.

.

.

May 25, 2008

ဘုရားကား အောက်၊ မျောက်ကား အထက် ဖွဲ့စည်းပုံ ဥပဒေ

နာဂစ်ဆိုက်ကလုံးကြီး လွန်သွားတဲ့နောက်မှာ တိုင်းပြည်မှာ သိန်းနဲ့ချီ တဲ့ အလောင်းတွေ၊ သန်းချီဒုက္ခသည်တွေနဲ့ ရေတွက်လို့ မရတဲ့ ရောဂါ တွေ အပျက်ပုံ တွေ ကျန်ရစ် ခဲ့တယ်၊ ဒါ့အပြင် အဲဒီအနိဌာရုံ ထက် ပိုရင်သာ ပိုမယ့် အနိဌာရုံကြီး တခုလည်း ဗမာပြည် တ၀ှမ်းလုံးမှာ ကျန်ရစ် တာတွေ့ ရတယ်၊ အဲဒါ ကတော့ နအဖ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကြီး ပဲဖြစ်တယ်၊ ဗမာပြည်သား တွေဟာ မုန်တိုင်းရဲ့ ဆိုးကျိုး တွေကို ကိုယ့်ဖာသာ ပဲ ဖြေရှင်းကြ ရ သလို နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေ ကိုလည်း ကိုယ့်ဖာသာ ပဲ ဖယ်ရှားကြ ရတော့မယ်။

အခုကစပြီး ဗမာပြည် နိုင်ငံရေး မှာ နအဖ ရဲ့ ဖွဲ့စည်းပုံ ကို တိုက်ဖျက်ရေး ဟာ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲနဲ့ ခွဲမရတဲ့ အရေးကြီး လုပ်ငန်း တရပ် ဖြစ်လာပြီ၊ နအဖ ရဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”ဆိုတာနဲ့ ပြည်သူ လူထု လိုလားတဲ့ဒီမိုကရေစီတို့ ရဲ့ တိုက်ပွဲဟာ အဓိက ပဋိပက္ခ ဖြစ်လာတော့မယ်၊ နအဖဟာ ဘယ်ကိစ္စ၊ ဘယ်နေရာမှာမဆို သူများတွေလုပ်တာ မှန်သမျှကို “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”နဲ့ မကိုက်ညီဘူး၊ သူတို့ လုပ်တာ မှန်သမျှ ဟာ “စည်းကမ်း ပြည့်ဝ တဲ့ ဒီမိုကရေစီ” နဲ့ ပြည့်ဝ တယ်ဆိုတဲ့ အပြောမျိုးတွေကို နားခါးအောင် ကြားကြ ရတော့မယ်။



စဉ်းစား လိုက်ရင် စစ်တပ် ခေါင်းဆောင် တွေ ရဲ့ ပစပ်ကနေ ဒီမိုကရေစီ စကားပြောနေတာ ရီစရာအလွန် ကောင်းတယ်၊ စစ်တပ် တတပ်ဆိုတာ၊ ဘယ်နိုင်ငံ၊ ဘယ်လူ့ အဖွဲ့အစည်း မှာ ပဲ ဖြစ်ဖြစ် ဗျူရိုကရေစီ နဲ့ ဖွဲ့ စည်းရတာ ပဲဖြစ်တယ်၊ ဒါမှသာ အရေးဟယ်၊ အကြောင်းဟယ် ဆိုရင် ရှေ့တန်း ကို ထွက်နိုင်၊ စစ် တိုက် နိုင် မှာဖြစ်တယ်။

ဒါပေမဲ့ သာမာန်လူထုအပေါ်မှာတော့ တသွေး၊ တသံ၊ တမိန့် လုပ်လို့ မရဘူး၊ အစိုးရက လူထုရဲ့ အမိန့်ကိုနာခံတယ် ဆိုတာသာရှိတယ်၊ လူထု ကို ကျတော့ ဒီမိုကရေစီ အပြည့်အ၀ပေးရမယ်၊ ဒီမိုကရေစီ အပြည့်အ၀ရှိမှသာ တကယ်တမ်း လူထု ပါဝင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင် နိုင်မယ်၊ ဥပမာ၊ အခု ကြုံ တွေ့ နေရတဲ့ လေဘေး ကယ်ဆယ်ရေး ပြဿနာမျိုး၊ ဒီမိုကရေစီ အပြည့်အ၀ ရှိမှသာ လူ့အဖွဲ့ အစည်း သာယာ တည်ငြိမ် မှာ ဖြစ်တယ်၊ တကယ် တော့ ဗျူရိုကရေစီ နဲ့ ဒီမိုကရေစီ ဆိုတာဟာ ရေ နဲ့ မီးလိုပဲ အတူ တည်ရှိလို့ ရတာမဟုတ်ဘူး။

အခု နအဖ ပြောနေတဲ့ “စည်းကမ်း ပြည့်ဝ တဲ့ ဒီမိုကရေစီ ” ဆိုတာဟာ သူတို့ အုပ်စိုး သူ တွေအတွက် ဒီမိုကရေစီ၊ ကျန်လူ အားလုံးအတွက် ဗျူရိုကရေစီ ဆိုတာ ပဲဖြစ်တယ်၊ သူတို့ ရဲ့ ဖွဲ့စည်းပုံ ဟာ အာဏာ ယူထား တဲ့ သူတို့ အပေါ် လူထု က ဘာမှ မချယ် လှယ်နိုင်ပဲ သူတို့ အုပ်စိုး သူများ ကသာ လူထု နဲ့ တခြား နိုင်ငံရေး ပါတီ တွေကို ထင်သလိုချယ်လှယ် လို့ရအောင် ပြဌာန်း ထား တာ ဖြစ်တယ်၊ အဲဒီ အထဲက “နိုင်ငံရေးပါတီများ”ဆိုတဲ့အခန်းမှာ နိုင်ငံရေးပါတီတွေကို သူတို့ ထင်သလို တည်ရှိ ခွင့်ပေး၊ သူတို့ ထင်သလို ဖျက်သိမ်းလို့ ရအောင် ရေးထားတယ်၊ နိုင်ငံရေး ပါတီ များ ဆိုတဲ့ အခန်း အဖွင့်မှာ ရေးထားတာက လက်ရှိ ပြည်တွင်း မီဒီယာ ပေါင်းစုံ အဖွင့်မှာ ပါတဲ့ “ ဒို့တာဝန် အရေး သုံးပါး ”ထဲက စာသား တွေ နဲ့ “ နိုင်ငံရေး ပါတီ တရပ်သည် နိုင်ငံတော် ၏ သစ္စာ တော်ကို စောင့်သိ ရိုသေရမည် ”လို့ ပါရှိတယ်၊ ဒါဟာ သူတို့ စစ်တပ် ထဲ က စစ်သား တွေ မနက်တိုင်း သစ္စာ ဆိုသလို နိုင်ငံရေးပါတီတွေကို သစ္စာဆို ခိုင်း နေတာပဲ၊ တကယ် ကျတော့ အဲဒီ စစ်သား တွေဟာ ဗိုလ်သန်းရွှေ တို့ ထိပ်သီးတွေကို သစ္စာစောင့်သိ ရိုသေ နေရ တာသာ ဖြစ်တယ်၊ နိုင်ငံ ရေး ပါတီ တွေ အနေနဲ့ သူတို့ လို လုပ်လို့ ဘယ်လို ဖြစ်နိုင်မလဲ။

နိုင်ငံ တခု မှာ အခြေခံ ဥပဒေ ဆိုတာ ရှိရမှာ အမှန်ပဲ၊ ဒါပေမဲ့ ဒီအခြေခံ ဥပဒေ ဟာ ဘယ်သူတွေ၊ ဘာ အကျိုး စီးပွား တွေ ခံစား ရ ဖို့ အတွက် ဦးတည် ရေးဆွဲ ထားတယ် ဆိုတာ အရေးကြီးတယ်၊ စစ်တပ်ထိပ်သီးတွေ နဲ့ ဒီအသိုင်းအ၀ိုင်း က လူတွေ ဆွေစဉ် မျိုးဆက် ချမ်းသာ အောင် ရေးဆွဲထား တဲ့ ဖွဲ့ စည်းပုံ မျိုးတော့ မဖြစ်ဘူး၊ အခုကိုပဲ ဗမာပြည်မှာ အဖိုး စစ်ဗိုလ်၊ အဖေ စစ်ဗိုလ်၊ သား စစ်ဗိုလ် ဆိုတာ မျိုးတွေ ပေါ်နေပြီ၊ စစ်သား မျိုးဆက် ကျ ပြန်တော့ လည်း တောင်သူ လယ်သမား တွေက မွေးထုတ် ပေး ရတာ ချည်း ဖြစ်နေတယ်၊ ရှေ့ မှာဆိုရင် အဖိုးက စစ်ဗိုလ်+၀န်ကြီး၊ အဖေက စစ်ဗိုလ်+၀န်ကြီး၊ သား က စစ်ဗိုလ်+၀န်ကြီးဆိုတာတွေတွေဏ္ဍလာရတော့မယ်၊

ဗမာပြည်ဟာ ဗိုလ်နေ၀င်း စစ် အုပ်စု ရဲ့ ဆိုရှယ်လစ် ဆိုင်းဘုတ် တပ် ဖွဲ့စည်းပုံ ဥပဒေ ကြောင့်မို့ လွတ်လပ်ရေး ရပြီးကာ မှ ကမ္ဘာ့ အဆင်းရဲ ဆုံး စာရင်းဝင် နိုင်ငံ ဖြစ်သွား ရတယ်၊ တိုင်းပြည် မွဲပြာ ကျသွား ခဲ့တယ်၊ နအဖရဲ့“ စည်းကမ်း ပြည့်ဝ တဲ့ ဒီမိုကရေစီ ” ဖွဲ့စည်းပုံ ဥပဒေ အတိုင်း လုပ်ကိုင် ကြ ရင်တော့ မအောင်မြင် တဲ့နိုင်ငံ၊ ကျဆုံးတဲ့နိုင်ငံ (failed state) ဖြစ်သွားလိမ့်မယ်။

ကမ္ဘာ ပေါ်မှာ ဘယ်မှာ မှ မရှိတဲ့ အခွင့်အရေး တွေ ကို တရားဝင် အပ်နှင်း ခြင်း ခံထား ရတဲ့ “ သမ္မတ ”ဆိုသူဟာ တပြည်လုံး၊ တမျိုး သားလုံး ရဲ့ ကံကြမ္မာ ကို ဖန်တီးခွင့် ရ တော့မယ်၊ ဘုရားကား အောက် မျောက်ကား အထက် ဖြစ် မှာ သေချာနေပြီ၊ ကာကွယ်ရေး ၀န်ကြီးက စစ်ဦးစီးချုပ် ကိုရွေးချယ်ခန့် ထား တာ မဟုတ်ပဲ စစ်ဦးစီးချုပ်က ( “ သမ္မတ ” နဲ့အတူ ) ကာကွယ်ရေး ၀န်ကြီး ကို ခန်ထားမှာ ဖြစ်နေတယ်၊ စပိန်မှာ ကာကွယ်ရေး ၀န်ကြီး က ကိုယ်ဝန် ဆောင် အမျိုးသမီး တယောက်ဖြစ်တယ်။ နှိုင်း ယှဉ် ကြည့်ပါ။

ဘာပဲပြောပြော ဒါဟာ နအဖ စစ်အုပ်စု အနေနဲ့ သူတို့ အာဏာ တည်မြဲရေး၊ သူတို့ အာဏာကို နိုင်ငံတကာ အ၀န်းအ၀ိုင်းက လက်ခံ ရေး အတွက် တဆင့် တိုးမြှင့် လုပ်လိုက် တာပဲ၊ အာဏာသာ အခရာ၊ အာဏာ ကလွဲရင် ကျန်တာ အားလုံးဟာ တံလျှပ်ပဲ ဆိုတာကို ဒီ ဘက် ခေတ် မြန်မာနိုင်ငံသမိုင်း မှာ အာဏာ ကို သက်တမ်း အရှည်ဆုံး ယူထား ဖူး သူတွေ အနေနဲ့ နအဖ စစ်အုပ်စု ဟာ ကောင်း ကောင်း နားလည် သဘော ပေါက်တယ်၊ အဲဒါ ကို ကာကွယ် ဖို့၊ မြဲမြံစေ ဖို့ အသေ အလဲ လုပ်မှာပဲ။ ဒါဖြင့် ကိုယ် ကရော၊ သူတို့ လို သဘောပေါက် ရဲ့ လား၊ ဒီမိုကရေစီလို လား သူတွေရဲ့ လက်ထဲကို အာဏာ မ ရောက်သရွှေ့ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာ စဉ်းစား မိဖို့ လိုတယ်၊ အခြေအနေက ဒီ ကိစ္စ မှာ လိပ်ပြာလို လူလာ ၀ဲကာ ပျံသန်း နေလို့ မရ တော့ဘူး၊ သိန်းငှက် လို ထိုးသုတ် ဖို့ စဉ်းစား သင့် ပြီ၊ ဒီလို လုပ် ဖို့ ဆိုရင် “ စည်းကမ်း ရှိ တဲ့ ဒီမိုကရေစီ ” ဘောင်ထဲမှာ လုပ် မရတာ ကတော့ သေချာ တယ်၊ ရှေ့ လာမယ့် တိုက်ပွဲ တွေ ဟာ တို့ က ဆိတ်တို့ ကနန်း လုပ်ရမယ့် တိုက်ပွဲ တွေ မဟုတ်တော့ဘူး။

ဘက်စုံပြင်ဆင်ကြစို့ ။ ။ ။

လူထုအသံဝက်ဘ်ဆိုဒ်တွင် ရှိသော ဗသြ၏ ဆောင်းပါးကို ပြန်လည်ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

No comments: