နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များသည် မုန်တိုင်းတွင်း အသက်ဆုံးရှုံးခဲ့ကြသည့် သံယောဇဉ် ရှိသူများကို အမြင်စွဲကပ်နေကြပြီး ၎င်းတို့ဘ၀များ ပြန်လည်ထူထောင်ရန် ကြိုးစားနေချိန်တွင် နောက်ထပ် သဘာဝ ဘေးအန္တရာယ်များ ရောက်လာမလားဆိုသည့် ကြောက်လန့်စိတ်ဖြစ်နေ ကြကြောင်း ဆေးကုသကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ပြောကြားသည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခရောက်သူ (၂.၄) သန်းအနက် အတော်များများမှာ စားစရာ၊ အမိုးအကာနှင့် သောက်ရေသန့်တို့ အမြောက်အမြား လိုအပ်နေဆဲဖြစ်ပြီး ဒုက္ခသည်အများစုသည် ဆက်လက် အသက်ရှင်ချင်စိတ်များ ကုန်ခမ်းနေကြကြောင်း နယ်ခြားမဲ့ဆရာဝန်များအဖွဲ့(MSF) က ယမန်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
MSF အဖွဲ့မှ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တဦးဖြစ်သူ ကက်ဇ် ဒီ ဟွန်က နာဂစ်မုန်တိုင်း ဒဏ်ခံရသည့် ဒေသတွင် ၎င်းတို့ ဆေးပညာရှင်အဖွဲ့ဝင် (၄၃) ဦး သွားရောက်ကုသခဲ့ရာ ယင်း ဒုက္ခသည်များအနက် (၄၀) ရာနှုန်းတွင် စိတ်ကျန်းမာရေးထိခိုက်နေသည့် လက္ခဏာများ တွေ့ရသည်ဟု ပြောသည်။
“အရမ်း စိတ်ထိခိုက်ကြေကွဲနေသူတွေ၊ စိုးရိမ်ကြောင့်ကြဖြစ်နေသူတွေ၊ ညဘက် မအိပ်နိုင်သူတွေ ရှိတယ်။ အိပ်နေရင်းနဲ့ တခုခုဖြစ်လာမှာ စိုးရိမ်ပြီး လန့်လန့်နိုးကြတာ။ သူတို့ စိတ်တွေက မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အချိန်ကို ပြန်ရောက်နေကြတယ်။ မုန်တိုင်းထဲမှာ နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ ဆွေမျိုးတွေရဲ့ ပုံရိပ်တွေကို သူတို့အိပ်မက်ထဲမှာ ပြန်မြင်နေကြတယ်” ဟု ကက်ဇ်ဒီဟွန်က ပြောသည်။
ရွာများသို့ လျှံတက်နေသောရေများ ပြန်ကျသွားပြီး အရေးတကြီး စပါးစိုက်ရမည့်ရာသီ ရောက်ရှိ နေသောကြောင့် ယခုအချိန်သည် ပြန်လည်တည်ဆောက်ရေးအတွက် အားစိုက်လုပ်ရမည့် အရေးအကြီးဆုံးအချိန် ဖြစ်သော်လည်း ဒုက္ခသည်အများစုမှာ အလုပ်လုပ်ချင်စိတ် ကင်းမဲ့နေ ကြသည်ဟု ကက်ဇ်ဒီဟွန်က ပြောသည်။
မုန်တိုင်းအတွင်း မိသားစုဝင်များ သေဆုံးသွားခဲ့သည့် အမျိုးသမီးတယောက်က “ရှင်တို့ သိတဲ့ အတိုင်းပဲလေ၊ ကျမတို့တွေက ဆန်စပါးအတွက် စိတ်ပူနေကြတယ်။ ဒါပေမယ့် လူတွေ စားသောက်ချင်စိတ် ရှိရေးအတွက်လည်း ပူပန်ရတာပဲ။ ကျမဘ၀က ရှင်လည်းမထူးဘူး။ ကျမ မိသားစုဝင်တွေ အကုန်လုံး ဆုံးရှုံးခဲ့ရပြီ” ဟု ပြောကြောင်း ကက်ဇ်ဒီဟွန်က ပြောပြသည်။
၎င်းက “ဒီလိုဖြစ်တာက ပြဿနာ တစိတ်တပိုင်းပဲ ရှိသေးတယ်။ လက်တွေ့ဖြေရှင်းရမယ့်ပြဿနာ တော်တော်များများကို ဖြေရှင်းလို့ ရနိုင်တယ်ဗျ။ ဒါပေမယ့် အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့အတွက် လူတွေရဲ့ဘ၀တွေကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ သူတို့ကို ဖေးကူပေးဖို့လည်း လို
တယ်” ဟု ပြောသည်။
မိဘမဲ့ဖြစ်သွားသည့် ကလေးသူငယ်များနှင့် မိသားစုဝင်များ ဆုံးရှုံးသွားသည့် သက်ကြီးရွယ်အိုတို့ အဖြစ်မှာ ပိုမိုစိုးရိမ်ရသည့် အနေအထားဖြစ်နေပြီး ကလေးများမှာ ကစားချင်စိတ် ကင်းမဲ့နေကြ သည်ဟုလည်း ကက်ဇ်ဒီဟွန်က ပြောသည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် ယာယီဒုက္ခသည် စခန်းများတွင် စိတ်ကျန်းမာရေး အစီ အစဉ်များ ပြုလုပ်ပေးနေပြီး ဒေသအတွင်း သောကရောက်နေကြသူများ၏ စိတ်ကျန်းမာရေး ကောင်းမွန်လာစေရန် ကြိုးစားကူညီပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မေလ (၂-၃) ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းနာဂစ်ကြောင့် လူပေါင်း (၁၃၃,၀၀၀) ကျော် သေပျောက်ခဲ့ရသည်။
.
.
.
.
.
June 5, 2008
မုန်တိုင်းဒုက္ခသည်များ၏ စိတ်ကျန်းမာရေး စိုးရိမ်ဖွယ်
ဘယ်ကဏ္ဍကလည်းဆိုတော့....
အကြားအမြင်
Subscribe to:
Post Comments (Atom)


No comments:
Post a Comment