.

.

.

May 25, 2008

လူသားချင်းစာနာသည့် နိုင်ငံတကာ အစည်းအဝေး ရန်ကုန်မှာ ကျင်းပ

လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁ နာရီမှစတင်ကာ ကျင်းပနေပြီ ဖြစ်သည်။

ကုလအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ နီးပါး တက်ရောက်ကြမည်ဟု ရန်ကုန် ကုလသမဂ္ဂ ဌာနေရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်နေသည်။



အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်သည်။

ကုလသမဂ္ဂ အေဂျင်စီများ၊ ကြက်ခြေနီအဖွဲ့များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများလည်း အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။

အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံများမှ သံတမန်များလည်း တက်ရောက်ဖွယ် ရှိသည်ဟု အစည်းအဝေး မကျင်းပခင် ကုလ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကျအပြီး ၃ ပတ်အကြာတွင် ကုလသမဂ္ဂနှင့် အာဆီယံက ကြီးမှူးကျင်းပသော အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က ကပ်ဘေးအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြမည် ဖြစ်သလို မြန်မာဘက်ကလည်း လက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို တင်ပြမည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေ အတွင်ရေးမှူး ဆူရင်း ပစ်ဆူဝမ်း (Surin Pitsuwan) ကလည်း အာဆီယံ၊ မြန်မာနှင့် ကုလသမဂ္ဂတို့ ပါဝင်မည့် သုံးပွင့်ဆိုင် စီမံခန့်ခွဲမှု ယန္တရားနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က “ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဆိုင်ကလုန်း ဒဏ်ခံတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အပံ့တွေ ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး၏ သဘာပတိများအဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရိုး (George Yeo) တို့က ဆောင်ရွက်ကြမည်။

ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ တောင်းခံထားပြီး ယခုအချိန်အထိ လက်ခံ ရရှိထားသော ငွေကြေးပမာဏမှာ သန်း ၅ဝ ရှိပြီး နောက်ထပ် ၄၂ ဒဿမ ၅ သန်းအတွက်လည်း ကတိရရှိထားပြီ ဖြစ်သည်။

စစ်အစိုးရက မုန်တိုင်းကြောင့် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်ဟု ပြောသည်။

No comments: