မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင် အနီးအနားတွင် လွန်ခဲ့သော မေလ ၁၃ ရက်နေ့ ကတည်းက ရောက်ရှိနေသော အမေရိကန် ကယ်ဆယ်ရေး စစ်သင်္ဘောများသည် မြန်မာပြည် အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နအဖ စစ်အစိုးရ၏ ခွင့်ပြုချက်ကို မရရှိသဖြင့် ယမန်နေ့က ပြည်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကယ်ဆယ်ရေးသင်္ဘောများသည် ဧရာဝတီိုင်းရှိ နာဂစ် မုန်တိုင်းသင့် နေရာဒေသ များသို့ သွားရောက်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရရှိရန်အတွက် စောင့်ဆိုင်းနေခဲ့ရာမှ နအဖ စစ်အစိုးရက ခွင့်ပြုချက်မပေးသဖြင့် ပြန်လည်ပြီး ထွက်ခွာသွားကြခြင်း ဖြစ်သည်။
အမေရိကန် စစ်သင်္ဘောများပေါ်တွင် ရဟတ်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ရေသန့်စက်များ၊ တခြား စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများပါဝင်ပြီး လေဘေးဒုက္ခသည်များကို ကုသရန် ဆရာဝန်နှင့် သူနာပြုများလည်း ပါရှိကြောင်း သိရှိသည်။
မြန်မာစစ်အစိုးရသည် လူသိန်းသန်းပေါင်းများစွာ ဒုက္ခရောက်နေကြသည်ကို လူသားချင်း စာနာ ထောက်ထားခြင်းမရှိဘဲ မိမိကိုယ်တိုင် ထိထိရောက်ရောက် မကူညီသည့်အပြင် နိုင်ငံ တကာ အကူအညီများကိုလည်း လျစ်လျူရှုထားခဲ့ကြောင်းကို ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန်လာရောက်သော အမေရိကန်ရေတပ်သင်္ဘောများကို ၀င်ခွင့်မပြုခဲ့ခြင်းက သက်သေပြနေကြောင်း ရန်ကုန်မြို့က စာရေးဆရာ တဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမေရိကန်စစ်တပ် ပစိဖိတ်ဒေသ အကြီးအကဲ Admiral Timothy Deating ကလည်း “ ကျွန်တော်တို့ မြန်မာ ရေပိုင်နက်အနီးမှာ ရောက်နေတာ ကြာပါပြီ၊ ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် လေဘေးသင့် နေရာတွေကိုသွားပြီး ထိထိရောက် ရောက် သွားရောက်ကူညီမယ်လို့ ပြောတိုင်း စစ်အစိုးရက ငြင်းဆန်ခဲ့ပါတယ်။ ”
ကျွန်တော်တို့က လူသိန်းသန်း ပေါင်းများစွာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို သက်သာစေဖို့နဲ့ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကူညီဖို့ လာခဲ့တာပါ၊ ဒါပေမယ့် အခုအချိန် မှာတော့ USS Essex နဲ့ သင်္ဘောစုဟာ တခြား တာဝန်တွေကို ထမ်းဆောင်ဖို့ အတွက် ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ကူညီခွင့်မရခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဟု ပြောသည်။
အမေရိကန် ရေတပ်သင်္ဘောများသည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း ရဟတ် ယာဉ်တစင်းမှ အပ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့် မရခဲ့ကြောင်း။ ၎င်းရဟတ်ယာဉ်မှာလည်း မြစ်ဝကျွန်းပေါ် ဒေသကို တခေါက်သာ သွားရောက်ခွင့်ရခဲ့သည်။
၎င်းအပြင် နအဖစစ်အစိုးရ ဗိုလ်ချုပ်မှုကြီးသန်းရွှေသည် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား နိုင်ငံတကာအကူအညီများကို လက်ခံနိုင်ကြောင်း သို့ပေမယ့်လည်း စစ်သင်္ဘောများကို တော့ ပြည်ထဲ ဝင်ခွင့်မပေးနိုင်ကြောင်း မေလ ၂၃ရက်နေ့က ပြောကြား ခဲ့သည်။
.
.
.
.
.
June 6, 2008
အမေရိကန် ကယ်ဆယ်ရေးတပ်ဖွဲ့များကူညီခွင့်မရဘဲ ပြန်လည်ထွက်ခွာ
Subscribe to:
Post Comments (Atom)


No comments:
Post a Comment