.

.

.

June 13, 2008

မြန်မာပြည်တွင်း အင်တာနက် သုံးစွဲမှု ခက်ခဲကြံ့ကြာ

အစိုးရခွင့်မပြုသော အင်တာနက် သတင်းစာမျက်နှာများနှင့် ဘလော့(Blog) များကို ဝင်ရောက်ဖတ်ရှုနိုင်ရန် အသုံးပြုသည့် ပရောက်စီ(Proxy) နံပါတ်များကို မြန်မာစစ်အစိုးရက ပိတ်လိုက်ပြီးနောက်ပိုင်း အင်တာနက် အသုံး ပြုသူများနှင့် ဘလော့ဂါများ အင်တာနက်သုံးစွဲရာတွင် အချိန်ကြံ့ကြာ၍ အခက်အခဲများဖြစ်နေကြောင်း သိရသည်။

ယင်းသို့ သုံးနေကျ ပရောက်စီများကို ပိတ်ပင်လိုက်ပြီးနောက် အင်တာနက်အမြန်နှုန်းများလည်း တချို့နေရာ များ တွင် အလွန်နှေးကွေးသောကြောင့် ဓာတ်ပုံများပေးပို့ရာတွင် ကြံ့ကြာပြီး ခက်ခဲကြောင်း အင်တာနက်သုံးစွဲသူ များ က ပြောသည်။

“အင်တာနက်က ဒီမှာ အရမ်းခက်နေတယ်၊ ဓာတ်ပုံ တင်လိုက် ပြုတ်ကျလိုက်နဲ့ အီးမေးလ်ကလည်း မထွက်၊ အဲဒါနဲ့ တခြား အလုပ်လုပ်ရင်း တင်ထားတာ၊ ပြန်ကြည့်လိုက်တော့လည်း မတက်၊ ပရောက်စီကတော့ သုံးရတယ်၊ ကျော်ပြီးသွားရတာ ပေါ့”ဟု ဘလော့ဂါ ကိုညီလင်းဆက် က ဧရာဝတီသို့ ပြောသည်။


အင်တာနက်အမြန်နှုန်း အလွန်ကျဆင်းသောကြောင့် တခြားသော ပရောက်စီများ ရှာဖွေ အသုံးပြုသော်လည်း အဆင်မပြေ သည့် အတွက် ၎င်း၏ ဘလော့တွင် ဓာတ်ပုံမတင်နိုင်ဘဲ စာသားသက်သက်သာ ရေးတင်ရသည်ဟု လည်း ကိုညီလင်းဆက်ကပြောသည်။

“ကွန်နက်ရှင်က အမြန်နှုန်း အရမ်းကျတော့ ဘယ်ပရောက်စီသုံးသုံး အဆင်မပြေဘူး၊ ဝမ်းမက် ဖိုင် တောင် ပို့လို့ မထွက်ဘူး၊ အဲဒါကြောင့် ကျနော့် ဘလော့မှာ စာပဲရေးနိုင်တယ်၊ ပုံမတင်နိုင်ဘူး၊ ဘလော့ တော်တော်များများက အဲဒီလိုဖြစ်နေကြတယ်၊ ဘယ်လိုဖြေရှင်းရမလဲ မသိဘူး”ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သော မေလ ကုန်ပိုင်းက စစ်အစိုးရ အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာ တယ်လီပို့ ဝက်ဘ်ဆိုက် မှ တဆင့် Proxy Server ပြောင်းလဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်မြို့က အင်တာနက်သုံးစွဲသူတဦးကလည်း“မြန်မာတယ်လီပို့က ပရောက်စီ နံပါတ်တွေ ဖြုတ်လိုက်တဲ့ ၂ ပတ် ကျော်ကျော်နောက်ပိုင်း၊ ပရောက်စီ လိပ်စာအတော်များများလည်း ပိတ်လိုက်တယ်၊ အရင်က ယူဟိုက်တို့၊ ဒယ်ဘယ်လ် ဟိုက် တို့ စတဲ့ အထဲကသုံးနေကျ ပရောက်စီလိပ်စာတွေ၊ အတော်များများ သုံးလို့မရဖြစ် သွား တယ်၊ ဒါပေမယ့် လူတွေက တခြားနည်းတွေတော့ ရှာဖွေနေကြတာပဲ၊ ဘလော့ သမားတွေတော့ တော်တော် အခက်အခဲဖြစ်တယ်၊ သူတို့တွေက လှည့်ပတ်ဝင်ရတယ်၊ မြန်မာ့ဆက်သွယ်ရေးက ဘလော့ တော်တော်များကို လည်း ပိတ်လိုက်တယ်၊ မုန်တိုင်းပြီး ၂ ပတ်လောက်မှာပဲ”ဟု ပြောသည်။

ဘလော့များကို ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး ၎င်း၏ ဘလော့ အစိုးရပိတ်သည့် အထဲတွင် ပါဝင်သွားသည်မှာ မကြာသေး ခင်က ပြီးစီးသွားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဆန့်ကျင်ရေးသားထားသည်များ ဖော်ပြထားသောကြောင့် ဖြစ်မည်ဟု အမျိုးသမီး ဘလော့ဂါ တဦးကလည်း ပြောသည်။

“ဟိုတလောက ဘလော့တွေ အခု ၅၀ လောက် ပိတ်တဲ့အထဲမှာ ကျမ ဘလော့ လည်း ပါသွားတာပေါ့၊ ဟိုတခါ ပရောက်စီ တွေပြောင်းကတည်းက ပိတ်လိုက်တာ၊ ဘာကြောင့် ပိတ်လည်းဆိုတော့ ကျမ ဘလော့မှာ ဆန္ဒခံယူပွဲ လက်မခံတဲ့အကြောင်း တင်ထားလို့နဲ့ တူတယ်”ဟု ၎င်းက ပြောပြသည်။

မြန်မာပြည်တွင်း၌ ဘလော့ပေါင်း ရာနှင့်ချီ၍ ရှိနေပြီး နေ့စဉ် အသစ်တင်နိုင်သော ဘလော့မှာ ၅၀ ဝန်းကျင်ခန့်ရှိ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များ ဖြစ်ကြောင်း၊ ယင်းဘလော့ဂါ အများစုမှာ အစိုးရ အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် ပါးနပ်စွာ လုပ်ကိုင်နေကြရကြောင်း သူမက ဆက်ပြောသည်။

ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းကလည်း ဘလော့ဂါ ကိုနေမျိုးကျော်(ခ)ကိုနေဘုန်းလတ်အား စစ်အစိုးရကဖမ်းဆီး ခဲ့ကာ ၂၀၀၇ နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များမေတ္တာပို့ လမ်းလျှောက်သည့် ဓာတ်ပုံများ ဖော်ပြ ထားသော မိုးကုတ် ဘလော့ ပြုလုပ်သူ ကိုသားဖြူကို အာဏာပိုင်များ ခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ယင်း စက်တင် ဘာ အရေးအခင်း ကာလ အတွင်း ဓာတ်ပုံများ၊ သတင်းများကို ဦးဦးဖျားဖျားဖော်ပြခဲ့သော မိုးဇက် အမည်ရှိ မြန်မာ ဘလော့ တခုကိုလည်း စစ်အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်။

ထိုသို့ အစိုးရက အင်တာနက် သုံးစွဲမှုနှင့်ပတ်သက်ပြီး တင်းကျပ်စွာ ပိတ်ဆို့ အရေးယူနေသော်လည်း လုံးဝ ပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း၊ ပိတ်ပင်လိုက်ပါက အင်တာနက် ဆိုင်များကို ထိခိုက်မည်ဖြစ်ပြီး အစိုးရဆက်သွယ် ရေး လုပ်ငန်း အကျိုးစီးပွားကိုလည်း ထိခိုက်နိုင်ကြောင်း အထက်ပါ ရန်ကုန် အင်တာနက်သုံးစွဲသူကပြောသည်။

“အခုက ဆိုင်တွေမှာက https နဲ့တော့ ဝင်နေကြတာပဲ၊ ဆိုင်အများစုက အဲဒီအတိုင်းသုံးနေကြတယ်၊ လုံးဝ ပိတ်လိုက်ဖို့ တော့မလွယ်ဘူး၊ ပိတ်မယ်လို့လည်း မထင်ဘူး၊ ပိတ်ရင်လည်း နည်းလမ်းထပ်ရှာကြမှာပဲ၊ ဂျီမေးလ် အပေါ် မှာလည်း မူတည်တယ်၊ ဂျီမေးလ်သုံးလို့မရရင် ဆိုင်တွေကို လူတွေက သွားမှာမဟုတ်ဘူး၊ ဂျီမေးလ် အတွက် တပေါက်တော့ ဖွင့်ထားပေးမယ်လို့ ထင်တယ်၊ အဓိကက အစိုးရကို ဆန့်ကျင်တဲ့ ဆိုက်တွေကို မကြည့် စေချင် တာလို့ ထင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

No comments: