.

.

.

May 14, 2008

မြန်မာစစ်အစိုးရ သိက္ခာတက်ရန် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်ကုမ္ပဏီ အကြီးအကဲ ရာထူးက နုတ်ထွက်

အမေရိကန် Public Relations ကုမ္ပဏီ DCI Group အကြီးအကဲသည် တချိန်က မြန်မာစစ်အစိုးရ ကို သိက္ခာတက်ရန် အခကြေးငွေယူ ဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၀၈ ခုနှစ် အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း တင်မြှောက်ပွဲ ညီလာခံ ကျင်းပရေးတာဝန်ခံ ရာထူးမှ နုတ်ထွက်သွားသည်။

အမေရိကန် Public Relations ကုမ္ပဏီ DCI သည် ၂၀၀၂ ခုနှင့် ၂၀၀၃ ခုကြားတွင် မြန်မာစစ် အစိုးရထံမှ ဒေါ်လာ (၃) သိန်းခွဲ အခကြေးငွေယူပြီး စစ်အစိုးရ သိက္ခာတက်ရန် ဆောင်ရွက်ပေး ခဲ့သည်ဟု Newsweek မဂ္ဂဇင်းကြီးက ၎င်း၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် မကြာခင်က ထုတ် ဖော်ရေးသားခဲ့သည်။

ယင်းသို့ သတင်းရေးသားပြီး နာရီပိုင်းအတွင်းမှာပင် ၂၀၀၈ ခုနှစ် အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း တင်မြှောက်ပွဲညီလာခံ ကျင်းပရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူ အမေ ရိကန် Public Relations ကုမ္ပဏီ DCI အကြီးအကဲ မစ္စတာ Dough Goodyear သည် ရာထူးမှ အလိုက်သိစွာ နုတ်ထွက်သွားသည်။ မစ္စတာ Goodyear ကို သမ္မတလောင်း တင်မြှောက်ပွဲ ညီလာ ခံကျင်းပရေး တာဝန်ခံအဖြစ် ရီပတ်ဘလစ်ကန် သမ္မလောင်း John McCain က ရွေးချယ်တာဝန် ပေးထားခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ပြန်ဖွင့်ရေး၊ နိုင်ငံတကာတွင် စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးကို လွန်ခဲ့သည့် (၁၀) နှစ်ကျော်ကတည်းက ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံ၍ အမေရိကန် PR (Public Relations) ကုမ္ပဏီများကို ငှားပြီး ခိုးကြောင်ခိုးဝှက် ကြိုးစား ခဲ့သည်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းမှစပြီး Jefferson Waterman International ဆိုသည့် အမေရိကန်
PR ကုမ္ပဏီကို မြန်မာစစ်အစိုးရက တနှစ် ဒေါ်လာ (၄) သိန်းဖြင့် ငှားသည်။ ထို့နောက် Bain & Associates အမေရိကန် ကုမ္ပဏီကို ရန်ကုန် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှတဆင့် ဒေါ်လာ (၂) သိန်းခွဲကျော် ပေးပြီး ငှားပြန်သည်။ တဖန် Atlantic Group ကုမ္ပဏီကို ဒေါ်လာများစွာပေးပြီး ငှားသည်။ ၁၉၉၁ ခုတွင် Van Kloberg & Associates ကို ငှား၍ ကြိုးစားပြန်သည်။ ၂၀၀၂ ခုတွင် အမေရိကန် DCI Group ဆိုသည့် PR ကုမ္ပဏီကို (၈) လအတွက် ဒေါ်လာ (၃) သိန်းခွဲပေးပြီး ငှားပြန်သည်။ သို့သော် ၂၀၀၃ ခုအရောက်တွင် DCI နှင့် မြန်မာစစ်အစိုးရတို့ ခွာပြဲခဲ့သည်။

အမေရိကန် PR ကုမ္ပဏီ (၅) ခုအတွက် ထိုအချိန်က မြန်မာစစ်အစိုးရ လျှို့ဝှက်သုံးစွဲခဲ့သည့် ငွေပမာဏသည် အနောက် စာနယ်ဇင်းများ၏ ဖော်ပြချက်အရပင် အနည်းဆုံး ဒေါ်လာ (၂) သန်းကျော်သည်။

အမေရိကန် PR ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အဓိက ကြားခံဆက်သွယ်ပေးခဲ့ရသူမှာ ထို အချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးသောင်းဖြစ်ပြီး နောက်ပိုင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီးဖြစ်လာသည်။

No comments: