောက်လှမ်းရေးမှ စေတနာဗလပွဖြင့် အသားကင်နှင့် ဧည့်ခံဖို့ တာဝန်ယူထားလေရာ ကျွန်တော်တို့က ဝယ်ယူရေး တာဝန်ကျပါတယ်၊၊ အဲဒီနေ့နံနက် စောစောပိုင်းမှစပြီး သူငယ်ချင်းအရာရှိ တစ်ဦး ကြောင်ရှာကောင်း၍ (ဂွင်ကောင်းကောင်း) ရထားသော ကားဖြင့် မြို့ထဲသို့ သွားကာ လမ်းမတော်နှင့် လသာမြို့နယ်များမှ အသားကင်ဆိုင်များကို အခြားသူများအား ပေးမရောင်းစေဘဲ လည်ပင်းညှစ် အသားကင်များကို ဝယ်ယူပြီး ကမ္ဘာအေးဘုရားသို့ ပြန်ခဲ့ကြပါတယ်၊၊ မျက်နှာလို မျက်နှာရ လုပ်၍ လှပစွာဖြင့် CID မှုခင်းတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမေ များက ပြင်ဆင်ကာ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်၊၊ အားလုံးပြီးစီး၍ ပြန်သွားကြပြီး နောက်နေ့ ညနေ ၅နာရီခန့်မှာတော့ ရုတ်တရက် ကျွန်တော်တို့ကို နေထိုင်ရာနေရာ အသီးသီးမှ အမှတ်(၂) စစ်အကျဉ်းထောင်၊ ရွှေပြည်သာသို့ ပင့်ဆောင် ခေါ်ယူသွားပါတော့တယ်၊၊ စစ်ကြောရေးစခန်းမှာ ဗိုလ်မှူးတစ်ဦးနဲ့ ဒုဗိုလ်မှူးကြီး တစ်ဦးတို့က ညီလေးတို့တော့ နိုင်ငံတော်လုပ်ကြံမှု၊ အင်းစိန်ထောင်နဲ့ ရွှေပြည်သာထောင် ကြိုက်တာသာ ရွေးပေတော့လို့ ပြောလာရာ ကျွှန်တော်တို့ (၅)ယောက် ဘုမသိ ဘမသိဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရပါတော့တယ်၊၊

စစ်ကြောရေးမှာ (၂)ည အိပ်ပြီးတဲ့နောက် ညီလေးတို့ မိခင်တပ်ကို ပြန်လည်သတင်းပို့ပါလို့ စစ်ကြောရေး တပ်မှူးက ပြောပြီး တပ်ပိုင်ကားဖြင့် လိုက်ပို့ပေးပါတယ်၊၊ တပ်ရောက်မှ အသေးစိတ် သိရတာက ဖြစ်ကြောင်း ကုန်စင်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

အသားကင်များ စားပြီးနောက် တပ်ချုပ်ြကီးခမျာ ဝမ်းတော်လားကာ ဒရစ်ပုလင်းကြီး ခြောက်လုံးတောင် သွင်းရကြောင်း တပ်ချုပ်ကတော်မှာလည်း ပန်းမမဘ၀ရောက် အားပြတ်သလို ဖြစ်သွားကြောင်း၊ စစ်ရေးပြ အခမ်းအနားမှာ တပ်ချုပ်အနေနဲ့ စစ်ရေးပြ စင်မြင့်ပေါ်သို့ လူတွဲ၍ သွားရကြောင်း၊ စတန့်ထွင်ခြင်း မဟုတ်ရကြောင်း၊ ဗိုလ်ချုပ် တော်တော်များများလည်း ယင်းသို့ဖြစ်ကြကြောင်း၊ ဒါကြောင့် ဝယ်ယူသူ အားလုံးကို တပ်ချုပ်မှ ဖမ်းချုပ်ခိုင်းခြင်း ဖြစ်ကြောင်း စသဖြင့် သိရှိရပါတယ်၊၊

ဒါပေမဲ့ ဓါတုဗေဒဝန်ရုံးမှ ဆေးစာအရ အသားကင်နှင့် တို့၍စားသော အချဉ်ရည်မှာ ပြင်းထန်သော ဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသဖြင့် ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားခဲ့ပါတယ်၊၊ ကျွန်တော်တို့ကိုတော့ ခွင့်မလွှတ်ဘဲ ကိုယ်ရေးရာဇ၀င်မှာ မှင်နီ ပါအောင် တားကာ ရာထူး နှောင့်နှေးစေတဲ့ ပြစ်ဒဏ် မှတ်တမ်းတင် သတိပေးခြင်း ခံလိုက်ရပါတယ်၊၊

ကျွန်တော်တို့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ဟာ အဲဒီဖြစ်စဉ်ကြောင့် ဒေါကန်ပြီး “ကြွက်မနိုင် ကျီ မီးနဲ့ ရှို့ ” ပါတော့တယ်။ လမ်းမတော်နှင့် လသာမြို့နယ်များရှိ အသားကင်ဆိုင် အားလုံးအား ည ၁၁းဝဝနာရီ ထိသာ ရောင်းချရမည် ဖြစ်ကြောင်း နှိပ်ကွပ်ပါတော့တယ်။ အဲဒီမြို့နယ်များမှ ကာရာအိုကေနှင့် အနှိပ်ခန်းများ ၊ချဲဒိုင်များ ကိုလည်း လိုင်းကြေး ပိုတောင်း ကောက်ခံပါတော့တယ်။ တောက်တဲ့ (နံမည်ပြောင်) နှင့် သူငယ်ချင်း ဆားပုလင်းများ ခံခဲ့ရပုံ အပိုင်း(၁) ဤမှာပြီးပါတယ်၊၊ တပ်ချုပ်သာ အဲဒီကိစ္စမှာ မာလကီးယားပြီး သေသွားခဲ့ရင် ယနေ့တပ်မတော်နှင့် ပြည်သူတို့ အခုလို ဒုက္ခတွေ ခံစားချင်မှ ခံစားနိုင်ပါမယ်၊၊ ဒါကြောင့် တပ်ချုပ်ကြီးအား အသားကင် စားချင်သေးလားလို့ မေးကြည့်ချင်ပါသေးတယ်။ စားချင်ရင်တော့ ဒီတခါ တကယ် မာလကီးယားအောင် ကျွေးပလိုက်မယ်လို့ စိတ်ကူးမိ ပါသေးတယ် ခင်ဗျား။

No comments: