မုန်တိုင်းအကြားမှ အသက်ရှင်သန် ကျန်ရစ်သူများသည် ပြီးခဲ့သည့် တလလုံးလုံး အခက်အခဲများ၊ အန္တရာယ်များ၊ ကြေကွဲ ဖွယ်ရာများကို အဆက်မပြတ် ကြံ့ကြံ့ခံ၍ တောက်လျှောက် ရင်ဆိုင်ရုန်းကန် နေခဲ့ကြရသည်။
မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မိသားစုဝင်များ၊ မိတ်ဆွေများ၊ အိုးအိမ်များ၊ အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသော၊ ထောင်ပေါင်းများစွာ အရေ အတွက်ရှိ သည့် လေဘေးဒုက္ခသည်များကို စစ်အစိုးရ အာဏာပိုင်များက သူတို့ ယာယီခိုလှုံနေထိုင်နေသည့် နေရာများမှ အတင်း အဓမ္မ ပြောင်းရွှေ့ရန် ခိုင်းစေနေပြန်သည်။ စစ်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မည်ဟု ဆိုလာသည့်နောက်ပိုင်း ဤကဲ့သို့ အဓမ္မပြောင်းရွှေ့စေမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သဘာဝကပ်ဘေးကြီး အပြီး လေးပတ်မြောက်ကာလတွင် မုန်တိုင်းကြောင့် အိုးအိမ်များဆုံးရှုံး၍ အခြေအနေမဲ့ဖြစ်သွား ခဲ့ရသည့် လူဦးရေသည် နှစ်သန်းနှင့် လေးသိန်းထက်မနည်း ရှိနေသည်ဟု ကုသလမဂ္ဂမှ ပြောဆိုခဲ့သည်။ ထိုသူအများစုမှာ အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများထံမှ အကူအညီများ မရရှိနိုင်ကြသေးပေ။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) မှ နောက်ဆုံးထုတ်ဝေခဲ့သော အစီရင်ခံစာအရ စားနပ်ရိက္ခာ ပြတ် လပ်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် တိုင်းပြည်များတွင် လုံခြုံရေး မတည်မငြိမ်ဖြစ်မှုများနှင့် ရင်ဆိုင်ရနိုင်သည် ဟု ဆိုထားသည်။ ရန်ကုန်တွင် ဆန်ဈေးနှုန်းနှစ်ဆ ခုန်တက်သွားခဲ့သည်။ ဆားဈေးနှုန်းသည်လည်း သုံးဆအထိ မြင့်တက် သွားခဲ့သည်။
ထိုကဲ့သို့အခြေအနေများကို ရင်ဆိုင်နေရသည့်အတွက် ကားလမ်းဘေးတလျှောက် လေဘေးဒုက္ခသည်များ တန်းစီ၍ ဖြတ်လာသော ကားများနှင့် ကုန်တင်ကားများထံမှ တောင်းရမ်းစားသောက် နေရသည်ကလည်း မဆန်းတော့။ ဤ အခြေ အနေတွင် တသီးပုဂ္ဂလအလှူရှင်များမှ ကားကြီး ကားငယ်များနှင့် စားရေရိက္ခာများတင်ဆောင်၍ အငတ်ဘေးကို ရင်ဆိုင် နေရသော လေဘေးဒုက္ခသည်များအား စတင်ကူညီလာခဲ့ကြသည်။
သို့သော်လည်း ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့်ပြဿနာများသည် မြန်မာစစ်အစိုးရ၏ ဦးစားပေး လုပ်ဆောင်ရမည့် စာရင်းထဲတွင် ထည့်သွင်းထားသည့် ကိစ္စများ မဟုတ်ပါ။
ပို၍ဆိုးသည့် အချက်ကတော့ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံလိုက်ရသည့် မြန်မာပြည်သူများသည် မည်သူ့ အကူအညီမှ မလိုဘဲ သူတို့ခြေထောက်ပေါ်တွင် သူတို့ရပ်နိုင်သည့် လူများဖြစ်သည်ဟု စစ်အစိုးရက ကြေညာခဲ့သေးသည်။
ကြေးမုံသတင်းစာအယ်ဒီတာ့အာဘော်တွင် ရေးသားဖေါ်ပြထားသည်ကတော့ "မြစ်ဝကျွန်းပေါ်မှ ပြည်သူများသည် နိုင်ငံခြားမှလှူဒါန်းသော ချောကလက်များ မလိုဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သော သူများဖြစ်သည်" ဟု ဆိုထားသည်။
စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရက်စက်၍ အကြင်နာကင်းမဲ့သူ ဖြစ်ကြောင်း ယခင်ကတည်းက သတင်းပြေးနေသူ ဖြစ်သည်။ ယခုတချိန်တွင်လည်း ဒုက္ခရောက်နေသော လူအများအား လူသားဆန်မှုကင်းမဲ့စွာ ကျော ခိုင်း၍ ပစ်ထားခဲ့လေသည်။
ရဲသားများ၊ စစ်သားများနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများသည် လမ်းများပေါ်တွင် ဂိတ်များဖွင့်၍ မြစ်ဝကျွန်းပေါ် သို့ အကူအညီပေးရန်သွားမည့် အလှူရှင်များ၏ ကားများကို ရပ်တန့် ရှာဖွေဟန့်တားခြင်းများ ပြုလုပ်လျှက် ရှိသည်။ စေတနာ့ ၀န်ထမ်းကူညီသူများကိုလည်း အလှူပစ္စည်းများပေးဝေရာတွင် စနစ်တကျမလုပ်ဆောင်ပါက အရေးယူမည်၊ ကားမောင်း လိုင်စင်များကို သိမ်းဆီးမည် အစရှိသဖြင့် ခြိမ်းခြောက်နေသေးသည်။
အကြင်နာကင်းမဲ့လှသော ဗိုလ်ချုပ်များသည် လေဘေးဒုက္ခသည် ပြည်သူများအား အထင်မြင်သေး နိမ့်ချ၍ ရှုမြင်နေ ကြောင်း ပို၍ပေါ်လွင်လာခဲ့သည်ကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။
မြန်မာစစ်အစိုးရအရာရှိတဦးက အလှူရှင်များအား ဤသို့ပြောကြားခဲ့သည်။ "လူတွေဟာ ဘယ်လို ထမင်းရှာစားရမယ် ဆိုတာ ကိုယ့်ဟာကိုယ် လေ့လာသင့်တယ်"။ "နိုင်ငံခြားသားတွေက ကျနော်တို့တိုင်းပြည်ကို သူတောင်းစား တိုင်းပြည်လို့ ထင်သွားမှာ စိုးရတယ်" ဟု ဆိုခဲ့သည်။
ဤသို့ဖြစ်ပျက်နေသည့်တချိန်တည်းမှာလည်း နိုင်ငံတကာမှအကူအညီများနှင့် ပတ်သက်၍ ကူညီစီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်မည့် အာဆီယံနှင့် ကုလသမဂ္ဂ၀န်ထန်းများသည် သက်တောင့်သက်သာရှိလှသော သူတို့၏ ရုံးခန်းများ အတွင်း မှ နေ၍ မြန်မာစစ်အာဏာပိုင်များ အလွဲလွဲ အမှားမှား လုပ်ဆောင်နေကြသည်များကို ထိုင်၍ကြည့်နေအားကြသည်။ ထိုသို့ အဓမ္မပြန်ပို့နေသည့် ကိစ္စများ ဆောင်ရွက်ခဲ့သည်မှာ ယခင်ရက်များက ဗီဇာဆိုင်းငံ့ထားခြင်း ခံထားနေရသော ကုလသမဂ္ဂ ၀န်ထမ်းများအား ဗီဇာထုတ်ပေးရန်အတွက် စစ်အစိုးရမှ သဘောတူလိုက်ပြီးသည့်နောက် ရက်အနည်းငယ်အကြာတွင် ဖြစ် သည်။
မုန်တိုင်းကြားမှ သက်ရှင်သန်ကျန်ရစ်သူများကား ဒုက္ခအတိနှင့် ပြည့်နှက်နေတော့သည်။ မြန်မာစစ်အာဏာပိုင်များက ထိုသက်ရှင်ကျန်ရစ်သူများကို မုန်တိုင်းကြောင့် မရှုမလှ ပျက်စီးသွားခဲ့ရသော ထိုသူတို့၏ ရွာများဘေးတွင် ပြန်လည်နေ ထိုင်ရန် ပို့ဆောင်နေသည်။ သို့သော် စားနပ်ရိက္ခာနှင့် သောက်ရေများ အကူအညီပေးခြင်းမရှိ။ လတ်တလော လုပ်ကိုင်စား သောက်ရမည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းဆိုတာကလည်း နတ္ထိ။ ထိုသူများ၏ အနာဂတ်မှာလည်း ပျောက်ဆုံးနေ ကြရတော့သည်။ ထို့အပြင် ပိုမိုငတ်မွတ်မှုများ၊ ရောဂါဘယများကလည်း ဆီးကြိုနေလျှက် ရှိသည်။
ပြီးခဲ့သော သောကြာနေ့တွင် မြန်မာစစ်အစိုးရက မီဒီယာများသို့ ရှာမှ ရှားသော ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကတော့ လူထုသည်ငတ်မွတ်ခေါင်းပါးနေခြင်း မရှိ။ ငတ်မွတ်ခြင်းသည် ပြဿနာမဟုတ်။ အဘယ်ကြောင့် ဆိုသော် လယ်သမားများသည် ချောင်းမြောင်းများအတွင်းမှ ဖား၊ ငါးနှင့် မှိုနတို၊ ကနဖော့ အစရှိသည့် ဟင်းရွက်များ ရှာဖွေ စားသောက်နိုင်သောကြောင့်ဟု ဆိုသည်။
ကုလသမဂ္ဂကတော့ မြန်မာစစ်အစိုးရ လူသတ်မှုကျူးလွန်ဖို့ ကြိုးစားနေသည်ကို လက်တင်ကုလားထိုင်ကြီးတွင် ထိုင်လျှက် က ကြည့်သာနေတော့သည်။
အကယ်၍ မုန်တိုင်းမှအသက်ရှင်ကျန်ရစ်သူများ ဖားများစား၍ နေနိုင်သည်ဆိုပါစို့။ ကုလသမဂ္ဂကြီးလည်း မိမိတံထွေးကို မိမိပြန်မြို၍ ကုလသမဂ္ဂသည် မြန်မာ့အရေးတွင် ကျရှုံးခဲ့ရကြောင်း ၀န်ခံဖို့တော့လိုသည်။ အကယ်၍ ကမ္ဘာ့အဖွဲ့ကြီး ဖြစ်သည့် ကုလသမဂ္ဂသည် မြန်မာစစ်အစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးမဆောင်ရွက်ပါက မြစ်ဝကျွန်းပေါ်မှ ပြည်သူများ ရောဂါဘယများနှင့် ဆက်လက်၍ ဒုက္ခရင်ဆိုင်နေရဖွယ်ရှိပြီး ဒုတိယအကြိမ် ကပ်ဘေးကြီးကို ထပ်မံကြုံတွေ့ ရဖွယ် ရှိနေပါတော့သည်။
ရဲနည် - ဧရာဝတီ
.
.
.
.
.
June 5, 2008
သည်အတိုင်းကြည့်နေပါက မြန်မာပြည် အခြေအနေ ပိုမိုဆိုးဝါးလာမည်
Subscribe to:
Post Comments (Atom)


No comments:
Post a Comment