.

.

.

June 7, 2008

ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရ

နာဂစ်မုန်တိုင်းအလွန် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေ များ ဆိုးရွားနေလျှက်ရှိပြီး ထိရောက်သည့် ဆေးဝါးကုသပေးခြင်း မရှိကြောင်းသိရသည်။
အင်းစိန်ထောင်တွင်း အကျဉ်းသားများအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

ထောင်အာဏာပိုင်များက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှပေးသည့် ဆန်များကို (၃) ရက်သာကျွေးခဲ့ပြီးနောက် မုန်တိုင်းတိုက်ခတ်စဉ်က မိုးရေစိုထားသည့် ဆန်ဟောင်းများကို ကျွေး နေသည့်အတွက် အကျဉ်းသားများမှာ ကျန်းမာရေးအခြေအနေများ ဆိုးရွားလာပြီး ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များဘက်မှ ထိရောက်သည့် ဆေးဝါးများကုသပေးခြင်းမရှိသည့်အတွက် ၀မ်းလျောခြင်း၊ ၀မ်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ တိုက်ဖိုက်(အူရောင်ငန်းဖျား)ရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒီလိုမကောင်း တဲ့ ဆန်တွေကိုသာ ဆက်ကျွေးနေမယ်ဆိုရင် ဒီအကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အသက် အန္တရာယ်ကို စိုးရိမ်ရတယ်၊ သက်ဆိုင်ရာက အချိန်မီဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကူးစက် ရောဂါတွေ ပြန့်ပွားသွားမှာဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင် စက်တင်ဘာလူထုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ (၁၄) ရက်နေ့အတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမျိုးရန်နောင်သိန်းသည် စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် ဒဏ်ရာ များအပြင်းအထန် ရရှိထားပြီး ထောင်တွင်း၌လည်း အာဏာပိုင်များနှင့် မသင့်မမြတ်ဖြစ်ရာမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသည့်ဟုဆိုကာ အရူးတိုက်သို့ ပို့ထားသဖြင့် ယခု ထောင်ဝင်စာတွေ့ သည့်အချိန်တွင် အဖော်နှင့်တွဲကာ ထွက်တွေ့နေရသည်။
ထို့အပြင် အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်တို့မှတဆင့် ငှက်ဖျားပေါသည့် ခန္တီးထောင်သို့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်၍ ပို့ထားသဖြင့် ယခုအခါ ငှက်ဖျားပိုး ဦးနှောက်တွင်းသို့ ရောက်နေသည်ဟု ဆိုသည်။
“အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း ကျင့်သုံးဖို့လိုတယ်၊ ဒါမှသာ မိသားစုတွေနဲ့အလွယ်တကူ ဆက်သွယ်နိုင်ပြီး လို အပ်တဲ့ အကူညီတွေလုပ်ပေးနိုင်မှာ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးကိုတိတ်နိုင်က ဆက်လက်ပြောဆိုခဲ့သည်။
ဦးအုန်းသန်းယခုကဲ့သို့ ကျန်းမာရေးထိခိုက်ချိန်တွင် အာဏာပိုင်များက ထောင်ဝင်စာတွေ့ရန် မလိုပဲ လိုအပ်သည့် ငွေလွဲလိုက်ရန် မိသားစုထံမှာကြားသည့် ဦးအုန်းသန်းကိုယ်တိုင် ရေးသား ထားသည့်ပုံစံတူ ကြေးနန်းအတုတစောင် အားပေးပို့ခဲ့သည်ဟု မိသားစုဝင်များကပြောဆိုသည်။
အဆိုပါကြေးနန်းစာရသည့်အချိန်တွင် မိသားစုအနေဖြင့် ဦးအုန်းသန်းအားချုပ်နှောင်ထားသည့် ခန္တီးထောင်သို့ လိုက်သွားခဲ့ပြီး အသေးစိတ်အခြေအနေများကို ထပ်မံမသိရှိရသေးကြောင်း ကိုတိတ်နိုင်က ဆက်လက်ပြောဆိုသွားခဲ့သည်။



ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် သတင်းအချက်အလက်လိုသည်

ဘေးဒဏ်သင့်ပြည်သူတို့အတွက် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်များကို တပိုင်တနိုင် စေတနာ့ဝန်ထမ်း သွားရောက်ပေးပို့ကြရာတွင် ယင်းဒေသများ၏ တိကျသော သတင်း အချက်အလက်များ ရရှိပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်မည်ဖြစ်ကြောင်း သွားရောက် လှူဒါန်းကြသည့် ပုဂ္ဂလိက အလှူရှင် အဖွဲ့အစည်းများက ပြောကြားသည်။


အဆိုပါအဖွဲ့များမှာ နီးစပ်ရာ အသိုင်းအဝိုင်းများက အလှူငွေများ၊ ပစ္စည်းများသာမက လုပ်အားဒါနအဖြစ် ဆရာဝန်များ စသည်ဖြင့် စုစည်းကာ သွားရောက်ကြခြင်းဖြစ်ရာ သက်ဆိုင်ရာ ဒေသန္တရ ဗဟုသုတ နည်းပါးခြင်း၊ ၎င်းတို့သွားရောက်ရာ ဒေသ၏ ပကတိ အခြေအနေမှန်ကို ကြိုတင် မသိရှိရခြင်းတို့ကြောင့် ကယ်ဆယ်ရေးပစ္စည်းများ ခွဲဝေရာတွင် အခက်အခဲများ ကြုံတွေ့နေကြရသည်။

ယင်းကြောင့် လှူဒါန်းသည့် အဖွဲ့အစည်းအများစုမှာ သွားလာရလွယ်ကူသော ကားလမ်းဘေး ဝဲယာများတွင်သာ ပေးဝေနေကြသည်ကိုလည်း တွေ့ရှိရသည်။ အချို့ရွာသားများကမူ အကူအညီပေးသူများ လာလေ့ရှိသည့် နေရာများသို့ သွားရောက်ကာ မိမိရွာ၏ အပျက်အစီး၊ အကူအညီလိုအပ်နေပုံကို ပြောပြသည်။

''ကျနော့်ရွာ ကျုံချင်က ဒီနဲ့ (ဒေးဒရဲနဲ့) သိပ်မဝေးတော့ဘူး။ အကူအညီပေးတဲ့ ဘာအဖွဲ့မှလည်း မရောက်ဘူး။ အစ်မတို့ သွားချင်တယ်ဆိုရင် လိုက်ပို့ပေးမယ်။ အပျက်အစီးလည်း များတယ် အစ်မ'' ဟု ကျုံချင်ရွာမှ လေဘေးဒဏ် ခံရသူတစ်ဦးက ဆိုသည်။

''အတိအကျ မသိဘဲ လုပ်ရတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ တစ်အိမ်ကို အိမ်သာငါးလုံးဆောက် ဆိုတာမျိုးတွေ ဖြစ်လာတာပဲ။ လာလှူတဲ့လူတွေက လိုမယ်ထင်တာတွေ ယူလာကြတာလေ။ ဟိုလူကလည်း အိမ်သာခွက်တော့ လိုမယ်။ ဒီလူကလည်း အိမ်သာခွက်လိုမယ် ဆိုပြီး ငါးဖွဲ့ရှိတော့ ငါးခွက်ရတာပေါ့။ အဲဒီတော့ ရတဲ့အိမ်က ဘာလုပ်ရမှာလဲ။ အိမ်သာငါးလုံး ဆောက်ရမှာလား။ အဓိက ကတော့ ဒေတာ အတိအကျရဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့က လိုအပ်တယ်။ ဒါမှလည်း ထိရောက်တဲ့ ကူညီမှုဖြစ်မှာ'' ဟု ပြည်တွင်း Capacity Building Centre တစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့်ယှဉ်၍ သတင်းအချက်အလက် အရေးပါပုံကို ရှင်းပြသည်။

ပျက်စီးဒေသများ အခြေအနေကို ယေဘုယျ သိရှိရသော်လည်း ကျေးရွာ အရေအတွက်၊ အမှန်တကယ် အကူအညီလိုအပ်နေသော လူဦးရေ သို့မဟုတ် အိမ်ထောင်စုအရေအတွက်ကို အတိအကျ သိရှိရန် အခက်အခဲ ရှိနေဆဲဖြစ်သည်။

''အဖွဲ့အစည်းတစ်ခုခုဖြစ်ဖြစ်၊ လူငယ်တွေဖြစ်ြဖစ် ဒေတာတွေ ကောက်ပြီး ဖြန့်ဝေနိုင်ရင် ကောင်းမယ်။ ကယ်ဆယ်ရေးအပြင် ပြန်လည် ထူထောင်ရေးအတွက်ပါ အထောက်အကူ ဖြစ်မယ်။ ဒေသအာဏာပိုင်တွေက ဦးဆောင်လုပ်ရင်တော့ ဒါက သိပ်ခက်ခဲမယ် မထင်ဘူး''ဟု အရပ်ရပ်မှ လှူဒါန်းသည့် ပစ္စည်းများကို လက်ခံစုဆောင်းပေးနေသူတစ်ဦးက ဆိုသည်။

''တနေ့က လေဘေးကယ်ဆယ် ထောက်ပံ့ရေးအတွက် ကျမတို့အဖွဲ့ကို လာလှူတာ ထမင်းပေါင်းအိုးနှစ်လုံး၊ လျှပ်စစ်ရေနွေးအိုး နှစ်လုံး'' ဟု သူမက ဆက်လက် ပြောကြားသည်။

တိကျသည့် သတင်းအချက်အလက်များ ရရှိမည်ဆိုပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြောင်း သတင်းဂျာနယ် အယ်ဒီတာတစ်ဦးကလည်း သုံးသပ်သည်။

No comments: