.

.

.

June 13, 2008

ပွဲဆက်ရန် ရှိသေးသည်

သာမန်မြန်မာပြည်သူများက နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဖျက်ဆီးခံရအပြီးတွင် သူတို့၏ ကြံ့ကြံ့ခံနိုင်သော စွမ်းရည်ကို ဖော်ထုတ်ပြသခဲ့ကြသည်။ အုပ်ချုပ်သည့် စစ်အာဏာပိုင် များကတော့ သူတို့၏ ဆန္ဒခံယူပွဲကြီးကို မည်သည့် သဘာဝ ဘေးကမျှ မဖျက်ဆီးနိုင်ကြောင်း ခေါင်းမာမာဖြင့် ပြသခဲ့လေသည်။

မှတ်မိသိရှိနိုင်သမျှသော သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးသော မုန်တိုင်းကြီး မြန်မာနိုင်ငံအပေါ် ကျရောက်ခဲ့သည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်တို့၏ ထုထောင်းမှု ဒဏ်ကို ၄၆ နှစ်တာ ခံထားရသော ပြည်သူများအဖို့ ဤနာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကို အသင့် အံတုနိုင်ရန် လေ့ကျင့်ပြင်ဆင်ပေးထားသလို ဖြစ်နေခဲ့ပါသည်။

မေလ ၂ ရက် နှင့် ၃ ရက်နေ့များတွင် တိုက်ခတ်ဖျက်ဆီးခဲ့သည့် မုန်တိုင်းကြီးအပြီး တပတ်မပြည့်မီပင် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်က ဖြည်းဖြည်းချင်း ပြန်၍ လူးလဲထလာခဲ့သည်။ ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ အမှိုက် အညစ်အကြေး များ၊ လဲကျ နေသည့် သစ်ပင် သစ်ကိုင်းများ၊ စသဖြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော်လည်း ရန်ကုန်မြို့က အရှုံး မပေးဘဲ သိက္ခာရှိရှိ ပြန်၍ ချီတက် ရှေ့ဆက်နိုင်ခဲ့သည်။

အသက်ရှင်သန်နိုင်ရုံ လည်ပတ်နေသော စီးပွားရေးစနစ်၏ ပြယုဂ်ဖြစ်သည့် လမ်းဘေး ဈေးများ၊ လက်ဖက်ရည်ဆိုင်များ သည်လည်း မြန်မာနိုင်ငံရှိ သာမန်လူထုတို့ အားထားနေကြရသည့်နည်းတူ အချိန်မဆိုင်းဘဲ ပြန်ဖွင့်ခဲ့ကြသည်။ ထိုအချိန်တွင် ပင် ဖိနပ်မပါသည့် ကလေးများသည်လည်း ထရိတ်ဒါးဟိုတယ် နောက်ဘက် လမ်းကျဉ်းလေး၌ ယင်များအုံနေသည့် အမှိုက် ပုံများကို ဂိုးတိုင်ပြု၍ ဘောလုံးပြန်ကစား နေကြပြီ။ အခြား သူတို့သည်လည်း ဘ၀ပြဿနာများကို ဖြေရှင်းရန်အတွက် ခပ်သုတ်သုတ် ပြန်လည် ပြေးလွှား သွားလာနေကြပြီ ဖြစ်သည်။

ဆယ်စုနှစ်များစွာ စစ်အစိုးရအဆက်ဆက်၏ လွဲချော်သည့် စီးပွားရေး စီမံခန့်ခွဲမှု များကြောင့် ခက်ခက်ခဲခဲ ရရှိထားသည့် လူတို့၏ ခံနိုင်ရည်မှာ အကန့် အသတ်တော့ ရှိနေပါသေးသည်။ ဤသို့ ဇွဲသတ္တိကိုဖော်ပြနေသည့် မျက်နှာစာ အောက်တွင်ပင် သေချာကြည့်ပါက သဲရှပ်နေသည့် အမှန်တရား လက္ခဏာများကို မြင်တွေ့နိုင် ပါသေး သည်။

အစိုးရအာဘော်တပိုင်းဟု ဆိုနိုင်သည့် မြန်မာတိုင်းမ် (စ်) သတင်းစာပါ ဆောင်းပါး တပုဒ်တွင် ရာဇ၀တ်မှုနည်းပါးသည်ဟု မှတ်ချက်ပြုထားကြသည့် မြို့ကြီး၌ ထူးထူး ခြားခြား သံဆူးကြိုးခွေများ အ၀ယ်လိုက်နေကြောင်း ဖော်ပြထားသည်။ လူလတ်တန်း စား အမျိုးသမီးတဦးက သူမအမေနေထိုင်ရာ တရားစခန်းတွင် သူခိုးထူပုံကို ညည်းညူ ပြောဆိုနေပြီး စင်္ကာပူအခြေစိုက် မြန်မာစီးပွားရေးသမားတဦးက “ည ၉ နာရီကျော်ရင် တော့ မထွက်လေနဲ့” ဟု လေသံတိုးတိုးနှိမ့်၍ သတိပေးပါသည်။ ခဏဆိုင်းနေပြီးမှ “လူတွေက စိတ်ရင်းတော့ ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ဗိုက်ပြည့် ၀မ်းဝဖို့ လိုတယ်လေ” ဟု ပြောပါသည်။

တချိန်တည်းမှာပင် လွန်ခဲ့သည့် ၇ လ ကျော်ကာလက နိုင်ငံတကာသတင်းစာများ၊ ရုပ်သံများ၏ ခေါင်းကြီးသတင်းအဖြစ် နေရာယူခဲ့သည့် သံဃာများဦးဆောင်သော ဆန္ဒပြပွဲများကို အကြမ်းဖက် ရက်ရက်စက်စက် ဖြိုခွဲပြီးသည့်နောက် နိုင်ငံကို အုပ်ချုပ် နေသည့် စစ်အစိုးရက ၎င်း၏ အခြားမျက်နှာစာတဘက်ကို အပြည့်အ၀ လှစ်ဟပြ ပြန်သည်။ ရန်ကုန်မြို့ခံ လူထု ကမူ မုန်တိုင်းပြီးပြီးချင်းကာလများ၌ ထူးထူးခြားခြား စစ်သားများကို မတွေ့ခဲ့ကြရဟု ဆို၏။ နောက်ပိုင်းရက်များမှ ကိုရွှေ စစ်သားများ ပြန်လည်ပေါ်ထွက်လာကြပြီး လူကုံထံရပ်ကွက်များနှင့် မြို့တော်၏ အချက် အခြာကျသည့် လမ်းဆုံနေရာများမှ ပိတ်ဆို့နေသည့် သစ်ပင်များကို လာရောက် ရှင်းခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့ အစိုးရကတော့ လူတွေကို ပစ်ထားတာပဲ။ လူတွေက စောဒကတက် ပြောကြပြန်တော့လည်း သူတို့က ဗိုလ်ကျ ကြပြန်တယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။ သူကအတိုချုပ်၍ စစ်အစိုးရ လက်ကိုင်ပြုနေသည့် မူဝါဒ ၂ ရပ် ကိုလည်း ပြောခဲ့သေးသည်။ လူအများ၏ လိုအပ်ချက်ကို လျစ်လျူရှုထား။ ဆန့်ကျင် အံတုလာမည်ကို သိပါက ချက်ချင်း ချေမှုန်း ဆိုသည့် အချက် ၂ ချက် ဖြစ်သည်။

မြန်မာစစ်အစိုးရအဖို့ သူတို့ဂရုစိုက်နေသည့် ကပ်ဘေးမှာ သူတို့အာဏာ ကိုင်စွဲ ထားမှုကို ခြိမ်းခြောက်လာမည့် ကိစ္စများသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် အပျက်အစီး များကြားမှ ပုံမှန်အခြေအနေ ပြန်ရောက်ရန် ရုန်းကန်နေရစဉ် ဧရာဝတီတိုင်း၌ အိပ်မက်ဆိုးသဖွယ် ပျက်စီးသေဆုံးရမှုများက ခြောက်လှန့်နေစဉ်တွင် စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင် ရေးအတွက် ဆန္ဒခံယူပွဲ ဇွတ်တိုးလုပ်ဆောင် ခဲ့ကြခြင်းကိုလည်း မြန်မာပြည်သူများက အံ့သြခြင်း မရှိကြပါ။ သူတို့က အစိုးရ အကြောင်း သိထားပြီးဖြစ်သလို အတည်ပြုခိုင်းနေသည့် ဖွဲ့စည်းပုံကလည်း စစ်တပ်က နိုင်ငံရေးအာဏာ ပိုမို ချုပ်ကိုင်နိုင်ရေး အတွက် ပြဌာန်းလိုနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်ကြပါသည်။

ဖွဲ့စည်းပုံမူကြမ်းတွင် ၂၅ ရာခိုင်နှုန်းသော နိုင်ငံခေါင်းဆောင်နေရာများကို စစ်တပ် အတွက် ဖယ်ချန်ထားပြီး ဤဖွဲ့စည်းပုံ ကိုပင် စစ်တပ်က မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ပြဿနာပေါင်းသောင်းခြောက်ထောင် အတွက် အဖြေဟု ညွှန်းနေခဲ့ပါ သည်။ ပို၍ တိတိကျကျဆိုရလျင် ၁၉၉၀ ပြည့်နှစ်က ပြည်သူများကရွေးချယ်၍ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်ပွဲရလဒ်ကို ချေဖျက်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။

၁၈ နှစ်ကြာပြီးသည့်တိုင် စစ်အစိုးရက ဤရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်မှုဒဏ်ကို ခံစားနေကြရဆဲ ဖြစ်သည်။ သူတို့ က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ပြီး အာဏာလွှဲပြောင်းပေးရန် တောင်းဆိုချက်များကိုလည်း ဆန့်ကျင်နေခဲ့ရာမှ ယခုအခါ နိုင်ငံအတွက် အခြားစင်ပြိုင် နိုင်ငံရေးလမ်းတခုကို အတင်းအကျပ် ချမှတ်လာခြင်း ဖြစ်သည်။ အစိုးရ ထိန်းချုပ် ထားသည့် သတင်းဌာနများက မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲကို “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်” ဖော်ဆောင် နိုင်ရေးအတွက် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ၏ အရေးပါမှုအဖြစ် အမွှမ်းတင်ဖော်ပြနေခဲ့ကြသည်။

မည်သူမျှ ဂရုမစိုက်လည်းနေ၊ အရေးမကြီးလှပါ။ နာဂစ်မုန်တိုင်း စက်ကွင်းမှ လွတ်ရာဒေသဖြစ်သည့် ပဲခူးမြို့ရှိ မဲရုံတွင် မဲရုံတာဝန်ရှိသူများက မဲလာထည့်မည့်သူများကို ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ အလားတူ လူသူကင်းရှင်းနေ သည့် မဲရုံ မြင်ကွင်းမျိုးကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးတွင်လည်း မြင်တွေ့ကြရသည်ဟု သတင်းများ က ဆိုပါသည်။ လူအများက စစ်အစိုးရ အတည် ပြုခိုင်းသည့် ဥပဒေထက် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် အကူအညီ ပေးရေးကိုသာ ပို၍ အားသန်နေခဲ့ကြပါသည်။

မေလ ၁၅ ရက်နေ့တွင် စစ်အစိုးရက မဲဆန္ဒရှင်များ၏ ၉၉ ရာခိုင်နှုန်းနီးပါး လာရောက် မဲပေးကြပြီး ၉၂. ၄၈ ရာခိုင်နှုန်း က လိမ်လည်လှည့်ဖျားထားသည့် ဖွဲ့စည်းပုံကို ထောက်ခံ အတည်ပြုကြသည်ဟု ကြေညာခဲ့ပါသည်။ နောက်နှစ်ပတ်အကြာ နာဂစ် မုန်တိုင်း ကြောင့် အသက်များစွာ သေကြေဆုံးရှုံး အိုးအိမ်ပျက်စီး ခဲ့ရသည့် အတွက် ကြောင့် ဆန္ဒခံယူပွဲ ယာယီဆိုင်းငံ့ ခဲ့ရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင်လည်း မဲဆန္ဒပေးပွဲများ ကျင်းပခဲ့ပြီး အလားတူရလဒ်ပင် ရရှိသည်ဟု ကြေညာခဲ့ကြ ပြန်သည်။

အကယ်၍ စစ်ဗိုလ်ချုပ်များ အလိုကျသာ ဖြစ်လာပါက စစ်အုပ်ချုပ်ရေးက အခြားပုံစံ တမျိုးမျိုးဖြင့် ဤမြေပေါ်တွင် ဆက်လက်ရှိနေတော့မည် ဖြစ်သည်။ ဤအနေအထား တွင် နိုင်ငံရေးမိုးသက်မုန်တိုင်းလည်း ကျရောက်လာဖွယ် ရှိနေပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မရေမတွက်နိုင်သည့် အသက်အိုးအိမ်များကို ဖျက်ဆီးခဲ့သည့် သဘာဝဘေး မုန်တိုင်း သဖွယ် ပြင်းထန်စွာ ကြုံရတော့မည် ဖြစ်သည်။ လွဲမှားစွာ အုပ်ချုပ်နေသော စစ်တပ်၏ ရာစုနှစ်တ၀က်မျှ သက်တမ်းတွင် မြန်မာနိုင်ငံသည်လည်း ကံကောင်း၍ ရှင်ကျန်ရစ်ရသူများ၏ နိုင်ငံတခု ဖြစ်လာပေလိမ့်မည်။ ထိုမျှမက ကျရှုံး နိုင်ငံတခုအဖြစ် ဆက်လက် မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။ မြန်မာနိုင်ငံသည် သဘာဝကပ်ဘေးများနှင့်ပတ်သက်၍ အစောပိုင်း ကတည်းက အန္တရာယ်ရှိနေပြီး အဆိုးဆုံးအနေအထား ဖြစ်လာနိုင်ခြေလည်း ရှိနေသေးသည်။

ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အကြပ်အတည်းများအဖြစ် ထင်ထင်ရှားရှား မြင်တွေ့ရသည်မှာ စစ်အစိုးရအနေဖြင့် မည်သည့်အခြေအနေကိုမျှ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ အကျိုးစီးပွား အတွက် လည်း ဆက်လက်၍ လိမ်လည်အမြတ်ထုတ်နေနိုင်လိမ့်မည် မဟုတ်ပါ။ စစ်အစိုးရက ဆန္ဒခံယူပွဲကို သူတို့၏ ထွက်ပေါက်ဟု ယူဆခဲ့ကြပြီး ဤအတိုင်းလည်း ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ ဧရာဝတီတိုင်းအတွင်းတွင်လည်း အစိုးရက သူတို့ဦးစီး သည့် အတုအယောင် ဟန်ပြအကူအညီပေးရေး လုပ်ငန်းများ လုပ်ခဲ့ ကြပါသေးသည်။

အနောက်တိုင်းသံတမန်တဦးက “လေဘေးသင့် ဒေသတွေမှာ စစ်အစိုးရရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေက ဆန္ဒခံ ယူပွဲ ပြီးတဲ့နောက်မှာ ၂ ဆ ကျော် ၄ ဆလောက်ထိ တိုးတက်လာတယ်” ဟု မှတ်ချက်ချ ပြောဆိုပါသည်။ တပတ်ကြာ ပြီးသည့်နောက်တွင်မှ စစ်အစိုးရ၏ အားစိုက်ထုတ်နေမှုများ မည်သည့်နေရာတွင် လမ်းလွဲနေကြောင်း သိသာထင်ရှားလာ ရပါသည်။ ကပ်ဘေးသင့်ဒေသများသို့ နိုင်ငံခြားသားများကို သွားရောက်ခွင့် ၂ ပတ်ကြာ ပိတ်ပင်ထားပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးဉာဏ်ဝင်းက နိုင်ငံအတွင်းရှိ အမေရိကန် သံရုံးထိပ်တန်းတာဝန်ခံ ရှာရီ ဗီလာ ရိုဆာကို မြစ်ဝကျွန်းပေါ် ဒေသသို့ ခြံရံပို့ဆောင် ပေးခဲ့သည်။ ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံဖြစ်သူ ရှာရီ ဗီလာရိုဆာကမူ မြင်တွေ့ရသည်မှာ အထင်ကြီးစရာမရှိဟု ဆိုခဲ့ပါသည်။

“လုပ်ပွဲပါပဲ။ သူတို့ ပြချင်တာလောက်ကိုပဲ ကျမတို့ကို မြင်စေချင်နေတာ” ဟု ရှာရီ ဗီလာရိုဆာက အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံနှင့် အကျိုးစီးပွားအရ ဆက်စပ်နေသည့် အခြားအစိုးရ၀န်ကြီးအချို့ကလွဲ၍ လူအားလုံးနီးပါးက စစ်အစိုးရ၏ ဆန္ဒခံယူပွဲကို အတုအယောင်ဟု ငြင်းပယ်ပြောဆို ခဲ့ကြပါသည်။ စစ်အစိုးရ ဆောင်ရွက်နေသည့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆိုသည်ကိုလည်း သံသယမျက်လုံးဖြင့် စောင့်ကြည့်ရုံမှတပါး ထောက်ခံပြောဆိုပေးရန် ခက်ခဲလှပါသည်။

စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်မြင်သံကြားတွင်တော့ စစ်ဗိုလ်ချုပ်များက လူထုကိုနှစ်သိမ့်နေသည့်ပုံ၊ လေမုန်တိုင်း သင့်ဒုက္ခသည်များက ကျိုးနွံစွာ အလှူပစ္စည်းများ လက်ခံနေကြပုံကို ပြသနေသည်။ သို့သော်လည်း ဒေသတွင်း အကူအညီ ပေးလာသည့် စစ်သားဟူ၍ အနည်းအကျဉ်းမျှသာ တွေ့ရပြီး ပြသနေသည်နှင့် လုံးဝခြားနားမှုရှိနေပါသည်။ ဥပမာဆိုရသော် မြစ်ဝကျွန်းပေါ်ဒေသ ကွန်းခြံကုန်းသို့ သွားရာလမ်းတလျှောက်တွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ၏ အခြား ဒေသများမှနေ၍ ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းလာသောပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများကို လူအများက ၀မ်းပန်းတသာ ကြိုဆိုနေပုံ မြင်ကြရပါသည်။

လေဘေးသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်တပ်၏ မလုံလောက်သော ကြိုးပမ်းဆောင်ရွက်ချက် များကို သာမန်မြန်မာပြည်သူများက ကြိုးစားဖြည့်ဆီးခဲ့ကြပါသည်။ သို့သော်လည်း သူတို့၏ လွတ်လပ်စွာ ကူညီလှူဒါန်းနိုင် ခွင့်ကိုပင် ပိတ်ပင်ကန့်သတ်မှုများ ကြုံလာခဲ့ရသည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဤအလှူယာဉ်တန်းများ ကို ရဲကင်းများချ၍ ရပ်တန့်စေခြင်း၊ လာဘ်ငွေပေးဆောင်ပြီးမှ ရှေ့ခရီးဆက်စေခြင်းများကို အာဏာပိုင်များက ဆောင်ရွက် နေကြပြန်သည်။

မည်သို့ပင် ဖြစ်စေ၊ ပုဂ္ဂလိကအလှူရှင်များက ဆက်လက်အားသွန် ကြိုးပမ်းနေကြဆဲ ဖြစ်ပြီး တချို့သောကိစ္စများတွင် ဗုဒ္ဓဘာသာရဟန်းများက ဦးဆောင်ဦးရွက် ပြုနေ ကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ အဆိုးဆုံး မုန်တိုင်းသင့်ခဲ့ရသည့် ဒေသများတွင် အကူအညီပေးရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထဆောင်ရွက်နေသူ မြန်မာလူမျိုး တဦးက ပြောပြရာတွင် တချို့သော မုန်တိုင်းသင့်ဒုက္ခသည်များသည် အစိုးရက စည်းကမ်းတင်းကျပ်စွာ ထိန်းချုပ်ထားသည့် စခန်းများမှ ထွက်ပြေး ၍ ဘုန်းတော်ကြီးကျောင်းများတွင် အစားအစာနှင့် ခိုလှုံရာ ရှာနေခဲ့ကြသည်ဟု ဆိုသည်။ ဤမုန်တိုင်းဘေးမှ ကံကောင်း ထောက်မ၍ ရှင်ကျန်ရစ်ခဲ့ရသူများမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်ခံစားနေကြရပြီး ဒေသအတွင်း စစ်တပ်တိုးချဲ့ချ ထားမှုကြောင့် စိုးရိမ်စိတ်များ မလျော့ကျခဲ့ဟု ဆိုကြသည်။

ကမောက်ကမ ဖြစ်ရပ်များလည်း ရှိခဲ့သည်။ မုန်တိုင်းဖျက်ဆီးခံရပြီးနောက်ပိုင်း ရက်များတွင် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ဆန္ဒခံယူပွဲအတွက် ပြင်ဆင်ရေး လုပ်ငန်းများနှင့် အလုပ်များနေခဲ့ကြပြီး သဘာဝကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ မလုပ်နိုင်အောင် ဖြစ်ခဲ့ရသည်။ သို့အတွက်ကြောင့် အစိုးရမဟုတ်သည့် အကူအညီများဖြင့်သာ သူတို့ သက်သာမှု ရခဲ့သည်။

“ပထမပိုင်းရက်တွေမှာတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်း ရခဲ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် နှစ်အတန် ကြာ နေထိုင်လုပ်ကိုင်ခဲ့သူ အနောက်တိုင်းမှ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။ “ကျနော်တို့ အာဏာပိုင်တွေနဲ့ ပြောဆို ဆွေးနွေးတဲ့အခါ သူတို့က သွား..သွား... လုပ်သာလုပ်..လို့ ပြောကြတာချည်းပဲ။ သူတို့က အခုအခြေအနေကို ဘယ်လိုတုံ့ပြန် ဆောင်ရွက်ရမှန်း မသိဘူး ဖြစ်နေ ကြတယ်” ဟု သူက ဆိုသည်။

သို့သော်လည်း နောက်ပိုင်းတွင် ပြည်ပအကူအညီများအတွက် ပိုမိုတံခါးဖွင့် လုပ်ကိုင်ခွင့် ပေးရန် ဖိအားများ သက်ရောက်လာ သည့်အခါ စစ်အစိုးရ၏ သဘောထား ပြောင်းလဲ သွားတော့သည်။ နိုင်ငံရပ်ခြား ကျွမ်းကျင်သူများကို ပြည်ဝင်ခွင့် ဗီဇာ လျှောလျှော လျှူလျှူ ထုတ်ပေးရမည့်အစား စစ်အစိုးရက ပြည်တွင်းရှိနေသူများကိုပင် ပို၍ တင်းကျပ် ကန့်သတ်မှုများ ပြုလာခဲ့သည်။ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တခုတွင် လုပ်ကိုင်နေသူ မြန်မာလူမျိုးတဦး၏ အဆိုအရ ဆန္ဒခံယူပွဲပြီး သည်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြား အကူအညီပေးရေး အဖွဲ့အစည်းများကို ဆင့်ခေါ်ခဲ့ပြီး “လှူဒါန်းလိုလျှင် အစိုးရထံမှ တဆင့် လှူဒါန်းပါ။ မဟုတ်ပါက တပတ်အတွင်း နိုင်ငံအတွင်းမှ ထွက်သွားရမည်” ဟု ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြန်မာပြည်တွင်းရှိ နိုင်ငံရပ်ခြားအကူအညီပေးရေး ၀န်ထမ်းများသည်လည်း လိုက်နာကြရုံသာ ရှိတော့သည်။ “အခုအချိန်က အစိုးရနဲ့ တုံ့ပြန်ပြောနေရတော့မယ့် အချိန်မဟုတ်တော့ဘူး” ဟု နိုင်ငံအတွင်း နှစ်ကြာရှည် လုပ်ကိုင်လာခဲ့သူ ၀န်ထမ်း တဦးက ပြောသည်။

“စစ်အစိုးရကတော့ ထင်ထားသလို တသွေးတသံ ညီညွတ်နေတာမဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။ သူဆိုလိုသည် မှာ အထက်က မူချသော်လည်း အောက်ခြေ တွင် တချို့သောအဖွဲ့များက နားလည်မှုယူ၍ ဒုက္ခသည်များထံ တိုက်ရိုက်ကူညီ လှူဒါန်းနေကြသည်ကို ပြောလိုခြင်း ဖြစ်သည်။

တသွေးတသံဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သေချာသည်ကတော့ စစ်အစိုးရက ၎င်း၏အမိန့်ပေး ယန္တရားများကို ပြန်လည် ချုပ်ကိုင်စုစည်းလာခြင်းပင် ဖြစ်သည်။ စစ်အစိုးရက ပြင်ပကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အစား နိုင်ငံတကာ အကူအညီ များကို ထိန်းချုပ်စုစည်းနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများက ပို၍ အာရုံရလာပုံ ရှိပါသည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ တချို့သော မုန်တိုင်းသင့် ဒုက္ခသည်များက စစ်အစိုးရ အနေနှင့် နိုင်ငံတကာအကူအညီ များကို ပိတ်ဆို့နေကြောင်း သိသည်ဟု ဆိုသည်။ ရန်ကုန်တွင် စစ်သားများက နိုင်ငံတကာအလှူရှင်များထံမှ ရရှိ သည့် ပစ္စည်းများ ပြင်ပတွင် ခိုးရောင်းနေကြသည်ဟု ကောလာဟလများ အစဉ်တစိုက် ထွက်ပေါ်နေခဲ့ပြီး နိုင်ငံတကာ လေယာဉ်ကွင်းအနီးရှိ ဈေးတွင် ၀ယ်ယူရနိုင်သည်ဟု ဆိုနေကြသည်။ အတည်ပြုရန် ခက်ခဲလှသော်လည်း ဤပြောဆိုချက်များက ယခုကပ်ဘေး နှင့် ပတ်သက်၍ စစ်အစိုးရ၏ တုံ့ပြန်ကိုင်တွယ်ပုံအပေါ် မကျေနပ်ကြကြောင်း အတိအလင်း ဖော်ပြနေသကဲ့သို့ ဖြစ်နေ ပါသည်။

ဤသို့ မကျေနပ်မှုများ ကြီးထွားလာနေသော်လည်း နောက်ထပ် လူထု ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ဟု ပြောရန် စောနေ ပါသေးသည်။ ယမန်နှစ်က ဆန္ဒပြပွဲများကို အကြမ်းဖက်၍ ရက်ရက်စက်စက် ချေမှုန်းခဲ့သည့် မြင်ကွင်းများကို လူတိုင်းက အမှတ်ရနေကြဆဲ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များကို တရားမျှတမှု ရှေ့မှောက်သို့ ရောက်လာစေရန် တိုက်တွန်းကြိုးပမ်းမှု အသစ်များ ဆောင်ရွက်လိုကြသည့်စိတ်က စစ်အစိုးရ၏ အမျိုးသားညီလာခံကို လိုလားထောက်ခံမှုကဲ့သို့ပင် အားပျော့နေဆဲ ဖြစ်သည်။

“ကျနော်တို့ အစိုးရက လူထုတော်လှန်ရေးတွေအပေါ်မှာ ထိန်းချုပ်မှုကတော့ သိပ်တော်တယ်” ဟု နိုင်ငံရေး စိတ်မ၀င်စားဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကိုသာ အားကြိုးမာန်တက် ဆောင်ရွက်နေသူ နိုင်ငံတကာအန်ဂျီအိုကြီးတခု၏ မြန်မာလုပ်သား တဦးက ပြောသည်။

ကာလကြာရှည် ဒုက္ခရောက်နေခဲ့ကြရသည့် ပြည်သူများအနေဖြင့် နောက်ထပ် လူထုအုံကြွမှု တခုဖြစ်လာခဲ့လျင်သော်မှ သူတို့၏ဘ၀များ ချက်ချင်း တိုးတက် ပြောင်းလဲလာမှု မရှိနိုင်ဟု သူက ယူဆနေပါသည်။ သူက ဤသို့ လူထု အုံကြွမှု ဖြစ်လာမည့်အရေးကိုလည်း မလိုလားပါ။

“နိုင်ငံအတွင်းမှာ ကျနော်တို့ လုပ်နိုင်တာတွေ အများကြီးရှိနေပါသေး တယ်။ တခုခုလုပ်နေတာက ဘာမှမဖြစ်တာထက် စာရင်တော့ ကောင်းပါတယ်” ဟု သူက ဆိုသည်။

မြန်မာကယ်ဆယ်ရေး လုပ်သားအများစုက အစိုးရကို မြင်ထားကြပုံမှာလည်း အလားတူပင် ဖြစ်သည်။ သူတို့က စစ်အစိုးရကို ဆင်းရဲမွဲတေမှု ကပ်ဘေးတခု၊ ရောဂါတခုသဖွယ် မြင်နေကြပါသည်။ ဤရောဂါက ကုသအမြစ်ဖြတ်ရန် မဖြစ်နိုင် သော်လည်း ရောဂါဒဏ်ရာ သက်သာရာ သက်သာကြောင်းတော့ ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု ထင်သည်။

သူ့ကို ယခု စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေခြင်းက တခုခုမရှိတာထက် ပိုကောင်းနိုင်မလားဟု မေးကြည့်ဖြစ် သည်။ သူက “ရှင် စဉ်းစားကြည့်ပေါ့။ အဆိပ်ခတ်ထားတဲ့ အစာကို ကျွေးလာရင် တခုခုမရှိတာထက်စာရင် ရှိတာက ပို ကောင်းတယ်လို့ ရှင်ပြောပြီး စားမလား” ဟု တုံ့ပြန်ဖြေဆိုခဲ့ပါသည်။

နီးလ် လောရင့်စ် - ဧရာဝတီ

No comments: