နာဂစ်တိုက်အပြီး အသက်မသေဘဲ ရှင်သန်ကျန်ရစ်သူများအဖို့ ၁၅ ရက်ကျော်ကြာခဲ့သော်လည်း အတွေးတွေထဲက မေ့ပျောက်လို့ မရကြသေးပါ။ ခြောက်အိပ်မက်တခုပမာ သူတို့စိတ်ထဲမှာ ထင်ကျန်ရစ်နေတုန်း ရှိသေးသည်။ မနက်ဖြန်ဘာတွေလုပ်ဦးမည်ဆိုသော စိတ်ကူး ကိုယ်စီနှင့် ထိုညဦးပိုင်းကို သူတို့ဖြတ်ကျော်ခဲ့သော် လည်း နာရီပိုင်းအတွင်းမှာပင် နာဂစ်က အားလုံးကို ဖျက်ဆီးသွားခဲ့လေပြီ။
"ကျမသားလေးက ရန်ကုန်သိပ်ရောက်ဖူးချင်တာရှင့်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မယ့်ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ်ပြောဖြစ်တော့ သူ ကျေနပ်သွားတယ်။ တကယ်ပါရှင် ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ အခုတော့ …"
လေဘေးကယ်ဆယ်ရေးစခန်းတခုမှာ တွေ့ခဲ့သည့် အမျိုးသမီးတဦးဖြစ်ပါသည်၊ ပြောနေရင်းက ဖြူရော် နေသော နှုတ်ခမ်းတွေ ပိုပြီးဖြူရော်လာသည်။ မုန်တိုင်းထဲမှာ သူ့သား ၄ တန်းကျောင်းသားလေး အသက်ပါသွား ခဲ့လေပြီ။ အမေတခု သားတခုဘ၀မှာ အခုတော့ သားလေးမရှိတော့။
သားလေးဝိညဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ရှင် ဟု ပူပူဆွေးဆွေးလေး ပြောပြသည်။ ပြီးတော့ မျက်ရည်တွေကျလာသည်။ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတင်မကပါ။ နေစရာ အိုးအိမ်တွေ၊ လုပ်ကိုင်စားစရာ အခွင့် အလမ်းတွေပါ ဆုံးရှုံးခဲ့ရတာ ဖြစ်သည်။
"ဟိုတုန်းကတော့ ပစ္စည်းကို လူတွေက စွန့်ခဲ့ရမှာလို့ ထင်ခဲ့တာ။ အခုတော့ ပစ္စည်းက လူကို စွန့်သွားခဲ့တာလေ "
ဟု အသက် ၅၀ ကျော် အရွယ်ခန့်ရှိ မစန်းစန်းမြင့်က ပြောသည်။ တခါတုန်းက ချမ်းချမ်းသာသာ နေထိုင်ခဲ့သူဖြစ်သော်လည်း အခုတော့ လေဘေးကယ်ဆယ်ရေးစခန်းမှာ သူမ ရောက်နေပေပြီ။
အိမ်ရော ပရိဘောဂတွေရော ရေထဲပါသွားပြီ။ အိုးမဲ့အိမ်မဲ့ပေါ့၊ ဘာတတ်နိုင်မှာလဲ ကံပေါ့ ဟု သူမက ဆိုသည်။ တသက်လုံး လက်မွေးမီးမလောင် ခြေမွေးမီးမလောင် နေခဲ့သူမို့ အခု သူမကြုံနေရသည့် ဒုက္ခတရား တွေနှင့် သူမယဉ်ပါးသေးပါ။ အခုလိုဘ၀မျိုးသို့ ရောက်လိမ့်မည်ဟုလည်း ဘယ်တုန်းကမှ ထင်မထားခဲ့။ နာဂစ်က သူမ အတွက် နတ်ဆိုးဖြစ်နေသည်။ စကားတွေပြောနေရင်း တခါတခါ အဝေးကိုငေးငေးသွားတာတွေ့ ရသည်။
သူ့ ကိုကြည့်ရသည်မှာ ပြုံးပြုံးလေးမို့ စိတ်ချမ်းသာနေသည်ဟု ထင်ရသည်။ သို့သော် သူ့အကြောင်းကြားရတာ ကမူ စိတ်ချမ်းသာစရာ မကောင်းလှပါ။ နာဂစ်တိုက်သည့်ညက သူ့တို့ လယ်တဲလေးမှာ သူ့ အကိုရယ်၊ သူ့ မိန်းမ နှင့်ကလေးရယ် သူရယ်အတူရှိနေခဲ့ကြသည်။ မုန်တိုင်းဝင်လာပြီးနောက် မကြာမီရေလှိုင်းကြီးများ တရိပ်ရိပ် တက်လာပြီး သူတို့လယ်တဲကလေးမှာ ရေနှင့်လေနှင့် အတူကျွတ်ပါသွားတော့သည်။
ပွင့်ထွက်သွားသည့် ထရံချပ်တဘက်တွင် သူနှင့် သူ့ကလေးပါသွားပြီး အခြားထရံချပ်တဘက်မှာ သူ့အကိုနှင့် သူ့မိန်းမတို့ ပါသွားခဲ့ကြသည်။ မှောင်မှောင်မည်းမည်းနှင့် တမျှော်တခေါ် လယ်ကွင်းပြင်များတလျောက် ဆယ့်ရှစ်ပေခန့်နက်သည့် ရေထဲမှာမျောနေရင်း သူသတိရလို့  လက်ထဲမှာ ဖက်ထားသည့် ကလေး ကိုကြည့် ကလေးမှာအသက်မရှိတော့ဟုဆိုသည်။
အဲတော့ သူလည်း ကလေးကို ပစ်ချခဲ့ရင်း ကလေးလည်း သေမှတော့ သူလည်း သေပါစေတော့ဆိုပြီး ရေထဲမျောနေတဲ့လမ်းတလျောက် တွေ့သမျှအပင်တွေ ခေါင်းနဲ့ ၀င်တိုက်ခဲ့တယ်လို့ပြောတယ်။ မသေတော့နောက်ဆုံး တော်တော်ဝေးတဲ့ ရေတိမ်ဆိုတဲ့ရွာမှာ သွားတင်နေပြီး ကိုယ့်ရွာကိုယ်လမ်းလျှောက်ပြန်ခဲ့ရတယ်လို့ပြောတယ်။ ဟု သူနှင့်နီးစပ်သည့် ကျေးရွာသားတဦးကပြောပြသည်။
သူအသက်မသေဘဲကျန်ရစ်ခဲ့သော်လည်း ထိုညက သူနှင့်အတူ ရေထဲမျောခဲ့သည့် သူ့အကို၊ သူ့မိန်းမနှင့် ကလေးများကတော့ သေဆုံးခဲ့ပြီဖြစ်သည်။
ရွာပြန်ရောက်ချိန် ထိုသတင်းကိုကြားချိန်မှာ သူ့စိတ်တွေ ဆောက်တည်လို့မရတော့။ အဆုံးမှာတော့ သူ ရူးသွပ်ခဲ့ရတော့သည်။
"ရင်နင့်စရာအဖြစ်ဆိုးတွေပါပဲဗျာ။ ပိုဆိုးတာက သူတို့ရဲ့ကယ်ရာမဲ့နေတဲ့ အနေအထားပဲ။ ပြိုကွဲသွားတဲ့ သူတို့ရဲ့စိတ်အခြေအနေကို ပြန်လည်ထူထောင်ဖို့အရေးဟာလည်း တခြားသော အကူအညီပေးရေး ကိစ္စတွေလိုပဲ အရေးကြီးပါတယ်။"
ဟု လေဘေးသင့်ရာနေရာများတွင် တက်တက်ကြွကြွ သွားရောက်အကူအညီပေးနေသည့် အမည်မဖော်လိုသူ ဆရာဝန်တဦးက ပြောသည်။
"ကျမတော့ အိပ်မက်ဆိုးတွေမက်နေတာ နာဂစ်တိုက်အပြီးကတည်းကပဲ။ ဘ၀မှာ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူးရှင် "
ဟု ဘိုကလေးမြို့သူတဦးက ပြောသည်။
ဆိုခဲ့ပါနာဂစ်တိုက်ခတ်ခဲ့ရာဒေသများတွင် သားပျောက်နေသည့် မိခင်တွေ။ အမေပျောက်နေသည့် ကလေးတွေ အများကြီးရှိနေပါသေးသည်။ သူတို့လေးတွေအတွက် စဉ်းစားပေးရမည့်အပိုင်းတွေရှိနေပါသေးသည်။
"တနေ့က ကလေးတယောက် ကျနော့်အိမ်ထဲငိုဝင်လာတယ်။ ရုတ်တရက်ဘာဖြစ်တာလဲပေါ့နော်။ မေးကြည့်တော့ သူ့အမေပျောက်သွားလို့တဲ့။ ဘယ်တုန်းကပျောက်တာလဲမေးကြည့်တော့ တရက်ရှိပြီတဲ့။ ကျနော်ထင်ပါတယ် မအေလုပ်သူကလည်း တမင် ထားသွားတာ မဟုတ်ပါဘူး။ ထောက်ပံ့ရေးပစ္စည်း ဝေတဲ့နေရာတွေမှာ လိုက်တိုးရင်းကြိတ်ရင်း ကွဲသွားတာဖြစ်မှာပါ။ ကျနော်လည်း ကိုယ့်ရွာကမဟုတ်တော့ ဘုန်ကြီးကျောင်းသွားပြီး ကျောင်းထိုင်ဆရာတော်ဆီမှာ အပ်ခဲ့တယ် "
ဟု ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာသားတဦးက ပြောပြသည်။
လတ်တလောသူတို့ရွာဘက်တွင် တခြားရွာတွေဘက်မှ ဒီရေနှင့်အတူ မုန်တိုင်းတိုက်သည့်ညက မျောပါလာခဲ့ပြီးနောက် နေရပ်မပြန်နိုင်ကြသေးသူတွေ အများအပြားရှိနေသေးကြောင်း ဒေသခံများအပြောအရ သိရသည်။ ထိုသူများမှာ သူတို့ဘယ်အရပ်ကလာခဲ့သည်၊ ဘယ်အရပ်ပြန်မည်ကိုပင်မမှတ်မိတော့လောက်အောင် ဖြစ်နေကြသည်ဟုလည်းဆိုကြသည်။
" သွေးလန့်သွားတယ် ခေါ်မလား။ သွေးပျက်သွားတယ် ခေါ်မလား။ ဘာမှ မေးလို့မရလောက်အောင်ကို အဲဒီညက ခြောက်ခြားသွားကြတယ်။ တချို့ ဆို သန့်သန့်ပြန့်ပြန့်မိန်းကလေးငယ်တွေပါဗျာ …"
ဟု အဆိုပါရွာသားက ပင် ဆက်ရှင်းပြခဲ့သည်။
သူတို့တွေနှင့် ခရီးသွားဟန်လွှဲ စကားတွေပြောဖြစ်ရင်း နာဂစ်တိုက်သည့်ညက သူတို့ခံစားခဲ့ရမည့် ဒုက္ခတရားတွေကို မြင်ယောင်လာမိသည်။ မိုးကလည်းသည်း မှောင်နှင့်မည်းမည်းမှာ ကယ်ပါယူပါအသံတွေကို ကြားလာရသည်။ နာဂစ်တိုက်ခဲ့သည်မှာ တညတည်းသာဖြစ်သော်လည်း တသက်တာ ရှာဖွေစုဆောင်းခဲ့ရသည့် စည်းစိမ်ဥစ္စာတွေဆုံးရှုံးခဲ့ရသည်။ မြတ်နိုးတွယ်တာခဲ့ရသူများ၏အသက်ဓာတ်တွေ ပေးဆပ်ခဲ့ရသည်။ နှောင်ကြိုး တွေပြတ်တောက်ခဲ့ရသည်။
ဆုံးရှုံးခဲ့ရသည်များမှ ပြန်လည်ထူထောင်ဖို့ဆိုသည်မှာ လူသားတို့၏ အကြင်နာစိတ်ဓါတ်ကိုမျှဝေရုံမှတပါး အခြားရှိမည်မထင်ပါ။ တတ်နိုင်သလောက်သာ ၀ိုင်းကြ၀န်းကြရပါတော့မည်။
.
.
.
.
.
June 9, 2008
ဘယ်သူလာလို့ ကူပါ့မယ်
ဘယ်ကဏ္ဍကလည်းဆိုတော့....
အကြားအမြင်
Subscribe to:
Post Comments (Atom)


No comments:
Post a Comment