.

.

.

June 9, 2008

စစ်အာဏာရှင်အောက် အဖိနှိပ်ခံ ကျေးလက်ပြည်သူတို့၏ ဘ၀သရုပ်မှန်များ

ဒီဆောင်းပါးကို ရေးမယ်လို့ စိတ်ကူးမိခဲ့တာကြာပါပြီ။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အထူးသဖြင့်တော့ စာနယ်ဇင်း လွပ်လပ်ခွင့်အပြည့်အ၀ ပေးထားပါတယ်လို့ လူကြားကောင်းအောင် ကြွေးကြော်နေတဲ့ နအဖ စစ်အာဏာရှင် လက်အောက်ခံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ သတ်မှတ်ချက်ဧရိယာ အပြင်ဘက်ကိုရောက်နေတဲ့ ကျွန်တော့စာမူကို ပြည်တွင်းထဲက ဘယ်စာနယ်ဇင်းမှ လူမိုက်လုပ်ဖော်ပြပေးမှာ မဟုတ်လို့ပါဘဲ။ ကျွန်တော့်ဆောင်းပါး အကြောင်း အရာတွေဟာ နအဖအာဏာရှင်တွေရဲ့ လေလုံးထွား လိမ်ညာဖြီဖြန်းပြီး အသံ ကောင်းဟစ်နေတာနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်နော့ ဆောင်းပါးပါ အကြောင်းအရာတွေဟာ ဒီနေ့ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပျက်ခံစားနေကြရတဲ့ ပကတိအခြေအနေတွေကို အမှန်အတိုင်းတင်ပြ ထားပါ တယ်။ ဒါကြောင့်မို့ ဘုရားသားတော် ရဟန်းသံဃာတွေကို ဇက်ရဲလက်ရဲ ရိုက်နှက်စော်ကားခွင့်ရထားတဲ့ နအဖလက်ကိုင်တုတ် အမဲရိုးကိုက် မဟာစွမ်းအားရှင်တွေတောင် ပြည်တွင်းမီဒီယာ စာနယ်ဇင်းတွေမှာ ကျနော့စာမူပါအောင် လုပ်နိုင်တဲ့ စွမ်းအားရှိကြမှာ မဟုတ်ပါဘူး။

ကျနော်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ရဲ့ ကျေးလက်ဒေသတစ်နေရာမှာ နေထိုင်သူဖြစ်တာကြောင့် ကျွန်တော့်ဆောင်းပါးပါ အကြောင်းအရာတွေဟာ အထူးသဖြင့် ကျေးလက်ဒေသတွေရဲ့ အခြေအနေတွေကို ပိုပြီးထင်ဟပ်စေတဲ့ အကြောင်းအရာတွေကို ဇောင်းပေးတင်ပြထား ပါတယ်။

ကျနော်ဟာ မမျော်လင့်ဘဲ ထိုင်းမြန်မာနယ်စပ် တစ်နေရာကို ရောက်ရှိလာခဲ့ပါ တယ်။ ရခိုင်ပြည်ရဲ့ မီဒီယာတွေနဲ့ အလှမ်းကွာဝေးလွန်းလှတဲ့ ကျေးလက်ဒေသ တနေရာကနေ ထိုင်းမြန်မာနယ်စပ်ကို ရောက်လာတော့ အနှစ်နှစ်အလလက ရင်ထဲမှာသိမ်းဆည်းထားခဲ့ရတဲ့ ခံစားချက်တွေကို နိုင်ငံတကာမှာ ရောက်နေ ကြတဲ့ ကျနော်တို့မြန်မာနိုင်ငံက တိုင်းရင်းသားတွေနှင့် ကမ္ဘာ့ပြည်သူတွေ ပြည်တွင်းထဲမှာ ဖြစ်ပျက်ခံစားနေကြရတဲ့ ကျနော်တို့ကျေးလက်ဒေသက ပြည်သူတွေရဲ့ဘ၀ကို မျှဝေခံစားနိုင်ကြဖို့ အခက်အခဲကြားက ဒီဆောင်းပါးကို ရေးလိုက်ရပါတယ်။

ကျတော်တို့ နေထိုင်တဲ့ဒေသတွေကို ဘယ်နိုင်ငံတစ်ကာ အဖွဲ့အစည်း ဘယ်(အန်ဂျီအို)တွေမှ မကြားဖူးသလို ပြည်ပမီဒီယာတွေနှင့်လည်း အလှမ်း ကွာဝေးလှပါတယ်။ ဒါကြောင့်နအဖ စစ်အာဏာရှင်နဲ့ သူတို့လက်ကိုင်တုတ် တွေက ကျနော်တို့ဒေသတွေမှာ ထင်တိုင်းကြဲပြီး လူ့အခွင့်အရေး ချိုးဖောက်လို့ ရနေကြတာဖြစ်တယ်လို့ ယူဆပါတယ်။ မြန်မာနိုငံက ပြည်သူအများစုဟာ တာတိုအပြေးသမား အရှုံးပေးရလောက်အောင် ကုန်ဈေးနှုန်းနောက်ကို ပြေးလိုက်နေကြရတာမို့ ခြေနှင့်လက်အချိန်ပြည့် ဟန်ချက်ညီအောင် အလုပ်လုပ်နိုင်ပါမှ ထမင်းတလုတ်ကို ဖြစ်ကတတ်ဆန်း စားနေရတဲ့ အခြေ အနေတွေပါ၊ တချို့မိသားစုတွေဆိုယင် တမင်းတလှည့် ဆန်ပြုတ်တလှည့်စားပြီး အသက်ရှင်နေကြရတာဟာလည်း ရှိပါတယ်၊ ကျနော်တို့ ရခိုင်ပြည်ဟာ ရေလမ်း ခရီးကိုဘဲ အားကိုးပြီးသွားလာ နေကြရတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

နအဖ စစ်အစိုးရလက်ထက်မှာ စေတနာဗလပွနှင့် မဖြစ်ညစ်ကျယ် တက်သုတ်ရိုက်ပြီး ဖေါက်လုပ်ထားတဲ့ စစ်တွေ-ရန်ကုန်ကားလမ်းနှင့် ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွေရှိပေမယ့် အရည်အသွေးမပြည့်မှီဘဲ ဒီလမ်းတွေပေါ်က တံတားတွေ ပြည်သူတွေကို စစ်သုန့်ပန်းလို သဘောထားပြီး လမ်းဘောင်ဖို့ခိုင်းလို့ ပြီးစီးသွားပေမယ့် ကတ္ကရာမခင်းနိုင်လို့ နွေဘက်မှာဆိုရင် ဖုန်တွေထူပြီး မိုးတွင်းဆိုရင် နွံနစ်နေတာကြောင့် ရင်တမမနဲ့ သွားလာနေကြ ရပါတယ်၊ တနှစ်တောင်မပြည့်သေးတဲ့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်က တံတားတွေဟာ ပျက်စီးယိုယွင်းနေပြီး ပြန်လည်ပြုပြင်နေရတာ တွေ့ရပါတယ်။ တံတားအောက်ခြေမှာခံထားတဲ့ သံချောင်းတွေက အလွန်သေးပြီး ဘိလပ်မြေ နည်းနည်း သဲများများနှင့် လောင်းထားတဲ့တံတားပေါ်က ကွန်ကရစ် ပါးပါးလေးတွေ ပွင့်ထွက်နေတာ ပြန်ပြင်နေတဲ့အချိန်မှာ ကျနော်တို့ စီးလာတဲ့ကားက အဲဒီတံတားပေါ်ကနေ ဖြတ်သန်းလာခဲ့ ပါတယ်၊ တံတားစိတ်မချလို့ တံတားတခုရောက်တိုင်း ကားပေါ်ပါတဲ့လူတွေကို လမ်းဆင်းလျှောက်ခိုင်းတာမို့ နေပူကြဲကြဲကြီးထဲမှာ တစ်နေကုန် လမ်းလျှောက် လာခဲ့ရပါတယ်၊ ကတ္တရာမခင်းလို့ ဖုန်ထူးလွန်းတဲ့လမ်းပေါ်မှာ ကားတွေ ဖြတ်သွားကြရတာဆိုတော့ ကားပေါ်ပါလာတဲ့ လူတွေလည်း လူစင်စစ်ကနေ မျောက်ဖြူကြီးတွေ ဖြစ်ရပြန်တယ်၊ မနှစ်ကမှ ဖွင့်ထားတဲ့ ဒီတံတားတွေဟာ ဒီနှစ်မှာ စိတ်မချရလို့ လမ်းဆင်းလျှောက်နေရတယ်ဆိုတော့ နအဖ စစ်အာဏာရှင်တွေ ဆောက်လုပ်ထားတဲ့ ဒီတံတားတွေဟာ ပြည်သူတွေကို တကယ် စေတနာရှိလို့လား၊ ဒါမှမဟုတ် စစ်အာဏာရှင်တွေ နာမည်ကောင်းရဖို့ ရည်ရွယ်တာလား ဆိုတာရှင်းပါတယ်။

နအဖ အစိုးရလက်ထက်မှာ တံတား ဘယ်နှစ်စင်း၊ လမ်းအရှည် ဘယ်နှစ်မိုင် ဆိုပြီး သူတို့ပိုင် မီဒီယာတွေက အသံကောင်းဟစ်ပြီး ပြည်သူတွေရဲ့ထောက်ခံမှု လေးစားမှုကို ရယူနိုင်ဖို့ ကြိုးစားနေကြတဲ့ နအဖ အာဏာရူးတွေရဲ့ လှည့်ကွက် ဟာ ဒီကနေ့ မြန်မာပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ အသိဥာဏ်တွေကို လွှမ်းမိုးနိုင်စွမ်းမရှိတော့တဲ့ ဆေးမြီးတိုတစ်လက်ဘဲ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရလက်ထက်မှာ လယ်သမားတွေရဲ့ လယ်ယာမြေကို မတရား သိမ်းပြီး ငွေကြေးတတ်နိုင်တဲ့လူတွေနဲ့ ပုစွန်ကန်လုပ်နေကြတဲ့ ဒေသ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေဟာလည်း လူ့အခွင့်အရေးကို အစွမ်းကုန် ချိုးဖေါက်တဲ့ ကိစ္စရပ်တခု ဖြစ်လို့နေပါတယ်။

ဒေသခံလယ်သမားတွေမှာ မိမိတို့ရဲ့ လယ်မြေတွေအတွက် ပြန်လည်လုပ်ကိုင် ခွင့်ရဖို့ အသနားခံတင်ပြမှုတွေကြောင့် အာဏာပိုင်တွေရဲ့ အမျိုးမျိုးခြိမ်းခြောက် ပြဿနာရှာခြင်းကို ခံကြရပြီး နေရပ်ကိုခွန့်ခွာ ထွက်ပြေးသွားကြသူတွေလည်း အများကြီးပါ။

တချို့လယ်သမားတွေကတော့ မိမိတို့ဘိုးဘွားပိုင် အရပ်ဒေသကို မစွန့်ခွာနိုင် ကြဘဲ ကြုံရာကျဘန်းလုပ်ကိုင် အသက်မွေးကြရသူတွေလည်း ရှိပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပြီး ဆန်တပြည်တထောင်ကျော်နေတဲ့ အချိန်မှာ တနေ့တထောင်လုပ်အားခက မိသားစုစားဝတ်နေရေးကို ဘယ်လိုမှ မဖြည့်စွမ်းနိုင်ကြပါဘူး။

မိသားစု စားဝတ်နေရေးမပြည်လယ်လို့ သားသမီးပညာရေးအတွက် ထည့်မတွက်နိုင်ကြတော့ဘဲ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းမထားနိုင်လို့ ကျောင်းထုတ်ထားရတဲ့ မိဘတွေနှင့် ကလေးတွေဟာလည်း တနေ့တခြားတိုးပွားလို့လာနေပါတယ်။ ကျေးလက်ဒေသတွေမှာ မူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းတွေ ယခင်ကထက်တိုးပွားလာတယ်လို့ အပြုသဘော လက်ခံပေးလို့ရပေမယ့် ဒီကျောင်းတွေမှာ ဆရာဆရာမလုံလောက်စွာ မရှိကြလို့ ကျောင်းသားမိဘတွေက မိမိတို့ဘာသာဆရာဆရာမ ငှားသင်ကြရပါတယ်။

နိုင်ငံတော်က အသိမှတ်ပြုဖို့ ကျောင်းတကျောင်းဖြစ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့နှင့် မြို့နယ်ပညာရေးမှူးတို့ ထိုငွေကြေးတွေနှင့် တပိုးပေးကြရတာလည်း ထုံးစံလိုဖြစ်နေပြီး ငွေကြေးမတတ်နိုင်ရှာတဲ့ ကျေးရွာတွေအနေနဲ့ကတော့ ပထွေးဆီက မုန့်ဖိုးတောင်းရတာလောက် အဆင်မပြေပါဘူး။ ကုန်ဈေးနှုန်းတွေ အဆမတန်တက်လို့ မိသားစု စားဝတ်နေရေး ခက်ခဲနေတဲ့ကြားက ကျောင်းဆရာငှားတဲ့စရိတ်၊ ပညာရေးဌာနက သတ်မှတ်ထားတဲ့နှုန်းထားထက် အဆမတန် ပိုမိုကောက်ခံခဲ့တဲ့ ကျောင်းဝင်ကြေး၊ စာမေးပွဲကြေး၊ အားကစားကြေးနှင့် အထွေထွေကြေးပေါင်း မြောက်မြားစွာကို ရင်မဆိုင်နိုင်လို့ မိမိတို့ရဲ့ သားသမီးတွေကို ရင်နင့်စွာနှင့် ကျောင်းထုတ်လိုက်ရတဲ့ မိဘတွေအရေအတွက်လည်း မနည်းလှတော့ပါဘူး။

နေထိုင်မကောင်းလို့ ဆေးဝါးကုသဖို့ ကျန်းမာရေးဝန်ထမ်းမရှိတဲ့ ကျနော်တို့ ကျေးလက်ဒေသတွေမှာ အရပ်ထဲဆေးဆရာ (ရမ်းကု)တွေနှင့် ဆေးဝါးကုရာက ဆေးထိုးမှားလို့ အသက်ဆုံးရှုံးရဲတဲ့လူတွေ၊ ဆေးဖိုးမတတ်နိုင်လို့ အသက်ဆုံး ရှုံးရတဲ့ လူတွေလည်း အများအပြားပါဘဲ။ တခါတရံ ရေဒီယိုသတင်းတွေက မြန်မာနိုင်ငံကို နိုင်ငံတချို့က ပညာရေး၊ ကျန်းမာရေးတွေအတွက် အလှူငွေ ပေးကြတဲ့သတင်းတွေ ကြားရတော့ အဲဒီအလှူငွေရဲ့ အကျိုးဆက် ကိုယ့်ဒေသ ဖက်ကိုများ ရောက်လာလေမလားလို့ ဒေသခံပြည်သူတွေက မျော်လင့်မိတတ် ကြပါတယ်။

ကျနော်တို့ဒေသတွေဟာ ဘယ်ကမ္ဘာ့အဖွဲ့အစည်း ဘယ်နိုင်ငံရဲ့ ထောက်ပံ့တဲ့ အကျိုးဆက်ကိုမှု မခံစားကြရပါဘူး။ နိုင်ငံတော် ကထောက်ပံ့တဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာလည်း နအဖစစ်အုပ်စုနှင့် ၎င်းတို့ရဲ့အသိုင်းအ၀ိုင်းနှင့် နိးစပ်တဲ့ ဒေသတွေအတွက်ပဲဖြစ်ပြီး စစ်ခေါင်းဆောင်းမရှိတဲ့ ကျနော်တို့ ဒေသတွေကိုတော့ လုပ်အားပေးနှင့် အခွန်အကောက်မျိုးစုံ ကောက်ဖို့အချိန်မှာပဲ သတိရတတ်ကြပါတယ်။

မြို့ပေါ်ကလူကြီးမင်းများ ကြွတော်မူလာတိုင်း ကျနော်တို့ဒေသတွေမှာ ဘာတွေများ ဖွံ့ဖြိုးရေး အကူအညီတွေပေးမှာပါလိမ့်လို့ တွေးလို့မှမဆုံးခင်း ပြည်သူ့စစ်ဖွဲ့ဖို့၊ ပြည်သူ့စစ် မ၀င်မနေရ ဆိုတဲ့သတင်း တပ်မတော်ရိက္ခာ အတွက် တစ်အိမ်ထောင် စပါးဘယ်နှစ်တင်းဆိုတာမျိုး ပြည်ခိုင်ဖြိုးအသင်း မ၀င်မနေရ ဆိုတာတွေကို ခြိမ်းခြောက်သံတစ်ဝက်နှင့် ကြားနေကျအတိုင်းဘဲ ကြားနေရပြန်တယ်။ လူကြီးမင်းတို့ ပြန်အကြွမှာ ပုဇွန်ခြောက် ကောင်းကောင်းလေး ငှက်ပျောခိုင်ခပ်ကြီးကြီး ငါးခြောက်ဘယ်နှစ်ပိဿာ ဆိုတာတွေကို သူတို့အစေအပါးတွေဖြစ်ကြတဲ့ ရယကနှင့်ကြံ့ဖွံ့တွေက ခွဲတမ်းနှင့် ရှာပေးကြရပါတယ်။ ဒီအချိန်မှာလည်း ဒေသခံပြည်သူတွေဖက်ကို ခြေဦးလှည့်လာပြန်တာပေါ့။ အလုပ်လက်မဲ့ တနေ့တခြား တိုးပွားလာတာနဲ့အမျှ ခိုးမှု၊လုယက်မှုတွေလည်း နေ့စဉ်လိုလိုများပြားလာ နေပါတယ်။

အရက်ပုန်းဆိုင်နှင့် ချဲထီလောင်းကစားဒိုင်တွေကလည်း နေရာတိုင်းလိုလိုမှာ တွေ့နေကြရပြီး အလုပ်အကိုင်မရှိလို့ စိတ်လေပြီး အရက်ဆိုင်တွေမှာ အချိန်ကုန်နေကြတဲ့ လူငယ်တွေလည်း အများအပြားပါပဲ။

အလုပ်အကိုင်မရှိတဲ့ ဆင်းရဲသားတွေရဲ့ ထွက်ပေါက်တစ်ခုအဖြစ် ယူဆ ထားကြတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေဟာလည်း လူတွေကို ဆင်းရဲတွင်း နက်သည်ထက် နက်စေပါတယ်။ ရခိုင်ပြည်အတွင်းက ကျေးရွာတိုင်းလိုလိုမှာ ချဲထီလောင်းကစားဒိုင်နှင့် တခြားလောင်းကစားဝိုင်တွေကို တွေ့ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းနှင့် ရယကအဖွဲ့တို့ကို လစဉ်ကြေး (လိုင်းကြေး) ပေးပြီး ဖွင့်လှစ်ထားကြတာဖြစ်ပါတယ်။

ဆင်းရဲတွင်း နက်ရတဲ့ကြားထဲ ကျေးရွာရယကအဖွဲ့က ခေါင်းစဉ်အမျိုးမျိုး ထပ်ပြီး ကောက်တဲ့ ငွေကြေးတွေကိုလည်း မဖြစ်မနေပေးဆောင်ကြရပြန်တယ်။ (ဥပမာ) မြို့နယ်က လူကြီးတွေလာမှာ ဖြစ်တဲ့အတွက် ဧည့်ခံစရိတ်၊ မြို့ပေါ်က အာဏာပိုင် လူကြီးမင်းများ ဘာအလှူလုပ်ဖို့အတွက်ဆိုပြီး ကောက်ခံခိုင်းယင် ကျေးရွာ ရယကဆိုတဲ့ အစေအပါးတွေက ဒေသခံပြည်သူတွေဆီမှာ နှစ်ဆတိုး ကောက်ခံကြပြန် ပါတယ်။

ကျနော်တို့ ကျေးရွာအုပ်စုအတွင်း ပူပူနွေးနွေးတွေ့ကြုံနေရတဲ့ အကြောင်းအရာ တစ်ခုကတော့ အနည်းငယ်ထူးနေပါတယ်။ နိုင်ငံတော်က ဒေသခံပြည်သူတွေ ဆန်စပါးစိုက်ပျိုးဖို့ လူထုလုပ်အားနဲ့ဆည်ဖို့ခဲ့တဲ့ ငန်းချောင်း တာတမံကြီးကို လုပ်ငန်းရှင်နှစ်ဦးက အာဏာပိုင်တွေကို လဒ်ငွေအမြောက်အများပေးပီး လုယူ ထားပါတယ်။

ဒီငန်းချောင်းတာတမံကြီးကို အမှီပြုနေကြရတဲ့ လယ်သမား ၅၈ ဦးဟာ ကိုယ့်လယ်ယာမြေ ကိုယ်ပြန်ရဖို့ တိုင်ကြားရာက အာဏာပိုင်တွေရဲ့ မတရား ခြိမ်းခြောက်မှုကို ခြိမ်းခြောက်ခံနေ ရပါတယ်။ ကိုယ်လယ်ယာမြေကို အသိမ်းခံ ထားရပြီး လူလည်းဘယ်အချိန် အချုပ်ထဲဝင်ရ မလဲလို့ ရင်တမမနှင့် စောင့်နေ ကြရတဲ့ သူတွေကတော့ ကျောက်ဖြူမြို့နယ် ငန်းကျွန်းအုပ်စုက ရွာသူရွာသား တွေပါ။

ဒီလိုပဲ လူမသိသူမသိ အာဏာပိုင်တွေရဲ့ နည်းမျှိုးစုံဒုက္ခရှာ အနိုင်ကျင့်တာကို ခံနေရတဲ့ အရိုးခံကျေးလက်တောင်သူတွေ ကျနော်တို့ရခိုင်ပြည်မှာ အများကြီး ရှိနေပါတယ်။ ဒါကြောင့်လဲ ဘောင်းဘီဝတ်ပြီးလာယင် တရုတ်မတောင် ကြောက်နေရတယ်လို့ ဆိုရိုးစကားဖြစ်လာဟန် တူပါတယ်။

မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်လှတဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းအရဲဆုံး နိုင်ငံစာရင်းထဲပါဝင်နေပြီး ပြည်သူတွေ ဆင်းရဲငတ်ပြတ် နေကြတာဟာ နိုင်ငံအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေ နိုင်ငံရဲ့စီးပွားရေးကို စီမံခန့်ခွဲပိုင်ခွင့် ရှိတဲ့ ပုဂ္ဂိုလ်တောင်ကြီးများအနေနှင့် ရှက်တတ်ယင် အင်မတန်ရှက်စရာပါ။

နအဖ စစ်အာဏာရှင်တွေက တစ်နှစ်ကို စီးပွားရေးတိုးတက်နှုန်း ဘယ်လောက် ရှိတယ်ဆိုပြီး အကြံအဖန်ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေပေမယ့် ပြည်သူလူထု ထဲမှာတော့ ဆန်ပြုတ်တောင် နပ်မမှန်တဲ့ သူတွေရှိနေတယ်ဆိုတာ အားလုံးသိ အောင် ရှက်ရှက်နင့်ဘဲ ပြောပါရစေ။

ကျေးလက်ဒေသက သက်ကြီးရွယ်အိုတွေ အရွယ်အိုတွေ၊ အရွယ်မရောက် သေးတဲ့ ကလေးလူငယ်တွေဟာ လုပ်ငန်းခွင်အသီးသီးမှာ မနိုင်မနင်း အလုပ်လုပ်နေ ကြရပါတယ်။ အသက်အရွယ် အလွန်အမင်း မကြီးရင့်ကြသေး ပေမယ့် တချို့တလေဟာ အဟာရချို့တဲပြီး ကျန်းမာရေးမကောင်းကြရာက ဆေးဝါးမကုသနိုင်လို့ သေဆုံးနေကြတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ သက်ကြီးပူဇော်ပွဲဆိုပြီး မီဒီယာတွေမှာပြ ထောက်ပံ့ကြေးတွေပေး လုပ်နေတာဟာ နအ ဖ စစ်ခေါင်းဆောင်တွေနဲ့ သူတို့အသိုင်းအ၀ိုင်းနှင့် နီးစပ် တဲ့သူတွေ အတွက်သာဖြစ်ပြီး အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ကျေးလက်ဒေသတွေမှာတော့ အသက်အရွယ်ကြီးရင့်လာရင် သားထောက် သမီးခံမရှိတဲ့ ဘိုးဘွားတွေက နီးစပ်ရာ တောင်းရမ်းစားသောက်ကြရတာပါဘဲ။

အရွယ်မရောက်သေးတဲ့ ကျောင်းနေအရွယ် ကလေးအများစုဟာလည်း မိသားစု စားဝတ်နေရေးအတွက် မိဘအလုပ်မှာ ၀င်ရောက်လုပ်ကိုင်နေကြတာရှိသလို လုပ်ငန်းခွင် အမျိုးမျိုးမှာ အခစားဝင်ရောက် လုပ်ကိုင်နေကြရတာတွေလည်း တပုံတပင် ရှိနေပါတယ်။ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးသူ ငယ်တွေကို အလုပ်မခိုင်းရလို့ ဥပဒေက တင်းကြပ်ထားပေမဲ့ မြန်မာနိုင်ငံမှာ တော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ အလုပ်ခွင်အသီးသီးမှာ ၀င်ရောက် လုပ်ကိုင်နေကြရတာဟာ မထူးဆန်းတဲ့မြင်ကွင်းပါဘဲ။

အနာဂတ် နိုင်ငံတာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမဲ့ လူငယ်လူရွယ် လေးတွေ ဟာ ပညာသင်ချိန်မှာ ပညာမသင်ကြရတာ တိုင်ပြည်အတွက် အလွန်နစ်နာ ကြောင်း လူတိုင်းသဘောပေါက် ကြပေမယ့်။ နအဖ စစ်ခေါင်းဆောင် တွေကတော့ သူတို့နဲ့ မဆိုင်သလို သဘောထားပုံရပါ တယ်။ ဗွီအိုအေ၊ ဘီဘီစီစတဲ့ ပြည်ပမီဒီယာတွေရဲ့ သတင်းနဲ့ဝေဖန်ချက်တွေကို ငါးစိမ်းသည်လေသံနှင့်ပြန်ပြီး ရန်တွေ့ပြနေမဲ့အစား မီဒီယာတွေရဲ့ သတင်းနဲ့ဝေဖန်ချက်တွေအပေါ်မှာ ပြန်လည်ဆန်းစစ်ပြီး ပြုပြင်သင့်တာတွေ ပြုပြင်နိုင်တာမို့ ကျေးဇူးတောင်တင်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒါပေမယ့် မြန်မာစစ်အာဏာရှင်တွေဟာ အာဏာရုးတွေပီပီ ဝေဖန် အကြံပေးမှု တွေကို ပြန်လည်သုံးသပ်တာမျိုးမရှိဘဲ ငါလုပ်တာအမှန် ဘယ်သူဝေဖန်တာကိုမှ လက်မခံဘူးဆိုယင်တော့ မကြာခင်မှာ အလွန်တရာနက်တဲ့ ချောက်ကမ်းပါး ထဲကို ဒလိမ့်ကောက်ကွေး ကျသွားနိုင်တယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။

ဒါကြောင့်မို့ နအဖ စစ်အာဏာရှင်တွေအနေနဲ့ မိမိအာဏာ တည်မြဲဖို့ အတွက်ကိုဘဲ ကွက်ပြီးလုပ်မနေဘဲ ပြုပြင်သင့်တာတွေ အချိန်မီ ပြုပြင်ပြီး သန်း၅၀ ကျော်သော တိုင်းရင်းသာပြည်သူတွေရဲ့ အနာဂါတ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

အောင်မြတ်ကျော်

(စားရေးသူသည် ရခိုင်ပြည်တွင်း၌ လျှို့ဝှက်ဖွဲ့စည်းထားသော ရခုင်လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အထွေထွေ အတွင်းရေးမှုးဖြစ်ပြီး ၎င်းကိုယ်တိုင် နယ်စပ်ဒေသကို ခေတ္တရောက်လာစဉ် ပေးပို့ခဲ့သောစာမူဖြစ်ပါသည်။)

No comments: