.

.

.

January 3, 2009

မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော်

တပ်မတော် ဖခင် ချစ်စေချင်-အပိုင်း(၁)

ဆောင်းပါးရှင်- ဒုဗိုလ်မှူးကြီး အေးမြင့်

စာဖတ်သူများခင်ဗျား-

ဒီမိုကရေစီကို မြတ်နိုးပြီး ပြည်သူ့တပ်မတော် ဖြစ်ဖို့ ဆန္ဒပြင်းပြလှတဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် ရဲ့ ဆောင်းပါးကို ကျွန်တော်ကိုဖိုးတရုတ်မှ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ အခုလို တင်ပြခွင့်ပြုခဲ့လို့ ၀မ်းမြောက်ဝမ်းသာ အထူးကျေးဇူး တင်ရှိပါကြောင်းနဲ့ အဘဦးအေးမြင့်အား လေးစားဂါရ၀ပြုကာ စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင် အပ်ပါတယ်။ အဘဦးအေးမြင့် တပ်မတော်မှာ နေခဲ့တဲ့ အတောအတွင်း ပြုမူလုပ်ကိုင် ဆောင်ရွက်ခဲ့ပုံတွေဟာ စစ်သားကောင်းတစ်ဦး ဖြစ်ခဲ့သလို သူဟာ မိဘဆရာတစ်ဦးသဖွယ် အရာရှိ စစ်သည်တို့ကို စံနမူနာပြ ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီ Blog ကို ကြည့်ရှုနေကြတဲ့ လက်ရှိ တပ်မတော်သားများအနေနဲ့ အဘ ဦးအေးမြင့်မှ မီးမောင်းထိုးပြတဲ့အတိုင်း ယနေ့ တပ်မတော်ဟာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာတွေကို ဆင်ခြေသုံးသပ်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

ဒီနေ့ တပ်မတော်ရဲ့  နိဒါန်းအစ ပေါက်မြောက် ဖြစ်ထွန်းလာခဲ့ရတဲ့ မနေ့က တပ်မတော်ကို တိုင်းပြည်ရဲ့လွတ် လပ်ရေး ဗိသုကာ တပ်မတော်ရဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချူပ်အောင်ဆန်းက ဦးစီးတည်ထောင် ခဲ့တယ်ဆို တာကို ဘယ်သူမှ ငြင်းမရတဲ့ သမိုင်းသာဓက တစ်ရပ်ဖြစ်ပါတယ်။ ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း နဲ့အတူ စတင်မွေးဖွားခဲ့တဲ့ တပ်မတော်ကြီးလည်း ဖြစ်ပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းအမှူးပြုတဲ့ သူရဲကောင်း အာဇာနည် ရဲဘော်သုံးကျိပ်ဝင်များက ဦးစီးပြီး BIA တပ်မတော်ကို စတင်စုဖွဲ့ခဲ့ကြကာ BDA,BNA (သို့မဟုတ်) PBF ရယ်လို့ အဆင့်ဆင့် ပြင်ဆင်စုဖွဲ့ ခဲ့ကြပါတယ်။လွတ်လပ်ရေး မရမှီကာလ ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့မှာ ကန္ဒီစာချူပ်အရ အမြဲတမ်း ဗမာ့တပ်မတော် အသွင်ကို ပြောင်းလဲစုဖွဲ့ခဲ့ကြတာ သမိုင်း မှတ်တမ်းမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။

တပ်မတော်ရဲ့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း စုဖွဲ့ တည်ထောင်ခဲ့လို့လည်း ဒီနေ့ တပ်မတော်ကြီးဟာ အဓွန့်ရှည် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်မှာ အရာရှိ၊အရာခံ ၊အကြပ်၊တပ်သားများရယ် လို့တာဝန် များ ထမ်းဆောင်နေကြပြီး လစာ၊စရိတ် ၊စစ်လက်နက်ပစ္စည်း ၊ရိက္ခာမှ အစ အဆင့်၊ရာထူးများခံစားနေကြရတာဟာ ဗိုလ်ချူပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်ကြီးများရဲ့  ကျေးဇူးကြောင့်လို့ ဆိုရပါမယ်။

တပ်မတော်ရှိလို့သာ ခံစားနေကြရတာပါ။ ဗိုလ်ချူပ်အောင်ဆန်းတို့သာ မစုဖွဲ့ခဲ့ရင် တပ်မတော်ရယ်လို့လည်း မရှိခဲ့နိုင်သလို ရာထူးအဆင့် အာဏာ ပါဝါ များလည်း ဘယ်လိုမှ ခံစား စံစား နိုင်ကြမှာ မဟုတ်ပါဘူး။ အာဏာရူး၊ နှာဗူး ၊ မြင်းသမားကြီး ဗိုလ်နေ၀င်းရဲ့  မဆလခေတ် (၂၆)နှစ်မှာတောင် တိုင်းပြည်ရဲ့  ကျေးဇူးရှင် ဗိုလ်ချူပ်အောင်ဆန်းကို သိသိသာသာ ပြောင်ပြောင်တင်းတင်း သမိုင်းကနေပြီး ဖယ်ထုတ်မှေးမှိန် စေခဲ့တဲ့ လုပ်ရပ်မျိုး မတွေ့ခဲ့ရပါ။ မသိမသာ တစ တစသာ မှေးမှိန်စေခဲ့ပြီး ဗိုလ်နေ၀င်းကို အမွှန်းတင်မှုသာ တွေ့ခဲ့ပါတယ်။

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား စစ်ကြောင်းများ စုဖွဲ့ခဲ့ရာမှာပင် အောင်ဆန်းစစ်ကြောင်း ရယ်လို့ ဂုဏ်ပြုတင်စား စုဖွဲ့ခဲ့တာ အမှတ်ရနေပါတယ်။ ပစ်ပစ်ခါခါ စွန့်ပယ်ဖယ်ရှားတာ မတွေ့ခဲ့ရပါ။ ရှစ်လေးလုံး သမိုင်းဝင် အရေးအခင်း နောက်ပိုင်းကျမှဘဲ တစ တစသိသာ ထင်ရှားစွာ သမိုင်းမှ ပယ်ထုတ် လာတာ သတိပြုမိပါတယ်။ ဒါထက် ပိုပြီး ရှင်းရှင်းလင်းလင်း ပကတိ အရှိအတိုင်း ရေးရပါလျှင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ထင်ပေါ် ကျော်ကြားလာချိန်ကစလို့ ဖခင်ဖြစ်သူအပေါ် ပိုပြီး အာဃာတ တရားကြီးမားစွာနဲ့ မှေးမှိန်ပျောက်ပျက်အောင် ကြံဆောင်လာကြတာ တွေ့ရပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကြီး ပြိုကွဲ ချူပ်ငြိမ်း ခဲ့ရတာကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးထား မုန်းမာန်ပွားကာ အောက်တန်းကျကျ တြုံ့ပန်တိုက်ခိုက် အပုပ်ချရာမှ စလို့ ကျေးဇူးရှင် တိုင်းပြည်ရဲ့ လွတ်လပ် ရေး ဗိသုကာ တပ်မတော် မူလ ပထမ ဖခင်အစစ် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမိုင်းကြောင်းကိုပါ မလိုတမာ သိသာ ထင်ရှားစွာ ဖျောက်ဖျက်လာကြတာ ဖြစ်ပါတယ်။

ဖခင်နဲ့ သမီးကို ခွဲခြားပြီး မြင်သင့်ပါတယ်။ မဆီမဆိုင် လက်ပံသား ဓါးနဲ့ ချိုင် ဆိုသလို ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးကန်းရန် မသင့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့  မူလဖခင် ဖခင် အစစ် ဖြစ်ရုံသာမက တိုင်းပြည်ရဲ့  အတုမဲ့ ကျေးဇူးရှင်၊ တမျိုးသားလုံး တုနှိုင်း ယှဉ်လို့ မရတဲ့ ကျေးဇူးရှင် ဖြစ်သလို တစ်ဦးတည်းသာ ရှိတဲ့ အမျိုးသား သူရဲကောင်း၊ သမိုင်းမှာ နှစ်ယောက် မရှိနိုင်တဲ့ ခေါင်းဆောင်ကြီးသာ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ တပ်မတော်က မျိုးချစ်စစ်သည်တိုင်းဟာ မလွဲမသွေ လက်ခံရပါမယ်။ သမိုင်း အမှန် သိသူတိုင်း မြန်မာနိုင်ငံသားတိုင်း မျိုးချစ်စစ်သည်တိုင်း ပကတိ အမှန်ကို မြင်ကြရပါမယ်။ ဒါကြောင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမိုင်းဖျောက်ဖျက်သူ မှန်သမျှကို မဟာရန်သူ အဖြစ် မြင်ကြရပါမယ်။ ဆန့်ကျင် ချေမှုန်း တုန့်ပြန် သွားသင့် ကြပါတယ်။

ဒီနေ့ တပ်မတော်ကို စတင်စုဖွဲ့ခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းပင်လျှင် တပ်မတော်ကို စတင် စုဖွဲ့ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးသာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တပ်မတော်ကြီးကို စတင် စုဖွဲ့ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင်များဟာ နှစ်ဦးသာ အသက်ထင်ရှားရှိနေပြီး အားလုံး ကွယ်လွန်သွားကြရှာပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဗိုလ်ရဲထွဋ်နဲ့ ပြည်ပမှာ ဗိုလ်ကျော်ဇောတို့ နှစ်ဦးသာ သက်ရှိထင်ရှားကျန်ပါတော့တယ်။ ဘာဘဲ ဖြစ်ဖြစ် ဒီနေ့တပ်မတော်ရဲ့ ကျေးဇူးရှင် စာရင်းမှာ ဗိုလ်ချုပ်ကျော်ဇောနဲ့ ဗိုလ်မှူးကြီး ရဲထွဋ်တို့ နှစ်ဦးကို ပယ်ဖျက်လို့ မရနိုင်ပါ။ ပွင့်ပွင့်လင်းလင်း ရေးရရင် ဗိုလ်မှူးကြီး ရဲထွဋ်ဟာ ကွန်မြူနစ်ဟောင်း တစ်ဦးဖြစ်သလို ဗိုလ်ချုပ်ကျော်ဇောဟာ လက်ရှိ ကွန်မြူနစ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကွန်မြူနစ် ၀ါဒကိုရော၊ ကွန်မြူနစ် လူပုဂ္ဂိုလ်များကိုပါ လုံးဝ မနှစ်မြို့ ဘဲ စက်ဆုပ် ရွံ့ရှာပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့  ကျေးဇူးရှင်များအဖြစ် သူတို့ နှစ်ဦးကို အသိအမှတ်ပြုပြီး နားလည်မှု ပေး လေးစားတယ်၊ တန်ဖိုးထားတယ်၊ မိုက်ရိုင်းစော်ကားမှု မပြုနိုင်ပါ။

ဒီနေ့ တပ်မတော်ကို ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန် တို့ စတင် စုဖွဲ့ခဲ့တာ မဟုတ်ပါဘူး။ နအဖတွေက စုဖွဲ့ခဲ့တာလည်း မဟုတ်ပါဘူး။ အားလုံးဟာ နို့သက်ခံ စို့ နေကြသူတွေသာ ဖြစ်ကြပါတယ်။ ဗိုလ်သန်းရွှေက မနေ့က တပ်မတော်မှာ ၁၉၅၃ ခုနှစ်မှ ပါဝင်ခဲ့သလို ဗိုလ်မောင်အေးက ၁၉၅၅ မှာမှ ဗိုလ်လောင်းအဖြစ် ပါဝင်ခဲ့တာပါ။ ကျွန်တော်လည်း ၁၉၅၅ မှာမှ စစ်သား ဖြစ်ခဲ့ရသူပါ။ ထူးခြား ပြောင်မြောက်တဲ့ သမိုင်း အစဉ်အလာ ဘာ တစ်ခုမှ မရှိကြပါ။ သူလို ကိုယ်လို ပိန်မသာ လိမ်မသာ သာမန် စစ်ဗိုလ်များသာ ဖြစ်ကြပါတယ်။ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ ကာလ နောက်ပိုင်းမှာမှ အရှင်မွေးလို့ နေ့ချင်း ညချင်း ကြီးပြင်းလာတဲ့ သူတွေသာ ဖြစ်ကြပါတယ်။ အထင်ကြီးစရာ ဘာတခုမှ မရှိပါ။ အမဲရိုးမှ ဟင်း အိုး အားမနာ ဆိုသလို တချို့  ဗိုလ်ချုပ်တွေက အောင်ဆန်း ဆိုင်းဘုတ် မမြင်ချင်တာနဲ့ အောင်ဆန်း အမည်ကို မကြားချင်ရတာနဲ့ အောင်ဆန်းကို ကျေးစွပ် နေကြတာ မြင်ရ ကြားရလို့ ရင်နာလွန်းလှပါတယ်။

တောကြိုအုံကြား လျှိုမြောင်တောင်ကြားမှာ ကျင်းပတဲ့ ဒီနေ့ တပ်မတော်ရဲ့  စစ်ရေးပြ အခမ်းအနားမှာ သိသိသာသာ အောင်ဆန်း စစ်ကြောင်းဆိုတာကို ဖြုတ်ပစ်လိုက်လို့ လှိုက်လှိုက်လှဲလှဲ ကန့်ကွက် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒါဟာ ဒီနေ့ တပ်မတော်ရဲ့  အကျည်းတန် အရုပ်ဆိုးလှတဲ့ ကျေးဇူးကန်း လုပ်ရပ်အဖြစ် မှတ်တမ်းတင် ရေးသားလိုပါတယ်။ လုံးဝ မခံမရပ်နိုင်အောင် နာကျည်းလွန်းပါတယ်။ ဒီ ကျေးစွပ်တဲ့ လုပ်ရပ်များကို ဒီနေ့တပ်မတော်ထဲက မျိုးချစ် စစ်သည်တိုင်း ပီပီပြင်ပြင် ဆန့်ကျင် ရှုတ်ချကြရပါမယ်။

ဒီနေ့ တပ်မတော်ကြီးကို လက်တဆုပ်စာ စစ်အာဏာရှင်တစ်စုက အသုံးချခံ ကိရိယာ တစ်ခုအဖြစ် အသုံးပြုနေတာကို လက်ခံ လိုက်လျောဖို့ မလိုအပ်တော့ပါ။ သမိုင်းမှန်ကို လေ့လာ ဆန်းစစ်ပြီး မလျော် မကန် မတော် မတရား ပြုကျင့်လုပ်စားနေကြတဲ့ စစ်သူတောင်းစားတွေကို ဒီနေ့ တပ်မတော်ထဲက ဖြစ်တဲ့ နည်းနဲ့ တွန်းလှန်ဖယ်ရှား သန့်စင်သွားကြဖို့ လိုပါတယ်။ မလျော်ကန်တဲ့ လုပ်နည်းလုပ်ဟန် အကြံအဖန် အားလုံးကို အံတု တော်လှန်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မနေ့က တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်ရဲ့  ကွဲပြားခြားနား ထူးခြားတဲ့ ဖြစ်စဉ်မှန်များကိုလည်း ထပ်မံ ဖွင့်ချ ရေးသားသွားပါဦးမယ်။

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက်

(နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ)

NCGUB-BO မှ ရရှိပါသည်။

ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်း ကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာ အထူးဒေသ အတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိ ကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီး ကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စု လူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မြန်မာစစ်အစိုးရရဲ့  တန်ပြန်ထောက်လှမ်းရေး ချေမှုန်းရေး အစီအစဉ်


ဘာမားတူဒေးမှ ကူးယူဖော်ပြပါသည်-

စစ်အစိုးရ ဆန့်ကျင်ရေး ပြည်တွင်းအင်အားစုများကို ဖြိုခွင်းရန်အတွက် စစ်အစိုးရအနေနဲ့ မြေအောက် တန်ပြန် ထောက်လှမ်း ခြေမှုန်းရေး တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ အဲဒီ တပ်ဖွဲ့တွေဟာ အလုပ်လုပ်နေကြပြီ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရုံးပေါ်က သတင်းများ အရ သိရပါတယ်။ အခုလို ရရှိတဲ့သတင်းများကို ပြန်လှန် စစ်ဆေးနိုင်ရန် အခွင့်အရေးတော့ မရရှိခဲ့ပါဘူး။ အတည်ပြုလို့ မရသေးပေမယ့် ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ တန်ပြန် မြေအောက်လုပ်ငန်းများ လုပ်ကိုင်ရန် တပ်ရင်း ၅ ရင်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းထားတဲ့ တပ်ရင်း တခုစီမှာ အဖွဲ့ငယ် ၄ ဖွဲ့ ထပ်မံ ဖွဲ့စည်း တာဝန် ပေးအပ်ထားကြောင်း၊ အဲဒီ အဖွဲ့ငယ်တွေ ကတော့ နိုင်ငံရေး၊ ဘာသာရေး၊ ဖောက်ခွဲရေးနဲ့ အထွေထွေ အဖွဲ့များ ဖြစ်ကြောင်း၊ အဲဒီ အဖွဲ့တွေကို ပြည်တွင်းမှာ အသုံးချမှာ ဖြစ်ပြီး ပြည်ပမှာတော့ အရေးကြုံတိုင်း အသုံးချလေ့ရှိတဲ့ စစ်အစိုးရ လိုလားသူ နိုင်ငံရေးသမား အမည်ခံများကို ဆက်လက် အသုံးပြုသွားမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် လွန်ခဲ့တဲ့ လများ ကတည်းက တာဝန်ပေးထားသူ လူသစ်များလည်း ရှိကြောင်း ဆက်စပ်သတင်းများအရ သိရပါတယ်။

ပြည်တွင်းမှာ တန်ပြန် ထောက်လှမ်း ခြေမှုန်းရေး တာဝန်ပေးထားသူတွေဟာ နိုင်ငံရေး အဖွဲ့အစည်း၊ နိုင်ငံရေး စိတ်ဝင်စားသူ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဝင်စားသူ သံဃာတော်များကို လေ့လာ စောင့်ကြည့် တန်ပြန် ထောက်လှမ်းရေးတွေ ပြုလုပ်မှာ ဖြစ်သလို ဖောက်ခွဲရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးလည်း စုံစမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းပေးပို့သူက ဘားမားတူဒေးကို ပြောပြ ပါတယ်။

လေ့လာသူတဦးက “အခု လုပ်ရပ်တွေကို ရဲချုပ်က ထိန်းချုပ်ထားတာ ဖြစ်နိုင်ကြောင်း၊ ရဲ ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တဖြေးဖြေး ချဲ့ထွင် သွားမယ့်ဟန်တွေကို မြင်နေရကြောင်း။“ ပြောပါတယ်။ အခြား တဦးကတော့ “မြန်မာစစ်အစိုးရအနေနဲ့ ဘယ်လို အဖွဲ့တွေ ဖွဲ့စည်းပြီး အလုပ်လုပ်ကိုင်သည်ဖြစ်စေ၊ ခြစားမှု၊ ဖရိုဖရဲဖြစ်မှုနဲ့ သတင်းမလုံခြုံမှုဟာ နေရာတိုင်းမှာ ရှိနေကြောင်း၊ မြန်မာ့အရေး လှုပ်ရှားသူတွေအနေနဲ့ အဲဒီ အားနည်းချက်တွေကို အချက်ကျကျ ထိုးဖောက်နိုင်ရင် စစ်အစိုးရရဲ့ ခြေလှမ်းတွေကို အသာစီးနဲ့ သိရှိနိုင်ကြောင်း” သုံးသပ်ပါတယ်။

ရန်ကုန်မြို့တွင်းမှာ ညအချိန်တွေဆိုရင် လမ်းပိတ်ဆို့ စစ်ဆေးမှုတွေ ရှိနေကြောင်း၊ ရပ်ကွက်လုံခြုံရေးနဲ့ ရဲတွေက အခန့်မသင့်ရင် ကားတစီးချင်း၊ လူတဦးချင်း စစ်ဆေးတတ်ကြောင်း၊ လမ်းပိတ်ဆို့ စစ်ဆေးမှုကို ည ၁၀ နာရီ နောက်ပိုင်းမှာ ပြုလုပ်တတ်ကြောင်းလည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အငှားကား မောင်းသူ တဦးကတော့ “စစ်အစိုးရဟာ အလကားနေရင်း ကြောက်နေတဲ့သူတွေ ဖြစ်ကြောင်း၊ အဲဒီအချက်ကို မိမိရရ ဆုတ်ကိုင်နိုင်တဲ့အချိန်ဟာ စစ်အစိုးရ ကျဆုံးချိန် ဖြစ်ကြောင်း” သူ့ ခရီးသည်တဦးကို ပြောပြတယ်လို့ ဆိုပါတယ်။

အခုလို ထွက်ပေါ်လာတဲ့သတင်းနဲ့ ပတ်သက်ပြီး ပြည်ပရှိ မြန်မာ့အရေး စောင့်ကြည့်နေသူတဦးက “အတိုက်အခံတွေရဲ့သတင်းတွေ ယူဖို့ နယ်စပ်ကို လူတွေ လွှတ်လိုက်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထိုင်းဖက်က ဖမ်းမိတယ် ဆိုတဲ့သတင်းတွေလည်း ကြားခဲ့ရပါတယ်။ အဲဒီ လူ ၂၀ ဌာနချုပ်ကို ပြန် ရောက် မရောက် သတင်းမရသေးပါဘူး။ တချို့ကလည်း ပြန်ဆုတ် လာတယ်လို့ ဆိုပါတယ်။ စစ်အစိုးရအနေနဲ့ ပြည်တွင်းမှာ အားလုံးကို ချုပ်ထိန်းနိုင်ပြီလို့ ယေဘူယျ သုံးသပ်နိုင်ပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူတို့ကို ထိခိုက်လာနိုင်တယ်လို့ ယူဆတာနဲ့ ချက်ခြင်း လက်ဦးမှု ရယူပြီး တိုက်ခိုက်ပါလိမ့်မယ်။ ပြည်ပမှာတော့ အချင်းချင်း မညီမညွတ် ဖြစ်ကြတယ်ဆိုတဲ့နည်းလမ်းကို သုံးပါလိမ့်မယ်။ ပြည်ပမှာကလည်း အမြင်မတူမှုတွေ၊ အချင်းချင်း မကြေလည်မှုတွေ ရှိနေကြတော့ အဲဒီအချက်တွေကို နင်းပြီး ပြည်ပအင်အားစု ပြိုကွဲအောင် လုပ်ပါလိမ့်မယ်။” လို့ သုံးသပ်ပါတယ်။

No comments: